မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဌာန မှ “နိုင်ငံတွင်း ဖြစ်ပျက်နေသော အပြုသဘောဆောင်သော ဖြစ်ပြောင်းမှုများကို အာဆီယံ အဖွဲ့ဝင်နိုင်ငံ အများစုက ကောင်းမွန်စွာ အသိအမှတ်ပြုထားသော်လည်း အဖွဲ့ဝင်နိုင်ငံ အနည်းငယ်က ကန့်သတ်ချက်များ၊ ခွဲခြားဆက်ဆံ နေမှု များကို ဆက်လက်ထိန်းသိမ်းထားပြီး မြန်မာအစိုးရကို တန်းတူ ကိုယ်စားပြုမှုမှ ပယ်ထုတ်ခြင်းကိုလည်း ဆက်လက်လုပ်ဆောင်နေကြောင်း တွေ့ရှိရသည်။
အစိုးရသစ် နှင့် ထိတွေ့ဆက်ဆံမှု မရှိခြင်း” သည် “ဒီမိုကရေစီ အခွင့်အရေးများကို ကျင့်သုံးခဲ့ကြသော မြန်မာပြည်သူများ၏ စစ်မှန်သော ဆန္ဒကို လျစ်လျူရှုခြင်း” ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဤသည်ကပင် မင်းအောင်လှိုင်၏ အဖြစ် သည် ရွေးကောက်ပွဲကို ငွေကုန်ကြေးကျ ခံ လုပ်လာခဲ့သော်လည်း ဒုံရင်း က ဒုံရင်း အဖြစ် မှ တက်မလာ၍ ပေါက်ကွဲ သံစဉ် များ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။
၎င်း တဦးတည်း သဘော ဆိုက အရှက်ကို ဘေးချိတ်ထားသူ ပီပီ မည်သို့မျှ ခံစားရမည် မဟုတ်သော်လည်း ၎င်းကို အထင်တကြီး ရှိနေကြသောနောက်လိုက်များ အကြားတွင်တော့ နိုင်ငံရေး အရ ရော၊ ဂုဏ်သိက္ခာအရ ပါ ထိခိုက်နာကျင်စရာ ဖြစ်သွားခဲ့ရပေပြီ။
နိုင်ငံတကာ တွင် “အရပ်သား အစိုးရ” ဟန်ဆောင်ပြီး တရားဝင် အစိုးရ ဖြစ်လာပါက အာဆီယံလည်း ဘာမှ မတတ်နိုင် ဆက်ဆံလာကြမည်၊ ဖိအားများလျှော့ကျပြီး အမေရိကန် နှင့်ပင် ဆက်ဆံရေး ပြန် ကောင်းလာပြီး တရုတ်၏ ဂုတ်ခွစီး ခံနေရသည့် အဖြစ်မှ အထိုက်အ လျောက် ပြေလျော့နိုင်သည်၊ ပြည်ပ ရင်းနှီးမြုပ်နှံမှုများလည်း ပြန် ရလာနိုင်သည်ဟု မက်လုံး ပေး၍ သမ္မတ ရာထူးကို မရမက ယူလာခဲ့သူ ဖြစ်သည်။
၎င်းကလည်း သမ္မတကြီး ဦးဝင်းမြင့်ကို ဟန်ပြ လွှတ်ပေးခြင်း၊ နိုင်ငံတော် အတိုင်ပင်ခံကို နေရာ ပြောင်း ပေးခြင်း များ ဖြင့် ကြိုးစားပြခဲ့ရှာသည်။
ထိုသို့ နိုင်ငံတကာ အသိုင်းအဝိုင်း၌ တရားဝင်မှု ရရှိရန် ဦးဆောင် ကြိုးပမ်းနေသော်ငြားလည်း ၎င်းအား အိမ်နီးချင်း နိုင်ငံများက တန်းတူ မဆက်ဆံကြခြင်း၊ အစည်းအဝေး ခုံတန်း နောက်ဆုံး သို့မဟုတ် လုံးဝ မပါဝင်ရခြင်းက သူ့ အာဏာ နှင့် လုံခြုံမှုကို ထိခိုက်စေသည်။ အထူးသဖြင့် ရွေးကောက်ပွဲ ကျင်းပပြီး “အရပ်သား အစိုးရ” ဟု မိမိကိုယ်ကို ပုံဖော်နေချိန်တွင် ယခုလို ပယ်ထုတ်ခံလိုက်ရမှုက ပို၍ပင် ထိခိုက်သွားခဲ့ရသည်။ မင်းအောင်လှိုင် အဖို့က သမ္မတ စစ်စစ် ဖြစ်မလာဘဲ လူထု က ပေးထားသော "လှိုင်သာယာ မင်းသားကြီး" ဘွဲ့ နှင့် ကျေနပ်ရမလို ဖြစ်နေသည်။
