ဦးသိန်းစိန်သည် ၂၀၁၁ မတ်လ ၃၀ ရက်နေ့ တွင် အသစ်စက်စက် ပေါ်ထွက်လာသော လွှတ်တော် တွင် မိန့်ခွန်း ပြောကြားရာတွင် ကမ္ဘာမိသားစု အလယ် တွင် ဆုံးရှုံးသွားခဲ့ရသည့် လေးစား ခံရမှု ကို ပြန်လည် ရရှိအောင် ကြိုးပမ်းသွားမည်ဟု ရဲရဲဝံ့ဝံ့ ကတိပေးသွားခဲ့သည်။
ထိုသို့ ပြောပြီး ၆ လ အကြာတွင် ပြည်သူ များ အပြင်းအထန် ကန့်ကွက်နေသော မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်း ကို တဖက်သတ် ရပ်စဲ ပစ်ခဲ့သည်။ ဤသည်ကပင် တရုတ် ဩဇာခံ နိုင်ငံ အဖြစ် ရပ်တည်သွားမည် မဟုတ်ဟု ကမ္ဘာကို ရှင်းလင်း ပြတ်သားစွာ အသိပေးလိုက်သည့် သဘောပင် ဖြစ်သည်။
စီးပွားရေးပိုင်းတွင်လည်း ဗဟိုဘဏ်ကို ပိုမို လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ပေးခဲ့ခြင်း၊ ကျပ်ငွေတန်ဖိုး ကိုလည်း ဈေးကွက် ပေါက်ဈေး အတိုင်း လဲလှယ်ခွင့် ပြုလာခြင်း၊ နိုင်ငံခြား မှ ဆက်သွယ်ရေး ကုမ္ပဏီ များကို ဝင်ရောက်ခွင့် ပြုလာခဲ့ခြင်း၊ ဘဏ်များအားလည်း ပြည်တွင်း တွင် အခြေချ ဖွင့်လှစ်ခွင့် ပြုခဲ့ခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မှသည် အကျင့်ပျက် ခြစား မှု တိုက်ဖျက်ရေး အထိ နိုင်ငံတကာ စံနှုန်းများ နှင့် အညီ ဥပဒေများ ပြဋ္ဌာန်း ပေးခြင်း တို့ ပြုလုပ်လာကြသည်။
ထို့အတွက်လည်း ပြည်ခိုင်ဖြိုး ပါတီသည်လည်း ကမ္ဘာအလယ်တွင် ပြုပြင် ပြောင်းလဲရေး သမားများ အဖြစ် မျက်နှာပွင့်ခဲ့ကြသည်၊ ပြည်ပ မှ တလေးတစား ဆက်ဆံခံခဲ့ကြရသည်။
မင်းအောင်လှိုင်ကတော့ ကိုယ်တိုင်လည်း ဘူးလုံးနား မထွင်း ဖြစ်နေ၊ ထို့အတွက်လည်း မစဉ်းစား မဆင်ခြင် အာဏာ သိမ်းရဲသူ ဖြစ်သည်။ ထိုသို့သော လူမျိုးကို မည်သူကမျှလည်း သူ့အကြိုက်က လွဲ၍ အခြား ဘာမှ အကြံဉာဏ် မပေးရဲကြ။
အကြံတုန်း ဉာဏ် တုန်း ဖြစ်သည့် အား လျှော်စွာ သူ ဘာပဲ လုပ်လုပ် နောက်က ထောက်ခံပေးမည့် အားကိုးရရန် တရုတ်ကို အပိုင်ကိုင်ထားနိုင်လျင် ဖြစ်ပြီဟုသာ ခေါင်းထဲ ရှိသူ ဖြစ်သည်။ ထို့အတွက်လည်း ဦးသိန်းစိန် နှင့် ဆန့်ကျင်ဖက် မြစ်ဆုံဆည် စီမံကိန်း ပြန်လည် စတင်ရန် ပင် အလျော့ပေး လာခဲ့ရသည်အထိ ရုပ်ပျက်ဆင်းပျက် လုပ်လာခဲ့သည်။
မင်းအောင်လှိုင်က ဘာလုပ်မည် ညာလုပ်ပစ်မည်ဟု ရောက်လေရာတွင် ပြောနေသော်လည်း နောက်က လိုက်၍ အကောင်အထည် ဖေါ်ပေးမည့် စည်းမျဉ်းဥပဒေများက ထွက်လာခဲ့ခြင်း မရှိပေ။
ဤသည်ကလည်း အဆန်းတကြယ်တော့ မဟုတ်၊ ယခင်က ပြုပြင် ပြောင်းလဲရေး ပါတီကြီး အဖြစ် ကမ္ဘာက လေးစားခံခဲ့ရသော ပြည်ခိုင်ဖြိုး ပါတီသည် ယခုအခါ တွင်တော့ မင်းအောင်လှိုင်လို လူမျိုး သမ္မတ အဖြစ် ရွေးချယ် ခံရပါသည် ဟူ၍ ထင်မြင်လာစေရန် ငွေကုန်ကြေးကျ ခံပြီး နိုင်ငံ အနှံ့ ရွေးကောက်ပွဲ များ တွင် အသုံးတော် ခံပေးခဲ့ရရှာသည်။
