ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ(21)

by Hla Soewai - May 18 2026

ကျေးလက် ဒေသ များ၏ ထိုးဖောက် ထွက်လာနိုင်မှု

 

တရုတ်ကွန်မြူနစ်ပါတီ (CCP) ခေါင်းဆောင်များသည် ၁၉၇၉ ခုနှစ်တွင် မော်စီတုန်း၏ လူတန်းစားတိုက်ပွဲဝါဒမှ စီးပွားရေးခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်သို့ ပြောင်းလဲရန် ခြေလှမ်းပြင်ကြသောအခါ ၎င်းတို့ရင်ဆိုင်ခဲ့ရသည့် မဟာဗျူဟာမြောက် ရွေးချယ်ဖို့ ရှိလာရသည်က "စီးပွားရေးပြုပြင်ပြောင်းလဲမှုကို မည်သည့်နေရာမှ စတင်ရမည်နည်း" ဆိုသည့်အချက် ဖြစ်သည်။

 

ထိုအချိန်က တရုတ်နိုင်ငံ၏ စီးပွားရေးပုံသဏ္ဌာန်သည် လူဦးရေနှင့် ထုတ်ကုန်ထွက်ရှိမှုတို့အကြား ပြင်းထန်စွာ ကမောက်ကမ ဖြစ်နေခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် တရုတ်လူဦးရေ၏ ၈၂ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင် ရှိနေသော်လည်း စီးပွားရေးထုတ်ကုန် ကဏ္ဍတွင် ကျေးလက်၏ ပါဝင်မှုမှာ ၂၈ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ 

 

တနည်းအားဖြင့်ဆိုရသော် တရုတ်နိုင်ငံသည် မြို့ပြဖြစ်ထွန်းမှု အားနည်းနေသော်လည်း စက်မှုကဏ္ဍမှာမူ အလွန်မြင့်မားနေခဲ့သည် (၁၉၇၈ ခုနှစ်တွင် စက်မှုကဏ္ဍမှ ထုတ်ကုန်ထွက်ရှိမှုမှာ ၄၈ ရာခိုင်နှုန်း ရှိသည်)။

 

စီးပွားရေးရှုထောင့်မှကြည့်လျှင် စီးပွားရေး ကုန်ထုတ် လုပ်ငန်းတွင် အဓိကအကျဆုံးဖြစ်သော စက်မှုကဏ္ဍကို ပြုပြင်ပြောင်းလဲခြင်းကသာ ပိုမိုမြန်ဆန်ပြီး ကောင်းမွန်သော ရလဒ်များကို ရရှိစေမည်ဟု ယူဆစရာ ဖြစ်လာသည်။

 

သို့သော်လည်း တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် မြို့ပြစက်မှုကဏ္ဍမှ စတင်ခဲ့ခြင်းမဟုတ်ဘဲ ဆင်းရဲနွမ်းပါးလှသော ကျေးလက်ဒေသများမှသာ စတင်ခဲ့ခြင်းဖြစ်သည်။ မြို့ပြကိုအခြေခံသည့် စက်မှုကဏ္ဍကို ပြုပြင်ပြောင်းလဲခြင်းသည် လုပ်ဆောင်ချက်ကို ပိုမိုတိုးတက်စေပြီး ထိရောက်သောရလဒ်များ မြန်မြန်ဆန်ဆန် ထွက်ပေါ်လာစေလိမ့်မည်ဟု ထင်ရသော်လည်း၊ နိုင်ငံပိုင်လုပ်ငန်း (SOE) များ ကြီးစိုးထားသည့် စက်မှုကဏ္ဍတွင်မူ ပြုပြင်ပြောင်းလဲမှုအပေါ် နိုင်ငံရေးအရ ခုခံတွန်းလှန်မှုများက အလွန်အားကောင်းနေခဲ့သည်။

 

နည်းပညာပိုင်းအရ ကြည့်လျှင်လည်း စက်မှုကဏ္ဍပြုပြင်ပြောင်းလဲရေးသည် များစွာ ရှုပ်ထွေး နေပြန် သည်။ ၎င်းတွင် ကုမ္ပဏီစီမံခန့်ခွဲမှုနှင့် ပိုင်ဆိုင်မှုပုံစံများကို ပြောင်းလဲရမည် သာမက ကုန်ဈေးနှုန်းများ၊ ဘဏ္ဍာရေးဈေးကွက်များနှင့် လူမှုဖူလုံရေးကွန်ရက်များကဲ့သို့သော ဆက်စပ်နေသည့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အားလုံးကိုပါ လုပ်ဆောင်ရန် လိုအပ်သောကြောင့် ဖြစ်သည်။