အထက်တွင် ပြောခဲ့သလို ၎င်းက ကျေနပ်ကောင်း ကျေနပ် နိုင် သော်လည်း ကြံ့ဖွတ် ပါတီ ကတော့ ထင်တိုင်းမပေါက်၊ လိမ်ညာ ခံလိုက်ရသလို ခံစားနေကြရပြီ ဖြစ်သည်။ ၎င်းတို့ အဖို့က မင်းအောင်လှိုင် အလိုကျ လွှတ်တော်ဥက္ကဌ ဆိုကာ ဝတ်ရုံနက်ကြီး ခြုံပြီး အစည်းအဝေး တွင် သွား ထိုင်ပေးခဲ့ရယုံ၊ ဝန်ကြီး ရာထူး များအားလည်း အရေးမပါသော နေရာ သုံးလေးနေရာ လောက်ကို ဦးသိန်းစိန် လက်ထက် သက်ကြားအို များကိုသာ ခွဲဝေ ပေးခဲ့သည်များ နှင့် ရောင့်ရဲ တင်းတိမ်ခဲ့ကြရသည် မဟုတ်ပါလား။
နိုင်ငံခြားရေး ဌာန ၏ ကြေညာချက်တွင် "မြန်မာပြည်သူများ၏ စစ်မှန်သော ဆန္ဒကို လျစ်လျူရှုခြင်း" ဟု ပါရှိသည်။ တကယ်တမ်း ပြောကြေး ဆို က ပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုပြီး နိုင့်ထက်စီးနင်း လုပ်သွားသည်က မင်းအောင်လှိုင်သာ ဖြစ်သည်ဟု ၎င်းတို့ စိတ်ထဲတွင် တွေးစရာ ဖြစ်လာသည်၊ လူထုက ယုံယုံကြည်ကြည် နှင့် မိမိတို့ကို ရွေးချယ် တင်မြှောက်လိုက်သည်ကို မင်းအောင်လှိုင်လက်ထဲ ထိုးအပ်ရက်သည်ဟု လူထု က မထင်ကြပေဘူးလော။ တကယ်တမ်းတွင် ထိုသို့ ရည်ရွယ်ချက် ဖြင့် မဲ ပေး ရွေးချယ်ခဲ့ကြသူများလည်း ရှိကောင်း ရှိနိုင်ပေသည်။
၎င်းတို့ သဘောနှင့် ၎င်း တို့ အုပ်ချုပ်ခွင့်ရမည် ဆိုလျင် ဦးသိန်းစိန်၏ ဩဝါဒ ခံယူ ပြီး လူထု အကြိုက် ပြုပြင်ပြောင်းလဲရေး များကို သကြားကျွေး နိုင်စရာ များ များစွာ ရှိနေသည်ကို မမြင်ပဲ နေကြမည် မဟုတ်။
ဥပမာ ဓါတ်ဆီကို ခွဲတမ်းဖြင့် ရောင်းနေရသည်မှာ အဆင်ပြေလာ၍ စုံ-မ စနစ် ဖြင့် သွားလာနေရသည်ကို ဖျက်သိမ်းပစ်ခြင်း၊ ဖေ့စ်ဘုတ်ကို ပိတ်ပင်ထားခြင်းသည် မည်သို့မျှ မထိရောက်၍ VPN ခံစရာ မလို အောင် အရင်ကလို ပြန်၍ ခွင့်ပြုခြင်း၊ ပြည်ပ ထွက်ခွာလိုသူများ၊ ခေတ္တ အလည် ပြန်လာသူများကို သတ်မှတ်ထားသော အခွန်ပေးဆောင်ပြီးပါက အကန့်အသတ် မရှိ ခွင့် ပြုပေးခြင်း တို့ ဖြစ်သည်။ ရန်ကုန် မြို့နေ တဦး အဆိုအရ ပြန်လာသူများကို စည်းကမ်းချက် အမျိုးမျိုး ထုတ်ပြန်နေသဖြင့် မိသားစုများ က ထိုင်းသို့ သွားပြီး တွေ့နေကြရ၍ ထိုင်း နှင့် ရန်ကုန် လေဆိပ် ဝန်ထမ်း များကို အလုပ်အကျွေး ပြုသလို ဖြစ်နေသည်သာ အဖတ်တင်နေသည်ဟု ဆိုသည်။ နယ်စပ် ကုန်သွယ်ရေးကို ဖွင့်ပေးမည် ဆိုက ကုန်စည်များ အလျံပယ် ဖြစ်လာနိုင်ပြန်သည်။
