ယူကရိန်းတွင် စစ်သည်အကျအဆုံးများ မြင့်တက်လာသည်နှင့်အမျှ ဗလာဒီမာပူတင်သည် ပြည်တွင်း၌လည်း ပိုမို၍ အကျပ်ရိုက်လာနေသည်။
မေလ ၉ ရက်နေ့က မော်စကိုတွင် ကျင်းပခဲ့သည့် အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားတွင် အောင်ပွဲခံဂုဏ်ပြုသည့် ပုံစံမျိုး လုံးဝမတွေ့ရဘဲ အနှစ်သာရ ကင်းမဲ့နေခဲ့သည်။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရင်ပြင်နီ တွင် တင့်ကားများ၊ တခြားစစ်ဘက်ဆိုင်ရာ ယာဉ်ယန္တရားများ ချီတက်မောင်းနှင်တာမျိုး မရှိခဲ့။
ယူကရိန်း၏ ပိုမိုထိရောက်လာသည့် ဒရုန်းများ၏ လွယ်လင့်တကူ ပစ်မှတ်ဖြစ်သွားနိုင်သည့် သံချပ်ကာယာဉ်များ၊ ဒုံးကျည်တင်ဆောင်တဲ့ ယာဉ်များကို အနီးနားက စုရပ်နေရာများတွင် စုပြုံထားဖို့ဆိုသည်က လွန်စွာ မှ အန္တရာယ်များသည်ဟု ရုရှားအာဏာပိုင်များက သတ်မှတ်ခဲ့ကြသည်။ ထိုနေ့အတွက် ပြင်ဆင်နေစဉ်အတွင်း မော်စကို နှင့် စိန့်ပီတာစဘတ်မြို့များတွင် လုံခြုံရေးအကြောင်းပြချက်နှင့် မိုဘိုင်းလ် အင်တာနက် ဝန်ဆောင်မှု များကို ဖြတ်တောက်ထားခဲ့သည်။ ထို့အပြင် ဝေးလံခေါင်သီသည့် ဒေသ များ ရှိ လေကြောင်းရန်ကာကွယ်ရေး စနစ် အမြောက်အမြားကိုလည်း (မြို့တော်လုံခြုံရေးအတွက်) ပြောင်းရွှေ့တပ်ဖြန့်ခဲ့ကြသည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရင်ပြင်နီ ကို တိုက်ခိုက်မည်မဟုတ်ကြောင်း ပြောပြီး စစ်ရေးပြအခမ်းအနားကို ဆက်လက်ကျင်းပရန် “ခွင့်ပြုသည်” ဟု အမိန့်ဒီကရီထုတ်ပြန်လာ၍ ရုရှားတို့ ထပ်၍ အရှက်ကွဲ သွားရ ပြန်သည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကမူ စစ်ရေးပြအခမ်းအနားအပြီး ပြောကြားရာတွင် စစ်ပွဲသည် “ပြီးဆုံးတော့မည်” ဟု ထင်မြင်ကြောင်း ပြောဆိုခဲ့သည်။
စစ်ရေးပြအခမ်းအနားကို အကျဉ်းချုံး ကျင်းပခဲ့ရသမှာ လွန်စွာပင် ထင်ရှားလှသည်။ ပူတင်၏ ရုရှားစစ်အင်အား ကြီးမားပုံကို ဖော်ညွှန်းရမည့် နေ့ရက်သည် ရုရှား၏ မလုံခြုံမှုနှင့် အားနည်းချက်များကိုသာ ပြသရာရောက်သွားခဲ့သည်။ အနည်းဆုံးတော့ ယင်းအခြေအနေမှာ ရုရှား၏ စစ်မြေပြင်တွင် ရှုံးနိမ့်မှုများနှင့် ယူကရိန်း၏ ပိုမိုထိရောက်လာသည့် အဝေးပစ်တိုက်ခိုက်မှုများအပေါ် ရုရှားတို့၏ စိုးရိမ်ထိတ်လန့်မှုကို အတိအကျ ထင်ဟပ်နေပါသည်။
သုံးနှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် စစ်ပွဲ၏ အသာစီးရမှုမှာ ယူကရိန်းဘက်သို့ ကူးပြောင်းလာသည့်ပုံစံ တွေ့လာရသည်။ မြို့ပြများနှင့် စွမ်းအင်ကွန်ရက်များအား ရုရှား၏ ဒရုန်းနှင့် ဒုံးကျည်များဖြင့် ညစဉ်နီးပါး အလုံးအရင်းနှင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် ကြမ်းတမ်းသော ဆောင်းရာသီကို ဖြတ်ကျော်ပြီးနောက် ယခုအခါ ယူကရိန်းက အခြေအနေကို မှောက်လှန်ပစ် နိုင်ခဲ့ပြီ ဖြစ်သည်။ နည်းလမ်းပေါင်းစုံဖြင့် ရုရှားတို့အတွက် စစ်စရိတ်စက ပိုမိုကြီးမားလာအောင်လည်း ဖိအားပေး လာနိုင်ခဲ့သည်။
ရုရှားတို့ မျှော်လင့်ထားသည့် နွေဦးစစ်ဆင်ရေးမှာ အောင်မြင်မှု မရခဲ့ရုံသာမက၊ ပြီးခဲ့သည့် ဧပြီလအတွင်း၌ ပထမဆုံးအကြိမ်အဖြစ် ရုရှားတပ်ဖွဲ့များသည် သိမ်းပိုက်ထားသော နယ်မြေအချို့ကို ပြန်လည်လက်လွှတ်ခဲ့ရသည်။ ဝါရှင်တန်အခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်သည့် စစ်ပွဲလေ့လာရေးအင်စတီကျု (ISW) က ယူကရိန်း၏ အောင်မြင်မှုများကို မကြာသေးမီက စာရင်းပြုစုဖော်ပြခဲ့ရာ—ယူကရိန်းတပ်ဖွဲ့များ၏ မြေပြင် တန်ပြန်စစ်ဆင်ရေးများနှင့် အလတ်စား အကွာအဝေး ပစ်ခတ်တိုက်ခိုက်မှုများ၊ ရုရှားတို့က ယူကရိန်းအတွင်း Starlink အင်တာနက်စနစ်ကို တရားမဝင် အသုံးပြုနေခြင်းအား ဟန့်တားနိုင်ခဲ့ခြင်းနှင့် ရုရှားအစိုးရက စိုးရိမ်တကြီးဖြင့် ၎င်းတို့ပြည်တွင်း၌ Telegram မက်ဆေ့ဂျ်အက်ပ်ကို ကန့်သတ်ပိတ်ပင်ခဲ့ခြင်းတို့ ပါဝင်သည်။ ISW ၏ ထုတ်ပြန်ခဲ့သော မြေပုံများအရ ရုရှားသည် လွန်ခဲ့သည့် ရက်ပေါင်း ၃၀ အတွင်း နယ်မြေဧရိယာ ၁၁၃ စတုရန်းကီလိုမီတာခန့်ကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
တလလျှင် ၃၅,၀၀၀ ခန့် ရှိနေသော ရုရှားစစ်သည် အကျအဆုံးနှုန်းမှာ ရုရှားနိုင်ငံ၏ အသစ်စုဆောင်းနိုင်မှုနှုန်းထက် ကျော်လွန်နေပြီဖြစ်သည်။ ရုရှားတို့၏ ကျူးကျော်စစ် စတင်ကတည်းက သေဆုံးသူနှင့် ပြင်းထန်စွာဒဏ်ရာရသူ စုစုပေါင်း ၁.၄ သန်းနီးပါးရှိနေသည့် ကိန်းဂဏန်းများနောက်ကွယ်တွင် ပိုမိုဆိုးရွားလာသည့် အခြေအနေသစ်တခု ထွက်ပေါ်လာသည်။
ယမန်နှစ်အထိ ရုရှားစစ်သည်များ၏ သေဆုံးနှင့် ဒဏ်ရာရမှု အချိုးအစားမှာ ၁:၂ နှင့် ၁:၃ ကြားတွင် ရှိခဲ့ပြီး ၎င်းမှာ ခေတ်သစ်စစ်ပွဲစံနှုန်းအရ ညံ့ဖျင်းသော်လည်း ယခင်စစ်ပွဲများ၏ အခြေအနေနှင့်တော့ အနီးစပ်တူညီခဲ့သည်။ သို့သော် မတ်လအတွင်း သမ္မတဇလန်းစကီး၏ ပြောကြားချက်အရ ရုရှားသည် ဒဏ်ရာရသူတဦးလျှင် သေဆုံးသူ နှစ်ဦးနှုန်းအထိ ဖြစ်လာကာ အသေအပျောက် ပိုမိုများပြားလာသည့် ဒုက္ခနှင့် ရင်ဆိုင်နေရသည်။