 

အကယ်၍ နိုင်ငံရေးအရ ကန့်ကွက်မှုများနှင့် နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုများကြောင့် ကျေးလက်ပြုပြင်ပြောင်းလဲရေးသည် စက်မှုကဏ္ဍပြုပြင်ပြောင်းလဲရေးထက် ပိုမိုဆွဲဆောင်မှုရှိနေခဲ့လျှင်၊ ပါတီထိပ်တန်းခေါင်းဆောင်များသည် ၁၉၇၉ ခုနှစ် သို့မဟုတ် ၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ဤလမ်းစဉ်ကို တက်ကြွစွာ ဖော်ဆောင် နိုင်မည် ဖြစ်သော်လည်း တကယ်တမ်း တွင် ထိုသို့ ဖြစ်မလာခဲ့ကြပေ။

 

အမှန်စင်စစ် ကျေးလက် ပြုပြင်ပြောင်းလဲရေးသည် နှစ်ရှည်လများ ဆင်းရဲဒုက္ခခံခဲ့ရသော လယ်သမားများက အောက်ခြေမှ စတင်တွန်းအားပေးခဲ့သည့် တော်လှန်ရေးတခုသာ ဖြစ်သည်။ ထိုပြုပြင်ပြောင်းလဲရေး အစောပိုင်းကာလများတွင် အန်ဟွီ ပြည်နယ်မှ ဝမ်လီ နှင့် စီချွမ်း ပြည်နယ်မှ ကျောက်ကျီယန် ကဲ့သို့သော ပြည်နယ်အဆင့် ပါတီခေါင်းဆောင် အနည်းငယ်၏ ထောက်ခံမှုကိုသာ ရရှိခဲ့သည်။

 

အမှန်တကယ်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ၁၉၇၉ ခုနှစ် စက်တင်ဘာလတွင် ကျေးလက်မူဝါဒ ညွှန်ကြားချက်တခု ထုတ်ပြန်ခဲ့ပြီး၊ စုပေါင်းပိုင်ဆိုင်မှုစနစ်ကို ဖျက်သိမ်းခြင်း ကို ပြတ်ပြတ်သားသား တားမြစ်ခဲ့သည်။ ကျေးလက်ပြုပြင်ပြောင်းလဲရေးကို ကန့်ကွက်သူများထဲတွင် ထိုစဉ်က အမည်ခံ ပါတီဥက္ကဋ္ဌဖြစ်သူ ဟွကိုဖုန်း ၊ ၁၉၈၀ ပြည့်လွန်နှစ်များတစ်လျှောက် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အစဉ်တစိုက် ဆန့်ကျင်ခဲ့သည့် သဘောထားတင်းမာသူ နှစ်ဦးဖြစ်သော လီရှန်းနင့် နှင့် ဟူချောင်မူ တို့အပြင် ပြည်နယ်အဆင့် ပါတီအကြီးအကဲ အမြောက်အမြား ပါဝင်သည်။

 

ရှေးရိုးစွဲဝါဒီခေါင်းဆောင် ချန်ယွန်း မှာမူ ကြားနေအဖြစ် ရှိနေခဲ့သည်။ ထိပ်တန်းခေါင်းဆောင်များထဲတွင် ဟူယောင်ပန်း မှာ ကျေးလက်ပြုပြင်ပြောင်းလဲရေးကို အစအဆုံး အားတက်သရော အထောက်ခံဆုံးသူ ဖြစ်သည်။ တိန့်ရှောင်ဖိန် သည် စိုက်ပျိုးရေးကဏ္ဍတွင် စုပေါင်းပိုင်ဆိုင်မှုစနစ်ကို ထိရောက်စွာ ဖျက်သိမ်းပေးလိုက်သည့် “အိမ်ထောင်စုအလိုက် တာဝန်ခံမှုစနစ်" Household Responsibility System ကို ထောက်ခံခဲ့သော်လည်း၊ ၁၉၈၀ ပြည့်နှစ် မေလအထိ လူသိရှင်ကြား ထောက်ခံခြင်း မပြုခဲ့ပေ။ 

 

