ပြီးခဲ့သည့်နှစ် တောင်ကိုရီယားတွင် သမ္မတ ထရမ့်နှင့် တွေ့ဆုံစဉ်အတွင်း တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် ၎င်းတို့နိုင်ငံ လက်ဝယ် ရှိနေသော ရှားပါး သတ္တု များအပေါ် ထိန်းချုပ်နိုင်မှုကို အသုံးချကာ အားသာချက်ရယူခဲ့သည်။ ထိုသို့ ပြတ်သားသည့် ရပ်တည်ချက်မျိုး ဖြင့် ထရမ့်ကို တနှစ်ကြာ ကုန်သွယ်ရေးစစ်ပွဲ ရပ်စဲရန် သဘောတူညီလာအောင် လုပ်နိုင်ခဲ့သည်။
ယခုအပတ်တွင် ဘီဂျင်း ၌ အမေရိကန်သမ္မတကို လက်ခံတွေ့ဆုံသည့်အခါ ရှီတွင် ကစားရန် နောက်ထပ် အစွမ်းထက်သည့် ဖဲချပ်တခု ရှိ နေပြန်သည်၊ ယင်း မှာ အီရန်စစ်ပွဲ ပင်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုက စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေချိန်တွင် ရှီကမူ ငြိမ်းချမ်းရေးအတွက် တိုက်တွန်းနှိုးဆော်နေပြီး အကျပ်အတည်းကို အဆုံးသတ်ရန် အကူအညီတောင်းခံလာကြသည့် ပင်လယ်ကွေ့ဒေသနှင့် ဥရောပမှ နိုင်ငံခြားသံတမန်များကို လက်ခံတွေ့ဆုံနေခဲ့သည်။ အမေရိကန်သမ္မတ၏ ခရီးစဉ်မတိုင်မီလေးတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီသည် ဘီဂျင်းသို့ ရောက်လာခဲ့သည်ကို ကြည့်မည် ဆိုက အရှေ့အလယ်ပိုင်းရှိ ၎င်း၏မိတ်ဖက်နိုင်ငံအပေါ် တရုတ်နိုင်ငံက မည်မျှအထိ သြဇာညောင်းသည်ဆိုသည်ကို သိသာထင်ရှားစွာ သတိပေးလိုက်ခြင်းပင် ဖြစ်သည်။
“အီရန်အရေးဟာ တကယ်တော့ တရုတ်နိုင်ငံအတွက် အထောက်အကူ ဖြစ်စေတယ်” ဟု ဘီဂျင်း ရှိ ချင်းဟွာတက္ကသိုလ်မှ ထင်ရှားသော စီးပွားရေးပညာရှင် လီတောက်လီ က ပြောခဲ့သည်။
၎င်း၏ အဆိုအရ တရုတ်နိုင်ငံသည် တီဟီရန် အပေါ် အရေးပါသော စီးပွားရေးဆိုင်ရာ လွှမ်းမိုးချုပ်ကိုင်မှု ရှိထားပြီး၊ ထိုအချက်ကို အသုံးချ၍ ၎င်းတို့ပိုင်နက်အဖြစ် ကြေညာထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းဖြစ်သော ထိုင်ဝမ် အရေး၌ အမေရိကန်ကို ဖယ်ထုတ်နိုင်ဖို့ ကြိုးပမ်းလာနိုင်သည်။
ကြာသပတေးနေ့တွင် စတင်မည့် ထိပ်သီးအစည်းအဝေးသို့ ရှီသည် ယုံကြည်မှု အပြည့်ဖြင့် တက်ရောက်လာ တော့မည် ဖြစ်သည်။ အိမ်ဖြူတော်အနေဖြင့်မူ အရေးယူပိတ်ဆို့ခံထားရသည့် အီရန်ရေနံကို အဓိကဝယ်ယူနေသော တရုတ်နိုင်ငံအား တီဟီရန်အပေါ် ထောက်ပံ့ကူညီမှုများ လျှော့ချရန် ဖိအားပေးနိုင်ဖို့ ကြိုးပမ်းမည် ဖြစ်သည်။
ပဋိပက္ခကို အဆုံးသတ်ရန် ကူညီပေးဖို့ တရုတ်နိုင်ငံတွင် အကြောင်း များ ရှိနေသည်။ စွမ်းအင်စျေးနှုန်းများ မြင့်တက်လာခြင်းက တရုတ်စီးပွားရေးကို ထိခိုက်စေသလို ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဖြစ်ပေါ်လာပါကလည်း ၎င်းတို့၏ စီးပွားရေးတိုးတက်မှု၏ အဓိကအင်ဂျင်ဖြစ်သော ပို့ကုန်ကဏ္ဍကို ထိခိုက်စေမည်ဖြစ်သည်။ တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် ရေနံသိုလှောင်မှုများ ရှိနေသော်လည်း အကန့်အသတ် နှင့်သာ ဖြစ်သည်။
