ကျွန်တော် နှင့် ဒေါ်မီမီ ဝင်းဘတ်

by Hla Soewai - May 18 2026

မထင်မှတ်ဘဲ ကျွန်တော်နှင့် ဒေါ်မီမီဝင်းဘတ် အွန်လိုင်း မှ စကား ပြောဖြစ် ခဲ့ကြသည်။ သူသည် လက်ရှိ တော်လှန်ရေး လမ်းကြောင်း အပေါ် အားမလို အားမရ ဖြစ်နေသည် ကို တော့ သတိထားမိသည်။

 

လက်ရှိ တော်လှန်ရေး ကို ဦးဆောင်နေသူများ အား The Starfish and the Spider ဆိုသည့် စာအုပ်ကို ဖတ်စေချင်သည်ဟု ဆိုသည်။ ထိုစာအုပ်သည် သူမ Indo-Pacific Command တွင် လုပ်ခဲ့စဉ်က ဖတ်ရန် လမ်းညွှန် စာအုပ် အဖြစ် ရည်ညွှန်းခြင်း ခံရသည် ဟု ဆို၍ နည်နည်ရရ တော့ မဟုတ်၊ ကျွန်တော်သည် တကြိမ်တခါက ထိုစာအုပ် အကြောင်း ကြားဖူးနားဝ သာ ရှိခဲ့ပြီး မေ့မေ့လျော့လျော့ ဖြစ်ခဲ့သည်။

 

ဒေါ်မီမီ ဝင်းဘတ် ပြောမှ ပြန် သတိရလာပြီးကျွန်တော်လည်း ထို စာအုပ်ကို အွန်လိုင်းတွင် ပြန်ရှာကြည့်မိသည်။

 

စာအုပ်၏ ဆိုလိုရင်းသည် ပင့်ကူတစ်ကောင်၏ ခြေထောက်ကို ဖြတ်လိုက်ရင် ပင့်ကူသည် ဒုက္ခိတဖြစ်သွားမည်၊ ခေါင်းကို ဖြတ်လိုက်မည်ဆိုက သေသွားလိမ့်မည်။ သို့သော် Starfish ခေါ် ရေလက်ဝါးကောင်၏ လက်တံတခုကို ဖြတ်လိုက်ရင်တော့ အသစ်ပြန်ပေါက်လာသလို၊ ပြတ်သွားသည့် လက်တံကနေလည်း ‌ရေလက်ဝါး အသစ် တကောင်အဖြစ် ပြန်လည်ဖြစ်တည်လာနိုင်သည် ဟု ဆိုထားသည်။

 

၎င်းသည် နာမည်တွင် "ငါး" ဟု ပါရှိသော်လည်း အမှန်တကယ်တွင် ငါးမျိုးစိတ်မဟုတ်ဘဲ ပင်လယ်နေ တိရစ္ဆာန်တစ်မျိုးသာ ဖြစ်ပါသည်။ ဒီရေအတက်အကျ ရှိသော ကျောက်ဆောင် ထူထပ်သည့် ကမ်းခြေများတွင် တွေ့ရတတ်သည်။ ဒီရေကျချိန်တွင် ကျောက်ဆောင်ကြားရှိ ရေအိုင်ငယ်များထဲ၌ ကပ်နေသည်ကို မြင်တွေ့နိုင်သည်ဟု ဆိုထားသည်။

 

ပင့်ကူ" (Spiders) အဖွဲ့အစည်းများအား တင်းကျပ်သော အထက်အောက် အုပ်ချုပ်မှုစနစ် (Rigid Hierarchy) နှင့် အထက်မှအောက်သို့ အမိန့်ပေးစေခိုင်းသည့် ခေါင်းဆောင်မှု (Top-down Leadership) ပုံစံရှိကြသည်ဟု ဖွင့်ဆိုထားသည်။

 

‌ရေလက်ဝါးကောင် အဖွဲ့အစည်းများသည် တော်လှန်ရေး သဘော ဆောင်ပြီး တဦးနှင့်တဦး တန်းတူရည်တူ ဆက်ဆံရေး (Peer Relationships) ၏ စွမ်းအားအပေါ်တွင် အခြေခံ၍ လည်ပတ်ကြသည်။

 

စာအုပ်တွင် အဓိက ကွာခြားချက် အဖြစ် ထောက်ပြထားသည်က ပင့်ကူ ကဲ့သို့ အဖွဲ့အစည်း များတွင်ဗဟိုချက် သို့မဟုတ် ခေါင်းဆောင်ကို ဖယ်ရှားလိုက်ပါက အဖွဲ့အစည်းတစ်ခုလုံး ပြိုကွဲသွားတတ်သည်။ 

 