ကျောက်ကျီယန်၏ အဆိုအရ တိန့်ရှောင်ဖိန်၏ တိတ်တဆိတ် ထောက်ခံမှုမှာ ကျေးလက်ပြုပြင်ပြောင်းလဲရေး အောင်မြင်မှုအတွက် အလွန်အရေးကြီးခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ထိုထောက်ခံမှုကြောင့် ပါတီထိပ်တန်းအလွှာများကြား တညီတညွတ်တည်း မကန့်ကွက် နိုင်အောင် တားဆီးနိုင်ခဲ့သောကြောင့် ဖြစ်သည်။ ပါတီအနေဖြင့် “အိမ်ထောင်စုအလိုက် တာဝန်ခံမှုစနစ်” ကို ၁၉၈၂ ခုနှစ် အစောပိုင်းကျမှသာ တရားဝင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

 

၁၉၇၈ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၈၂ ခုနှစ်၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြီးစီးခဲ့သည့် စိုက်ပျိုးရေးကဏ္ဍတွင် စုပေါင်းပိုင်ဆိုင်မှုစနစ်ကို ဖျက်သိမ်းနိုင်ခဲ့သည့် အရှိန်အဟုန်နှင့် အတိုင်းအတာကို ကြည့်မည်ဆို ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲရေးသည် အရေးပါဆုံးသော စီးပွားရေးကဏ္ဍတစ်ခုအတွင်း "အရှိန်အဟုန်ပြင်းစွာ တစ်ဟုန်ထိုး ပြောင်းလဲမှု" ဟု သတ်မှတ်သင့်သည်။

 

မော်စီတုန်း အလွန် တရုတ်ပြည်၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို "တဖြည်းဖြည်းချင်း ပြောင်းလဲမှု" အဖြစ် သတ်မှတ်လေ့ရှိသော်လည်း၊ လက်တွေ့တွင်မူ တရုတ်နိုင်ငံသည် "တဟုန်ထိုး ပြောင်းလဲမှု" နှင့် "တဖြည်းဖြည်းချင်း ပြောင်းလဲမှု" လမ်းစဉ်နှစ်ရပ်လုံးကို တွေ့ကြုံခဲ့ရခြင်း ဖြစ်သည်။

 

တရုတ်ပြည်၏ စိုက်ပျိုးရေးပြုပြင်ပြောင်းလဲမှုတွင် တဟုန်ထိုးပြောင်းလဲသည့် လမ်းစဉ်ကို ကျင့်သုံးနိုင်ခဲ့ပြီး အောင်မြင်မှုရခဲ့ခြင်းမှာ ကျေးလက်ဒေသများ၌ နိုင်ငံတော်-ဆိုရှယ်လစ်စနစ်သည် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခြင်း မရှိသေးသည့်အပြင်၊ စုပေါင်းစိုက်ပျိုးရေးစနစ်ကြောင့် ကျေးလက်လူထု တရပ်လုံးနီးပါး ဆင်းရဲဒုက္ခ ခံစားခဲ့ရသောကြောင့် ဖြစ်သည်။

 

ယင်းနှင့် နှိုင်းယှဉ်လျှင် စက်မှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင်မူ ထိပ်ပိုင်းခေါင်းဆောင်များ၏ ပြင်းထန်သော နိုင်ငံရေးအရ ကန့်ကွက်မှုများ၊ ဗဟိုမှ ထိန်းချုပ်သည့် စီးပွားရေးစနစ် မှ အကျိုးအမြတ်ရနေသည့် အစုအဖွဲ့များ (စီမံကိန်းရေးဆွဲသူများ၊ မန်နေဂျာများနှင့် နိုင်ငံပိုင်လုပ်ငန်းများမှ အလုပ်သမားများ) နှင့် စက်မှုကဏ္ဍ ပြုပြင်ပြောင်းလဲရာတွင် ကြုံတွေ့ရသည့် နည်းပညာပိုင်းဆိုင်ရာ ခက်ခဲမှုများကြောင့် တရုတ်နိုင်ငံအနေဖြင့် ဤကဏ္ဍတွင် ပိုမိုသတိကြီးစွာထားပြီး "တဆင့်ပြီးတဆင့် သွားသည့်လမ်းစဉ်" ကို ကျင့်သုံးရန် ဖိအားပေးခြင်း ခံခဲ့ရသည်။

 