တရုတ်နိုင်ငံသည် အီရန်အရာရှိများကို အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းရန် တိုက်တွန်းခဲ့သော်လည်း ၎င်းတို့အမြင်အရ စစ်ပွဲအတွင်း ပါဝင်ပတ်သက်မိသွားမည်ကို စိုးရိမ်လျက်ရှိသည်။ သို့သော်လည်း စစ်ရေးအရ ပါဝင်ပတ်သက်မည်မဟုတ်သည့်တိုင်အောင် တရုတ်နိုင်ငံသည် ဟော်မုဇ် ရေလက်ကြား ကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်မူ အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိနိုင်သည်။ ထိုရေလက်ကြားသည် တရုတ်နိုင်ငံ၏ ရေနံတင်သွင်းမှု ၄၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းသယ်ယူပို့ဆောင်နေရသော အဓိကပင်လယ်ရေကြောင်းလမ်း ဖြစ်သည်။
တရုတ်ဘက်က ‘ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ဖွင့်လှစ်ထားဖို့ အီရန်ကို အတူတကွ ဖျောင်းဖျကြမည်’ ဆိုသည့် သဘောတူညီချက်မျိုး အမေရိကန်နှင့် ရရှိနိုင်တယ်” ဟု ဒေါက်တာလီက ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စုအနေဖြင့် အဆိုပါ ရေကြောင်းလမ်းကို ပိတ်ဆို့ခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်း အာမခံချက်များကိုလည်း ဘီဂျင်း ဘက်က လိုလားဖွယ်ရှိသည်ဟု ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် ချေးငွေများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် စစ်ပြီးကာလ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကူညီပေးမည့် ကမ်းလှမ်းချက်များကဲ့သို့သော မက်လုံးမျိုးစုံပေး၍ အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရန် အီရန်ကို တိုက်တွန်းနိုင်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုကြသည်။သို့သော်လည်း တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်ရန် အီရန်အပေါ် ဖိအားပေးမည့်ပုံတော့ မပေါ်ပေ။
ရှီက ထရမ့်ထံမှ အလိုချင်ဆုံးအရာမှာ ထိုင်ဝမ် ပင် ဖြစ်သည်။ လက်နက်ရောင်းချမှုများကို ရွှေ့ဆိုင်းခြင်း သို့မဟုတ် လျှော့ချခြင်းဖြင့်ဖြစ်စေ၊ ဝါရှင်တန်အနေဖြင့် ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားခြင်းဖြင့်ဖြစ်စေ အမေရိကန်၏ ထိုင်ဝမ်အပေါ် ထောက်ခံအားပေးမှုကို လျော့ပါးသွားစေရန် ရှီက ကြိုးပမ်းနေခြင်းဖြစ်သည်။ ထရမ့်အစိုးရအဖွဲ့သည်လည်း ရှီကို အမျက်မထွက်စေရန်အတွက် ထိုင်ဝမ်သို့ ဒေါ်လာ ၁၃ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချမည့် အစီအစဉ်ကို ရွှေ့ဆိုင်းထားပြီး ဖြစ်သည်။