ရေလက်ဝါးကောင် အဖွဲ့အစည်းသည် ဗဟိုဦးစီးစနစ် မရှိဘဲ အစိတ်အပိုင်းတခုစီတွင် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ အစိတ်အပိုင်းတခုကို ဖယ်ရှားသော်လည်း အဖွဲ့အစည်းမှာ ပျက်စီးမသွားဘဲ ပိုမိုပွားများလာတတ်သည်။ (ဥပမာ - ဗဟိုချက်မ မရှိသော တော်လှန်ရေးကွန်ရက်များ၊ အင်တာနက်ပေါ်မှ လွတ်လပ်သော အဖွဲ့အစည်းများ) ကို ဆိုလိုသည်။

 

စာအုပ် အညွှန်းတွင် အောင်မြင်မှု ရရှိစေဖို့အတွက် အထက်အောက် အမိန့်ပေးစနစ် (Spider logic) ထက်၊ အဖွဲ့ဝင်တိုင်းက တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ စနစ် (Starfish principles) ကို အသုံးပြုတတ်ဖို့ လိုအပ်သည်ဟု ဖေါ်ပြထားသည်။

 

ကျွန်တော် သဘောကျ သွားသည်က အမေရိကန်ရှိ အပါချီ ဌာနေ တိုင်းရင်းသား တို့သည် ရေလက်ဝါးကောင် ဗျူဟာ မျိုးဖြင့် အင်အားတောင့်တင်းလှသော စပိန် စစ်တပ်ကြီး ကို နှစ်ပေါင်း ၂၀၀ ကြာအောင် မည်သို့ ခုခံတွန်းလှန်နိုင်ခဲ့သည် ဆို သော အချက်ပင် ဖြစ်သည်။ ဗဟိုဦးစီးစနစ်မရှိသော ရေလက်ဝါးကောင်ပုံစံ အဖွဲ့အစည်းကြောင့် စပိန်တို့အနေဖြင့် ချေမှုန်းရန် ဗဟိုချက်မ ရှာမတွေ့ခဲ့၍ ဖြစ်သည်ဟု ဆိုသည်။

 

ခေါင်းဆောင်တစ်ဦးက အမိန့်ပေးခြင်းမျိုးမဟုတ်ဘဲ လူတိုင်းတန်းတူရည်တူ ပါဝင်ဆွေးနွေးနိုင်သည့် စုဖွဲ့မှု၏ အရေးပါပုံကို လည်း ထောက်ပြထားသည်။

 

လူများကို တော်လှန်‌ ရေး အလံ‌ တော် အောက်တွင်စုစည်းပေးနိုင်သည့် ထူးခြားသောစွမ်းရည်ရှိသည့် "ဓာတ်ကူပစ္စည်း"၊ ဆိုလိုသည်က အမိန့်ပေးသည့် "အကြီးအကဲ" များမဟုတ်ဘဲ လူအများကို ဘုံရည်မှန်းချက်တစ်ခုအောက်သို့ ရောက်အောင် လှုံ့ဆော်စည်းရုံးပေးသူများ ဖြစ်လာနိုင်သည် ဆိုသော အချက်များကို စာအုပ် အညွှန်းတွင် တိကျ ရှင်းလင်းစွာ ဖေါ်ပြထားသည်။

 

ထို စာအုပ်ကို လက်ရှိ ပြီးဆုံးကာနီး ပြီ ဖြစ်သော "ချေ ၏ ပြောက်ကျားစစ် လက်စွဲ" နောက် ဆက်၍ ရေးသားသွားမည်ဟု ဆုံးဖြတ်ထားပါသည်။

 

ဒေါ်မီမီဝင်းဘတ်က အာဆီယံ နှင့် ကုလ တွင် မင်းအောင်လှိုင် နှင့် အဖွဲ့ နေရာမရ ရေးတို့ အတွက် လူထု တရပ်လုံးက တတ်နိုင်သည့်ဖက်မှ ဝိုင်းဝန်း ကြိုးပမ်းရမည် ဟု ထောက်ပြခဲ့သည်။

 

အမေရိကန် နှင့် စပ်လျင်း၍ ကျွန်တော် အမြင် အရ ဆိုလျင် ကျားဖြန့်ဂိုဏ်းများ မြန်မာ တွင် အခြေစိုက်ပြီး ကြီးထွားလာနေသည်ကို အမြဲလို မီးမောင်းထိုးပြထားနိုင်မှ ၎င်းတို့ အနေဖြင့် မြန်မာ စစ်ခေါင်းဆောင်များ နှင့် ပြန်ဆက်ဆံဖို့ လက်တွန့် လာ‌ကြမည် ဖြစ်သည်ဟု ယူဆမိသည်။

 