စုပေါင်းစိုက်ပျိုးရေးစနစ် ကို အဆုံးသတ်လိုက်ခြင်း ကြောင့် ကုန်ထုတ်လုပ်မှုစွမ်းအားသည် ချက်ချင်းဆိုသလို မြင့်တက်လာခဲ့သည်။ ၁၉၇၉ ခုနှစ်မှ ၁၉၈၄ ခုနှစ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ထုတ်ကုန်တန်ဖိုးမှာ ပုံသေဈေးနှုန်းများအရ ပျမ်းမျှအားဖြင့် တနှစ်လျှင် ၈.၇ ရာခိုင်နှုန်းစီ တိုးတက်လာခဲ့သည်။ ပညာရပ်ဆိုင်ရာ လေ့လာမှုများအရ— မော်စီတုန်းခေတ်က ကျင့်သုံးခဲ့သော "ပြည်သူ့ကွန်မြူးစနစ်" (People’s Communes) များနေရာတွင် "တပိုင်တနိုင် အိမ်ထောင်စုအလိုက် လယ်ယာစိုက်ပျိုးရေးစနစ်" (Household Farming) ဖြင့် အစားထိုးလိုက်သည့် လက်ကုန်နှိုက် ပြောင်းလဲခဲ့မှုသည် ထိုကာလအတွင်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်မှုနှုန်း၏ အနည်းဆုံး ထက်ဝက်ခန့်ကို အထောက်အကူပြုခဲ့ကြောင်း ပြသနေသည်။

 

၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ကျေးလက်ဒေသ၌ ရရှိခဲ့သည့် ထိုအောင်မြင်မှုသည် တိန့်ရှောင်ဖိန် ၏ ပြုပြင်ပြောင်းလဲရေးအတွက် ကြီးမားပြီး အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ စိုက်ပျိုးရေးကဏ္ဍတွင် စုပေါင်းလုပ်ကိုင်မှုစနစ်ကို ဖျက်သိမ်းလိုက်ခြင်းကြောင့် ထုတ်လုပ်မှုစွမ်းအားနှင့် လူနေမှုအဆင့်အတန်း လျင်မြန်စွာ မြင့်မားလာခြင်းသည် ပြုပြင်ပြောင်းလဲရေးသမားများအတွက် အဖိုးတန်သော "နိုင်ငံရေးအရ အားသာချက်" တရပ်ကို ဖန်တီးပေးခဲ့သည်။ အကြောင်းမှာ ၁၉၇၈ ခုနှစ်မှ ၁၉၈၅ ခုနှစ်အတွင်း ကျေးလက်နေပြည်သူ တဦးချင်းစီ၏ အမှန်တကယ်ဝင်ငွေမှာ သုံးဆခန့် တိုးတက်လာခဲ့သောကြောင့် ဖြစ်သည်။

 

ကျေးလက်ကဏ္ဍတွင် ရရှိခဲ့သည့် အစောပိုင်း ပြုပြင်ပြောင်းလဲရေး အောင်မြင်မှု၏ နိုင်ငံရေးအကျိုးကျေးဇူးများကို တိန့်ရှောင်ဖိန်လောက် ထဲထဲဝင်ဝင် သဘောပေါက်သူ အနည်းငယ်သာ ရှိခဲ့သည်။ ဤသည်ကို ၎င်း၏ ၁၉၈၅ ခုနှစ်တွင် ပြောကြားခဲ့သည့် မိန့်ခွန်း တွင် အတိုင်းသား တွေ့လာခဲ့ရသည်။

“ကျွန်ုပ်တို့၏ ပြည်တွင်းစီးပွားရေး ဦးမော့ လာစေရန် ကျေးလက်ဒေသမှ စတင်ရမည်။ တရုတ်နိုင်ငံ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် ရှိနေသည်။ တရုတ်လူ့အဖွဲ့အစည်း တည်ငြိမ်နိုင်ပါ့မလား၊ တရုတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်ပါ့မလား ဆိုသည်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်လာနိုင်မှုနှင့် လယ်သမားများ၏ လူနေမှုဘဝ တိုးတက်လာနိုင်မှုအပေါ်၌သာ မူတည်နေသည်။”

 

 ပြည်သူ့ကွန်မြူး များ၏ ထိန်းချုပ်မှုအောက်မှ လယ်သမားများကို လွတ်မြောက်စေခြင်းသည် ပုဂ္ဂလိကကဏ္ဍကို ဖန်တီးရာတွင် ပထမဆုံး နှင့် အရေးကြီးဆုံး ခြေလှမ်း ဖြစ်ခဲ့သည်။ ထိုပုဂ္ဂလိကကဏ္ဍသည်ပင်လျှင် နောက်ပိုင်းတွင် စီးပွားရေးတိုးတက်မှုအတွက် အားအကောင်းဆုံး မောင်းနှင်အား ဖြစ်လာခဲ့သည်။