စစ်တပ် အတွင်းမှ လူများသည်လည်း ယခုလက်ရှိတွင် ထိုသို့ လုပ်ပေးပါက ပြေး ဟေ့ ဆိုလျင် ရန်ကုန် တမြို့လုံး လှည်း နေ လှေအောင်း မြင်းစောင်းမကျန် ထွက် ၍ ပျော်ပျော်ကြီး ပြေးကြမည်၊ က ခုန်ကြမည်ကို သိနေပါလျက် မည်သူမျှ မင်းအောင်လှိုင် ကို အကြံ မပေးရဲကြ၊ ၎င်းတို့ ခေါင်းဆောင်ကြီး သည် ရုရှား သမ္မတ ပူတင် နှင့် ရှားရှားပါးပါး တွေ့ဆုံခွင့် ရသည် အခိုက်အတန့် တွင်ပင် "ကြွက်မင်းကြီး" ဖြစ်ခဲ့ပါသည်ဟု စာအုပ်ပင် ယူသွားပြီး ပြောရဲသည့် အသိဉာဏ် မျိုး ပိုင်ဆိုင်ထားသူ ဖြစ်မှန်း သိထား၍ အကောင်း ပြောလည်း အကောင်းထင်မည် မဟုတ်ဘဲ၊ ဇော်မဲလုံး ၏ ကံကြမ္မာ မျိုး ဆိုက်သွား နိုင်သည် မဟုတ်ပါလား။
ပူတင်သည်လည်း မကြာမီက ပြီးဆုံးသွားသော ဒုတိယ ကမ္ဘာစစ် အောင်ပွဲ အခမ်းအနားသို့ ဒီတခါတော့ ၎င်းအား မခေါ်ရဲတော့၊ ဒီတခါလာလျင် "ကြွက်မင်းကြီး" အဖြစ်မှ "ကြောင်မည်းကြီး" ဟု ဘုမသိ ဘမသိ အပြောခံရနိုင်သည်ဟု တွေးပြီး စိုးရိမ်လာ၍ ဖြစ်မည်။ ရုရှား လူမျိုး များသည် ကြောင်မည်း black cat အား ကံဆိုးမှု ကြုံရနိုင်သည့် နမိတ် ဟု ယုံကြည်ထားကြ၍ ဖြစ်သည်။
မင်း အောင်လှိုင်အဖို့က ယူနီဖောင်း ချွတ်ပြီး တိုက်ပုံ ပြောင်းဝတ်လာသော်လည်း လက်ရှိ တည်ငြိမ်သည်ဟု ၎င်း ယူဆထား သော status quo ပိုနေမြဲ ကျား နေမြဲ အနေအထား ပျက်ယွင်းသွားမည်ကို စိုးရိမ် ကြောက်လန့်စိတ် နှင့် ဆုံးဖြတ်ချက်အားလုံးကို ၎င်းတဦး တည်းကသာ ချုပ်ကိုင်ထားချင်သည့် အတွက် ပြောင်းလဲနေသည့် အခြေအနေများ အပေါ် မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် တုံ့ပြန်နိုင်စွမ်း Agility မရှိ ဖြစ်နေသည်ကို တွေ့နေရသည်။
လူ ဟောင်း ဖြစ် နေပြန်၍ အခြား နိုင်ငံ ခေါင်းဆောင်သစ်များလို ဟန်နီမွန်း ရက် ၁၀၀ လည်း ခံစားနိုင်ခွင့် မရှိ။ ခုထိလည်း မည်သို့လုပ်ရမည် မသိ၊ ၎င်း ကျွမ်းကျင်သည်က မိသားစု စီးပွားရေး သာ ဖြစ်သည်။ ကျန်သည်များက ဘယ်အချိန် ဖြစ်လာမည် မှန်း မသိသော အကြောင်းများကိုသာ မိုးလားကဲလား ပြောပြီး ဟန်ကိုယ့် နေခြင်းမျိုးသာ ရှိသည်။ နိုင်ငံ ရေး သမား ဖြစ်လိုလျင် political posture ကို နားလည်ရမည် ဆိုသည်ကိုလည်း ၎င်း က အစ တဖွဲ့လုံး လုံးလုံးမျှပင် မသိ။