ထိုမျှ နှင့် မလုံ လောက်သေးဟု ထင်သည်။ ကျွန်တော် လေ့လာ ကြည့်သလောက် စစ် ခေါင်းဆောင်များ နှင့် လက်ဝါးရိုက်ပြီး ဝါရှင်တန်တွင် ပါးပါးလေး ဘေးတီးပေးနေသူ များ က ဂျက်မြင့်၊ မင်းဇော်ဦး နှင့် မင်းဇင် တို့ ဖြစ်နေသည်။ ၎င်းတို့က ရော်ဂျာ စတုန်း ထက်ပင် ပို၍ ထိရောက်နေသည်။

 

အဘယ်ကြောင့်ဆိုသော် ထို ပုဂ္ဂိုလ်များသည် ဝါရှင်တန်ဒီစီအခြေစိုက် Center for Strategic and International Studies (CSIS) တွင် ထဲထဲဝင်ဝင် ဝင်ရောက် ရေးသား နေနိုင်သည်။ CSIS သည် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကလေ့လာသော ကမ္ဘာ့ထိပ်တန်း မဟာဗျူဟာမြောက် သုတေသနအဖွဲ့ (Think Tank) တခု ဖြစ်နေသည်။ အချက်အလက် အခြေပြု ခွဲခြမ်းစိတ်ဖြာမှုများကိုသာ အလေးထားဆောင်ရွက်ကြသည်။

 

ထိုအခါတွင် တော့ ထို ပုဂ္ဂိုလ်များသည် ကျွမ်းကျင် လိမ္မာစွာဖြင့် နိုင်ငံတွင်း လက်ရှိ အနေအထားကို လေ့လာဆန်းစစ်နိုင်သူ များ အဖြစ် စစ်ခေါင်းဆောင်များဖက်က လော်ဘီ လုပ်လာကြသည်။ ဥပမာ အားဖြင့် ပြည်သူ အများစုသည် ပညာမတတ်ကြ၍ တော်လှန်ရေး ဆိုသည်ကို နားယောင်ကုန်ကြခြင်း ဖြစ်သည်ဟူသော အသုံးအနှုံး မျိုးပင် ဖြစ်သည်။ မင်းအောင်လှိုင်ကလည်း ထိုအတိုင်းပင် ပြောဆိုခဲ့သည် မဟုတ်ပါလား။

 

ထိုသို့ ပေါက်ပန်းဈေး ရေးသားနေမှု များကို CSIS တွင် ၎င်းတို့ ရေးသမျှ ပြန်လည် ချေပနိုင်သည်ကွန်မန့်များ ဝင်ရေးနိုင်မှ ဖြစ်ပေ တော့မည်။

 

၎င်းတို့ အနေဖြင့် အနာဂတ်ကို ပြည်သူများသာ ဖန်တီးခွင့်ရှိသည် ဆိုသည့် အချက် ကို လျစ်လျုရှုပြီးမြန်မာနိုင်ငံ၏ အနာဂတ် မည်သို့ဖြစ်ရမည်၊ မည်သည့်အစိုးရမျိုး တက်ရမည်ဆိုသည်ကို ပြောဆို ဆုံးဖြတ်ပိုင်ခွင့် ရှိသူများဟု ခံယူထားကြသူများ ဖြစ်သည်။

 

‌၎င်းတို့၏ အပြောများသည် အမေရိကန် အစိုးရ ကို နားဝင်အောင် ပြောနိုင်စွမ်း ရှိနေ၍ ပြည်တွင်း တွင် စစ်တပ် လော်ဘီ လုပ်နေသူများထက် ပို၍ အန္တရာယ် များလှသည်၊ စစ်တပ် ‌လော်ဘီများက မည်သို့မျှ အရာမဝင်၊ စစ်‌ ခေါင်း‌ ဆောင် များကို အသည်းထဲ အူထဲက မုန်းတီး နေကြသည့် ပြည်သူများကို မည်သို့မျှ ယိမ်းယိုင်သွား အောင် လုပ်နိုင်မည် မဟုတ်၊ ဟောရင်းနဲ့ ပျံလွန်တော် မူသွားမည့် အမျိုးအစားများသာ ဖြစ်သည်။

 

စစ်အာဏာရှင်စနစ်အောက်တွင် ပြည်သူများမှာ မိမိတို့ကံကြမ္မာကို မိမိတို့ ဖန်တီးခွင့် မည်သည့် အခါမျှ ရရှိလာမည် မဟုတ်။ ယခု တော်လှန်ရေး သည် ပြည်သူများ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရရှိမည့် "အခွင့်အလမ်း" ပေါ်ပေါက်လာစေရန် တ်ိုက်ပွဲ ဝင်နေခြင်း ဟု ခံယူထားပြီး မိမိတို့ တတ်နိုင်သည့် ဖက်မှ မယိမ်း မယိုင် ကူညီ ပံ့ပိုး ပေးကြရမည်သာ မဟုတ်ပါလား။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!