ထရမ့်က ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စကို တရုတ်နှင့် ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း ယခုအပတ်တွင် ထပ်မံပြောကြားခဲ့သည်။ အကယ်၍ သူသာ ထိုသို့လုပ်ဆောင်ခဲ့ပါက "အာမခံချက် ခြောက်ရပ်" ဟု လူသိများသည့် ကာလရှည်ကြာ ထားရှိခဲ့သော ကတိကဝတ်ကို ချိုးဖောက်ရာ ရောက်နိုင်ပါသည်။ ထိုအာမခံချက်များသည် အမေရိကန်-ထိုင်ဝမ် နှင့် အမေရိကန်-တရုတ် မူဝါဒများ၏ အဓိကမဏ္ဍိုင်တစ်ခုလည်း ဖြစ်သည်။ ရော်နယ်ရေဂင် လက်ထက် ၁၉၈၂ ခုနှစ်တွင် ထိုင်ဝမ်သမ္မတထံ ပေးပို့ခဲ့သော အဆိုပါအာမခံချက်များထဲမှ တစ်ချက်မှာ - ထိုင်ဝမ်သို့ လက်နက်မရောင်းချမီ ဘီဂျင်းနှင့် ကြိုတင်တိုင်ပင်ဆွေးနွေးခြင်း ပြုမည် မဟုတ်ဟု ယေဘုယျအားဖြင့် နားလည်ထားကြသည်။
မည်သို့သော ပုံစံမျိုး နှင့် ဖြစ်စေ ထရမ့်သည် ထိုကိစ္စကို ဆွေးနွေးပွဲ စားပွဲပေါ်သို့ တင်ပြလာခြင်းသည် ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့သည့် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒမှ သွေဖည်သွားခြင်း ဖြစ်နိုင်သကဲ့သို့ ရှီအတွက်လည်း အောင်ပွဲတစ်ခု ဖြစ်သွားနိုင်သည်။
တရုတ်နိုင်ငံရှိ ပိုမိုသဘောထားတင်းမာသော ပညာရှင်များအကြားတွင်မူ အီရန်စစ်ပွဲသည် အမေရိကန်၏ စစ်ရေးဆိုင်ရာ အားနည်းချက်ကို ဖော်ထုတ်ပြသလိုက်ခြင်းဖြစ်သည်ဟု ယူဆကြပြီး၊ ယင်းက ထိုင်ဝမ်အရေးကို ဖိအားပေးလုပ်ဆောင်ရန် ဘီဂျင်း အတွက် ပို၍ ယုံကြည်မှု ရှိလာ စေသည်။ အဆိုပါ ပဋိပက္ခအတွင်း အမေရိကန်ပြည်ထောင်စုသည် ၎င်း၏ စစ်အင်အားများကို အာရှဒေသမှ ဖယ်ထုတ်ပြောင်းရွှေ့ခဲ့ရပြီး သိုလှောင်ထားသည့် လက်နက်ခဲယမ်းများလည်း ကုန်ခန်းလု နီးပါး အခြေစိုက်ခဲ့သည်။
“အီရန် စစ်ပွဲကို ကြည့်ရင် ထိုင်ဝမ်အရေးကြောင့် တရုတ်နဲ့ဖြစ်လာမယ့် စစ်ပွဲကြီး မျိုးကို အမေရိကန်အနေနဲ့ ရေရှည်တောင့်ခံနိုင်စွမ်း မရှိဘူးဆိုတာ ရှင်းလင်းစွာ ညွှန်ပြနေပါတယ်" ဟု ရှန်ဟိုင်းရှိ ဖူတန်တက္ကသိုလ်မှ ထိပ်တန်း အမေရိကန်ရေးရာ ကျွမ်းကျင်ပညာရှင် ဝူရှင်းပေါ် က ပြောကြားခဲ့သည်။
ဘီဂျင်း အတွက်မူ ဤထိပ်သီးအစည်းအဝေးသည် တိကျသော လိုက်လျောမှုများ ရယူရန်ထက် စူပါပါဝါအင်အားကြီး နှစ်နိုင်ငံ မည်သို့မည်ပုံ ဆက်ဆံသင့်သည်ဆိုသည့် စည်းကမ်းချက်များကို အသစ်ပြန်လည် သတ်မှတ်ရန်အတွက် ပို၍ရည်ရွယ်ပုံရသည်။
ရှီသည် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သော မိမိတို့နိုင်ငံသည် ယခုအခါ အမေရိကန်နှင့် တန်းတူရည်တူဖြစ်ကြောင်း အသိအမှတ်ပြုမှုကို ရှာဖွေနေခြင်းဖြစ်သည်။ ထို့ပြင် ၎င်းကိုယ်တိုင်သည်လည်း တရုတ်နိုင်ငံ၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ထရမ့်နှင့် အဆင့်အတန်းတူညီသူ ဖြစ်ကြောင်း သက်သေပြလိုသည်။ ယင်းသည် ၂၀၁၂ ခုနှစ် အာဏာရလာကတည်းက ရှီ ကြိုးပမ်းလာခဲ့သည့်အရာဖြစ်ပြီး၊ တရုတ်အရာရှိများနှင့် လေ့လာဆန်းစစ်သူများက ထိုသို့သော နားလည်မှုမျိုးသည် အဆင်မပြေမှုများရှိနေစေကာမူ ထိန်းညှိထားနိုင်သည့် အတူယှဉ်တွဲနေထိုင်ရေး နှင့် ပိုမိုတည်ငြိမ်သော ဆက်ဆံရေးဆီသို့ ဦးတည်သွားစေနိုင်မည် ဖြစ်သည်ဟု ဆိုသည်။