ထိုသို့ အကျအဆုံးများလာမှု သည် FPV (First-Person View) ဟုခေါ်သည့် တိုက်ရိုက်ထိန်းချုပ်မောင်းနှင်သော ဒရုန်းများကြောင့် ဖြစ်ပွားနေခြင်းဖြစ်သည်။ ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားသည့် အဆိုပါဒရုန်းများသည် ရန်သူ့စစ်သည်များကို လိုက်လံရှာဖွေ တိုက်ခိုက်နေသည့်အပြင် ဒဏ်ရာရစစ်သည်များကို ကယ်ထုတ် ရွှေ့ပြောင်းနိုင်မည့် အခွင့်အလမ်းများကိုလည်း အန္တရာယ်ပြု ခြိမ်းခြောက်လျက်ရှိသည်။ မည်သို့ပင်ဖြစ်စေ ဒဏ်ရာရစစ်သည်များကို ကယ်ထုတ်ရန်မှာ ရုရှားတို့အတွက် မည်သည့်အခါကမျှ ဦးစားပေးကိစ္စတခု မဟုတ်ခဲ့၊ ပြီးလွယ်စီးလွယ်ပင် စစ်မြေပြင်တွင် ချန်ထားရစ်ခဲ့ကြသည်။
ယူကရိန်း၏ အလိုအလျောက်မောင်းနှင်သည့် ဒရုန်းအသစ်များသည် အနား ရောက်လာသည့်အချိန်အထိ အသံ လုံးဝမကြားရဟု ရုရှားစစ်သည်များက ညည်းညူနေကြသည်။ အဆိုပါဒရုန်းများသည် AI နည်းပညာကို အသုံးပြုထားပြီး လှိုင်းနှောင့်ယှက်သည့်စနစ် (Jammers) များကို ကျော်လွှားနိုင်ရန် ဖိုင်ဘာအော့ပတစ် ကြိုးများဖြင့် ထိန်းချုပ်ထားသည်။
ရုရှားသည် လွန်ခဲ့သည့် ခြောက်လအတွင်း ယူကရိန်းတွင် "ဦးဆောင်နိုင်မှု အသာစီး" ကို လက်လွှတ်လိုက်ရပြီး ရှေ့တန်းသို့ တပ်ဖွဲ့များရွှေ့ပြောင်းရန် ခက်ခဲနေ ကြောင်း သိရသည်။
ထိုသို့ ထောက်လှမ်းခံရခြင်းမှ ကာကွယ်ရန်အတွက် ဒိုးနက်စ် ဒေသတွင် ရုရှားတို့သည် စစ်ယာဉ်တန်းများ၏ အရွယ်အစားကို ကန့်သတ်ထားရသည်။ ကုန်တင်ကား နှစ်စီးထက်ပို၍ အတူတကွ သွားလာခွင့် မပြုတော့သည်အထိ ဖြစ်လာသည်။
စစ်မျက်နှာပြင်များအကြား ကီလိုမီတာ ၂၀ ခန့်ရှိသော ဒရုန်း “သေမင်းတမန်ဇုန်” သည် ယခုအခါ ရုရှားတပ်ဖွဲ့များ၏ နောက်တန်း နက်နက်ရှိုင်းရှိုင်းအထိ ထိုးဖေါက် လာနေပြီဖြစ်ကြောင်း လေ့လာသူများကထောက်ပြထားသည်။ ရုရှားတို့သည် ရှေ့သို့တိုးရန်သာ ကြိုးပမ်းနေသူများ ဖြစ်သောကြောင့် ဤအခြေအနေသည် ယူကရိန်းထက် ရုရှား၏ စစ်ဆင်ရေးများအပေါ် ပိုမိုသက်ရောက်မှု ရှိနေသည်။
ယူကရိန်းအတွက်မူ တိုက်ခိုက်မှုကို ဦးဆောင်နေသည့် စစ်သား အနည်းငယ်ကို သတ်ဖြတ်ခြင်းထက် ထိုးစစ်အတွက် အထောက်အပံ့ဖြစ်စေမည့် အခြေခံအဆောက်အအုံများကို ဖျက်ဆီးပစ်ခြင်းက ပိုမိုထိရောက်လှသည်။