ယခု နိုင်ငံခြားရေး ဌာန သည်လည်း ၎င်း မသိဘဲ နှင့် က ကြီး ခ ခွေးပင် ရေးသားထုတ်ပြန်ရဲခြင်း မရှိကြ၍ ယခုလို ရေးလာသည်ကို ကြည့်ပြီး မင်းအောင်လှိုင် ပေါက်ကွဲပြီဟု ပြောနိုင်ခြင်း ဖြစ်ပေသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဖိလစ်ပိုင်နိုင်ငံမှာ ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးတွင် အစိုးရသစ်သာ ပြောနေသော်လည်း "မိမိနိုင်ငံသားများ အပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက် ကျုးလွန်နေဆဲ" ဖြစ်သည့်အတွက် အာဆီယံအစည်းအဝေး များတွင် နေရာပြန်ရဖို့ အဆင်သင့်မဖြစ်သေးဟု ရှင်းလင်းစွာ ပြောဆိုခဲ့ပြီးလည်း ဖြစ်သည်။
တကယ်လည်း မြန်မာတွင် polycrisis ခေါ် ပြဿနာများ တခုနှင့် တခု ဆက်စပ် ရောထွေးပြီး တစုတဝေးတည်း ဖြစ်လာနေသည့် "အကျပ်အတည်းပေါင်းစုံလင်လှသည့် အရှုပ်ထုပ်ကြီး" နှင့် ရင်ဆိုင်နေရပြီး မင်းအောင်လှိုင်လို ပုဂ္ဂိုလ်မျိုးက ရှင်း နိုင်ပါမည်လော ဆိုသည့် မေးခွန်းက ဘက်ပေါင်းစုံ မှ ထွက်ပေါ်လာနေပြီ ဖြစ်သည်။
ထို မေးခွန်း၏ အဖြေကား ရှင်းလှပေသည်။ မင်းအောင်လှိုင်အနေနှင့် လက်ရှိကျင့်သုံးနေသည့် "စစ်အင်အားသုံး ဖြေရှင်းနည်း" နှင့် "၎င်းတဦးတည်း ချုပ်ကိုင်ထားလို့သည့် မူဝါဒ" များဖြင့် Polycrisis ကို ဖြေရှင်းနိုင်မည် မဟုတ်ဘဲ နိုင်ငံကို ပိုမိုနက်ရှိုင်းတဲ့ အကျပ်အတည်းထဲသို့သာ ဆက်၍ ဆွဲခေါ်သွားဖို့ ရှိ နေပေသည်။
ထို့အတွက် ရလဒ် သည်က ကြေမွပျက်စီးနေသည့် မြေ၊ အဖတ်မဆယ်နိုင်အောင် ပျက်စီးသွားသည့် လူနေမှုဘဝများနှင့် ရိုက်ချိုးခံလိုက်ရသည့် အိမ်မက်များသည်သာ ကျွန် တော်တို့ခေတ်ကာလ၏ အဓိက ဖြစ်ရပ်ဆိုးများ အဖြစ် ကျန်ရှိ နေပေဝောာ့မည်။
"အကြီးအကျယ် ပျက်စီးယိုယွင်းနေတဲ့ လူ့အဖွဲ့အစည်းတခုကြားမှာ ကိုယ့်ကိုယ်ကိုယ် အဆင်ပြေအောင် နေသားကျနေခြင်းမျိုးသည် ကျန်းမာကြံ့ခိုင်ခြင်း၏ ပြယုဂ်တစ်ခု မဟုတ်။"
It’s no measure of health to be well adjusted to a profoundly sick society.
ဂျစ်ဒူ ခရစ်ရှနားမူးတီး
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!
Image - AI Generated