အမေရိကန်ပြည်ထောင်စုသို့ ဖန်တနေးလ် မူးယစ်ဆေးဝါး စီးဝင်မှုကို ထိန်းချုပ်ပေးရန် ကူညီပေးရေးကဲ့သို့သော ၎င်းတို့အလေးထားသည့် ကိစ္စရပ်များတွင် ဘီဂျင်း ၏ အကူအညီကို တောင်းခံနေပြီး၊ တဖက်တွင်မူ တရုတ်ကုမ္ပဏီများကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခြင်းဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်အောင် တစ်ပြိုင်တည်း လုပ်ဆောင်နေခြင်းအပေါ် တရုတ် ဆင်ဟွာ သတင်းဌာနက ဝေဖန်ခဲ့သည်။
ယခု အချိန်တွင် အီရန်နှင့် ရုရှားနိုင်ငံတို့အပေါ် တရုတ်၏ ထောက်ခံအားပေးမှုများ၊ တရုတ်ကုမ္ပဏီများကို ခေတ်မီကွန်ပျူတာ ချစ်ပ်ပြားများနှင့် အခြားနည်းပညာများ ရရှိနိုင်မှုမှ ဖြတ်တောက်ထားသည့် အမေရိကန်၏ ပို့ကုန်ထိန်းချုပ်ကန့်သတ်မှုများနှင့် ပတ်သက်၍ နှစ်ဖက်အကြား သဘောထားကွဲလွဲမှုများ ရှိနေဆဲဖြစ်သည်။
တရုတ်နိုင်ငံသည် ပိုမိုတည်ငြိမ်သည့် အခြေအနေနှင့် ကုန်သွယ်ရေးစစ်ပွဲ ရပ်စဲထားမှုအား ဆက်လက်ထိန်းသိမ်းသွားရန်သာ လိုလားသည်။ ဆိုလိုသည်မှာ အခွန်တိုးမြှင့်ခြင်းများ၊ ပို့ကုန်ထိန်းချုပ်မှုများနှင့် ၎င်းတို့၏ ကုမ္ပဏီများအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံမပြုလုပ်ရန် ဖြစ်သည်။
“သူတို့က နောင်တချိန်မှာ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ပြန်လည်အားဖြည့်ပြင်ဆင်ဖို့ အချိန်နဲ့ အခွင့်အလမ်းကိုပဲ လိုချင်နေတာပါ” ဟု ဘီဂျင်း ရှိ ပညာရှင်များ၊ အရာရှိများနှင့် မကြာသေးမီက သွားရောက်တွေ့ဆုံခဲ့သည့် Eurasia Group ၏ တရုတ်ရေးရာညွှန်ကြားရေးမှူး အမန်ဒါရှောင် က ပြောကြားခဲ့သည်။
ဘီဂျင်း သည် ရှီ ပြောနေကျ နည်းပညာကဏ္ဍတွင်သာမက ကုန်သွယ်ရေးနှင့် သိပ္ပံကဏ္ဍတို့၌ပါ "နိုင်ငံတော်၏ ကိုယ်အားကိုယ်ကိုးနိုင်မှု" ကို တည်ဆောက်ခြင်းများကို လုပ်ဆောင်နေနှင့်ပြီး ဖြစ်သည်။
ဘီဂျင်း သည် ရန်စခံရပါက တုံ့ပြန်သွားမည်ဖြစ်ကြောင်းကိုလည်း လက်တွေ့ပြသခဲ့ပြီးဖြစ်သည်။ ဧပြီလအတွင်းက အီရန်ရေနံကို ဝယ်ယူခဲ့မှုကြောင့် တရုတ်ရေနံချက်စက်ရုံ တရုံ ကို ဝါရှင်တန်က အရေးယူပိတ်ဆို့မှု ပြုလုပ်ခဲ့ရာတွင် တရုတ်နိုင်ငံက ၎င်းတို့၏ ကုမ္ပဏီများကို ထိုပိတ်ဆို့မှုကို လိုက်နာခြင်းမပြုရန် အမိန့်ပေးခဲ့သည်။
သို့သော်လည်း အခြေအနေ ကောင်းများ ဖြစ်ပေါ် နိုင်ရန်အတွက် တရုတ်နိုင်ငံသည် ဘိုးအင်း လေယာဉ်များ၊ အမေရိကန် ပဲပုပ်နှင့် အမေရိကန် အမဲသားများကို ဝယ်ယူရန် ကတိပြုကောင်း ပြုနိုင်သည်။
“တရုတ်တွေအတွက်တော့ ဒါဟာ တည်ငြိမ်မှုရဖို့အတွက် ပေးရကျိုးနပ်တဲ့ တန်ဖိုး တခုပါပဲ” ဟု မစ္စတာရှောင်က ပြောကြားခဲ့သည်။
(၂၀၂၆ မေ ၁၃ နယူးယောက် တိုင်းမ် သတင်းစာပါ "Why Xi Doesn’t Need a Deal With Trump" ဆောင်းပါး မှ ကောက်နှုတ် တင်ပြသည်။)