ယူကရိန်း တို့သည်လည်း ဒရုန်းများပြည့်နှက်နေသည့် ထိုသေမင်းတမန်ဇုန်အတွင်း အလားတူပြဿနာများနှင့် ရင်ဆိုင်နေရသော်လည်း ၎င်းတို့၏ စစ်သည်များ အသက်ကို ပိုမိုတန်ဖိုးထားကြသည်။ ထို့ကြောင့် ဒဏ်ရာရသူများကို ကယ်ထုတ်ရန်နှင့် ရှေ့တန်းအနီးသို့ ရိက္ခာများ ပို့ဆောင်ရန်အတွက် လူမဲ့မြေပြင်မောင်းယာဉ် (UGVs) များကို ပိုမိုအသုံးပြုကြသည်။ ထို့အပြင် နေရာအတော်များများတွင် ယူကရိန်းတို့သည် ရှေ့သို့တိုးရန် ကြိုးပမ်းနေခြင်း မရှိကြပေ။
နောက်တန်းတွင်လည်း (အကွာအဝေး ကီလိုမီတာ ၅၀ မှ ၃၀၀ အထိ ပျံသန်းနိုင်သော) ယူကရိန်း၏ အလတ်စားဒရုန်းများကြောင့် ရုရှားတို့ အထိနာမှုများ ပိုမိုများပြားလာနေသည်။ ယခုနှစ်အတွင်း ထိုကဲ့သို့သော ဒရုန်းစနစ်များ ဝယ်ယူရရှိမှုသည် ၂၀၂၅ ခုနှစ် တနှစ်လုံးစာထက် ငါးဆခန့် ပိုမိုများပြားကြောင်း သမ္မတဇလန်းစကီးက မကြာသေးမီက ပြောကြားခဲ့သည်။
တိုက်ခိုက်ခံရသည့် ပစ်မှတ်များထဲတွင် ခဲယမ်း သိုလှောင်ရုံများ၊ ဒရုန်းဂိုဒေါင်များ၊ ကွပ်ကဲမှုနှင့် ထိန်းချုပ်ရေးစခန်းများ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ပစ်စင်များ၊ ရေဒါများနှင့် သံချပ်ကာယာဉ်များနှင့် စစ်သည်များ စုဖွဲ့ထားသည့် နေရာများ ပါဝင်သည်။
စစ်မြေပြင်တွင် အရေးနိမ့်မှုများအပြင် ရုရှားနိုင်ငံအတွင်းပိုင်းထိ ယူကရိန်း၏ နက်နက်ရှိုင်းရှိုင်း ထိုးနှက်တိုက်ခိုက်မှုများသည်လည်း အတိုင်းအတာ၊ အကွာအဝေးနှင့် ပြင်းအား ပိုမိုကြီးမားလာခဲ့သည်။ မတ်လအတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် ယူကရိန်း၏ အဝေးပစ်ဒရုန်းဖြင့် တိုက်ခိုက်မှုအရေအတွက်သည် ရုရှား၏ တိုက်ခိုက်မှုအရေအတွက်ထက် ကျော်လွန်သွားခဲ့သည်။ ယူကရိန်းနယ်စပ်မှ ကီလိုမီတာ ၂,၀၀၀ နီးပါး အကွာအဝေးရှိ စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ ပစ်မှတ်များမှာလည်း ပုံမှန်တိုက်ခိုက်ခံနေရသည်။ ယင်းအခြေအနေကြောင့် ရုရှားလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ယူကရိန်းဒရုန်းများ၏ လက်လှမ်းမီရာ အကွာအဝေးအတွင်း ရောက်ရှိလာခဲ့ပြီ ဖြစ်၍ ရုရှားတို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက် ကျဆင်းလာခဲ့သည်။