 

စုပေါင်းလယ်ယာစနစ် ဖျက်သိမ်းခြင်း နှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ဆက်နွှယ်မှုကို နောက်ပိုင်းမှသာ သိသာထင်ရှားစွာ ပြန်လည်မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။ အမှန်စင်စစ်တွင်မူ မော်စီတုန်း အလွန်ခေတ် ကျေးလက်ဒေသ၌ ပုဂ္ဂလိကကဏ္ဍ ပေါ်ထွန်းလာခြင်းသည် အောင်မြင်သော ကျေးလက်ပြုပြင်ပြောင်းလဲရေး၏ ရှောင်လွဲမရသော ရလဒ်တခုပင် ဖြစ်သည်။

 

ထုတ်လုပ်မှုစွမ်းအားနှင့် ထွက်ကုန်များ တိုးတက်လာခြင်းကြောင့် အလုပ်သမား အင်အားအမြောက်အမြားကို အခြားကဏ္ဍများတွင် အသုံးပြုနိုင်ရန် လွတ်လပ်ခွင့်ပေးသကဲ့သို့ ဖြစ်စေခဲ့ပြီး၊ လယ်သမားများအနေဖြင့် စိုက်ပျိုးရေးမဟုတ်သော အခြားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် စုဆောင်းငွေများ ရရှိလာစေခဲ့သည်။ ထို့ကြောင့် အစပျိုးလာသော ပုဂ္ဂလိကကဏ္ဍတစ်ခုအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအချက်နှစ်ချက်ဖြစ်သော "လုပ်ငန်းရှင်များ" နှင့် "အရင်းအနှီး" တို့ကို ဖန်တီးပေးနိုင်ခဲ့လေသည်။

 

ပြည်သူ့ကွန်မြူး စနစ် များ ပြိုကွဲသွားခြင်းသည် ကျေးလက်ဒေသရှိ စီးပွားရေးလုပ်ငန်းရှင်များအတွက် မမျှော်လင့်ထားသော အခွင့်အလမ်းသစ်များကို ပွင့်သွားစေခဲ့သည်။ အကြောင်းမှာ အဆိုပါ ကွန်မြူးများသည် "ရှေ့သို့ အရှိန်အဟုန်ဖြင့် ခုန်ပျံကျော်လွှားခြင်း" (Great Leap Forward - ၁၉၅၈ မှ ၁၉၅၉) ကာလနှင့် "ယဉ်ကျေးမှုတော်လှန်ရေး" အတွင်းရှိ စိုက်ပျိုးရေး ကဏ္ဍကို စက်မှုအသွင်ပြောင်းလဲရေး လှုပ်ရှားမှုများတွင် စက်မှုလုပ်ငန်းများ တွင် အသုံးချ နိုင်သော ပိုင်ဆိုင်မှု အမြောက်အမြားကို စုဆောင်းထားနိုင်ခဲ့သောကြောင့် ဖြစ်သည်။

 

ကွန်မြူစနစ်များ ပျောက်ကွယ်သွားပြီးနောက်— ထိုပိုင်ဆိုင်မှုအချို့ကို (အများအားဖြင့် ငှားရမ်းခြင်းစနစ်ဖြင့်) ပုဂ္ဂလိကပိုင် အဖြစ်သို့ ထိရောက်စွာ ပြောင်းလဲနိုင်ခဲ့သည်။

 

အခြားပိုင်ဆိုင်မှုများကိုမူ မြို့နယ်နှင့် ကျေးရွာအစိုးရများက နာမည်ခံ ဖွဲ့စည်းလိုက်သော "စုပေါင်းပိုင်လုပ်ငန်းများ" ထံသို့ လွှဲပြောင်းပေးခဲ့သည်။ ဤကဲ့သို့သော ဖွံ့ဖြိုးတိုးတက်မှုများသည် တရုတ်နိုင်ငံ၏ မြို့နယ်နှင့် ကျေးရွာလုပ်ငန်းများ (TVEs) အတွက် စောစီးစွာ အုတ်မြစ်ချပေးခဲ့ခြင်းပင် ဖြစ်သည်။