ဧပြီလ ၂၅ ရက်နေ့က ရုရှားနိုင်ငံ တောင်ပိုင်း ယူရယ်လ်တောင်တန်း ဒေသအတွင်းပိုင်းရှိ ရှာဂေါလ် လေတပ်စခန်း တိုက်ခိုက်ခံရမှုအတွင်း ရုရှား၏ အကောင်းဆုံး တိုက်လေယာဉ် လေးစီး ပျက်စီးသွားခဲ့သည်။ မေလအစောပိုင်းတွင်လည်း ယူရယ်လ်ဒေသ၊ ပမ်း မြို့ရှိ ရေနံချက်စက်ရုံနှင့် ရေနံပို့လွှတ် စခန်း မီးလောင်ကျွမ်းခဲ့သည်။ ဒေသအသီးသီးရှိ ရေနံအခြေခံအဆောက်အအုံများနှင့် ရေနံတင်ပို့ရာ အချက်အချာစခန်းများမှာလည်း ပို၍ တိုက်ခိုက်ခံနေရသည်။
ဆိပ်ကမ်းများနှင့် ရေနံချက်စက်ရုံများ တိုက်ခိုက်ခံရမှုကြောင့် ရုရှားအနေဖြင့် ရေနံထုတ်လုပ်မှုကို တစ်ရက်လျှင် စည် ၄၀၀,၀၀၀ အထိ လျှော့ချခဲ့ရကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။ နိုဗိုရော့ဆိုက် နှင့် အပ်စ်-လူဂါ ဆိပ်ကမ်းများသည် ပုံမှန်လည်ပတ်နိုင်စွမ်းထက် ၃၈ ရာခိုင်နှုန်းနှင့် ၄၃ ရာခိုင်နှုန်း အသီးသီး လျော့နည်းသွားကြောင်း ရုရှားပြည်တွင်း အစီရင်ခံစာများတွင် ဖော်ပြထားသည်ဟု သမ္မတဇလန်းစကီးက ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ သို့သော်လည်း အီရန်စစ်ပွဲကြောင့် ရေနံဈေးတက်လာသည့်အတွက် ဧပြီလအတွင်း ရုရှား၏ စုစုပေါင်းရေနံတင်ပို့မှုမှာ ၇ ရာခိုင်နှုန်းသာ ကျဆင်းခဲ့ပြီး ဝင်ငွေမှာမူ နှစ်ဆနီးပါး တိုးတက်လာခဲ့သည်။
ရုရှား၏ လေကြောင်းရန် ကာကွယ်ရေးစနစ်များကို အားနည်းသွားစေရန် ယူကရိန်းက တနှစ်ပတ်လုံး စနစ်တကျ စစ်ဆင်ရေး ဆင်နွှဲနေမှုများကြောင့် ပိုင်ဆိုင် သမျှ ကို ကာကွယ်ရန်မှာ မဖြစ်နိုင်သလောက် ရှိလာ နေသည်။ ယူကရိန်းသည် ရုရှား၏ ရှာဟက် အမျိုးအစား တိုက်ခိုက်ရေးဒရုန်း ၉၅ ရာခိုင်နှုန်းခန့်ကို ပစ်ချနိုင်သည့် ကြားဖြတ်ဟန့်တားရေး ဒရုန်းအမျိုးအစားပေါင်းများစွာကို ထုတ်လုပ်ထားနိုင်သော်လည်း ရုရှားမှာမူ ယင်းကဲ့သို့သော နည်းပညာများကို ကိုယ်တိုင်ထုတ်လုပ်ရန် နှေးကွေးနေခဲ့ပါသည်။
အဓိကကျသော မေးခွန်းမှာ—စစ်မြေပြင်တွင်ဖြစ်စေ၊ စီးပွားရေးအခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုကြောင့်ဖြစ်စေ ရုရှားတို့ ကြုံတွေ့နေရသည့် အဖက်ဖက်မှ အဆင်မပြေမှုများသည် ယူကရိန်းအတွင်း သမ္မတပူတင်၏ အခွင့်အလမ်းများ မှေးမှိန်လာနေသည့် အညွှန်းကိန်းများလော ဆိုသည်ပင် ဖြစ်သည်။
ယူကရိန်း၏ ဒရုန်းနည်းပညာ အသာစီးရလာမှုအပေါ် ရုရှားတို့ မည်သို့တုံ့ပြန်နိုင်မည်နည်း ဆိုသည်ကို ရုရှား တို့ အရေးတကြီး စဉ်းစားကြရတော့မည် ဖြစ်သည်။
(၂၀၂၆:မေလ ၁၀ ရက် အီကောနော်မစ် မဂ္ဂဇင်းပါ "Russia is stumbling on the battlefield" ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်။)