အာဏာရလာပြန်တော့လည်း လွှတ်တော် ဥက္ကဌ တနေရာ၊ အရေးမပါသည့် ဒုသမ္မတ ရာထူးနှင့် ဝန်ကြီး နေရာ သုံးလေးနေရာ လောက်နှင့် တင်းတိမ်ခဲ့ရရှာသည်။ ယခုအခါတွင်တော့ မကျေနပ်လည်း ဘာမှ လှုပ်မရတော့၊ မင်းအောင်လှိုင်က ၎င်း၏ သစ္စာခံများကို ပါတီ ခေါင်း ဆောင်ပိုင်း တွင် အစုလိုက် အပြုံလိုက် ထည့်သွင်းထားခဲ့ပြီး ဖြစ်သည်။
မင်းအောင်လှိုင် နှင့် အဖွဲ့က အာဆီယံ က အဖွဲ့ကြီး အနေဖြင့် ၎င်းအား တရားဝင် အသိအမှတ် မပြု ဆိုသည့် မူကို စွဲကိုင်လာသည်ကို "မြန်မာ ပြည်သူများ၏ အစစ်အမှန် ပေါ်ထွက်လာသော ဆန္ဒကို ပစ်ပယ်ခဲ့သည်" ဟု စွပ်စွဲ ပြောဆိုလာခဲ့သည်။ ၎င်းတို့ ရွေးကောက်ပွဲ ဆိုသည်ကလည်း မဲပြား ပေါ်တွင် ပြည်ခိုင်ဖြိုး ပါတီမှလွဲ၍ အိမ်ပြည့်အောင် ဝင် ပါပေးရရှာသည့် ပါတီများ သာ ဖြစ်ပြီး ယုံကြည်အားကိုး ထိုက်သူ များ တဦးတလေမျှပင် မပါဝင်ပါပဲလျက် ပြည်သူ့ ဆန္ဒ အစစ်အမှန် ပါဟု ပါးစပ်က အော်နေယုံဖြင့် မည်သူက လက်ခံပေမည်နည်း။
အာဆီယံ မှ ၎င်းတို့ ၏ နိုင်ငံ ခေါင်းဆောင်များ ထိပ်သီး အစည်း အဝေး သို့ တက် ရောက်ခွင့် မပြုခဲ့ခြင်းသည် မင်္ဂလာဆောင်ပြီးပြီးချင်း ညတွင်းချင်းပင် သတိုးသမီး ခိုးရာနောက် လိုက်သွားခြင်းခံလိုက်ရသည့် သတိုးသား အသစ်စက်စက်ကဲ့သို့ မင်းအောင်လှိုင်မှာလည်း တရပ်ကွက်လုံး (သို့မဟုတ်) တကမ္ဘာလုံးရှေ့တွင် မျက်နှာဖုံးကွာကျကာ အရှက်ဗြန်းဗြန်းကွဲသည့် အဖြစ် ရောက်သွားခဲ့ရသည်။
မင်းအောင်လှိုင်အား ထိုသို့ မျှော်လင့်တကြီး ဖြစ်လာအောင် ဆွ ပေးခဲ့သည့် တရားခံက ထိုင်း ပင် ဖြစ်သည်။
အာဆီယံက အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ရွေးကောက်ပွဲ မကျင်းပမီ ကျယ်ပြန့်လာသော ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် "အစုအဖွဲ့အားလုံး"ပါဝင်နိုင်သော ဆွေးနွေးပွဲများ ပြုလုပ်ရန်။ အကြမ်းဖက်မှုကြောင့် ထိခိုက်ခံစားရသူများကို ကူညီနိုင်ရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခွင့်ရရှိရန်။ ပြဿနာများ ကြုံတွေ့နေရသော အဖွဲ့ဝင်နိုင်ငံ (မြန်မာနိုင်ငံ) နှင့် ဆက်သွယ်ဆောင်ရွက်ရန် အာဆီယံ၏ အဓိကတာဝန်ခံအဖြစ် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ဦး ခန့်အပ်ရန် ၎င်းကိုယ်တိုင် သဘောတူခဲ့သည့် အချက်များကို လိုက်လျောရန်သာ တောင်းဆိုထားခြင်း ဖြစ်သည်။
ဤသည်ကို တချက်တလေမျှပင် လိုက်လျောရကောင်းမှန်း မသိဘဲ နိုင်ငံ ရေး အရ အမြတ်ထုတ်နိုင်ရန် အစည်းအဝေး သာ တက်ချင်နေသူ ဖြစ်သည်၊
ထိုသို့ တက်ခွင့် မရ၍ ထိုသို့ ဒေါသတကြီး တုံ့ပြန်မှုကြောင့် ဒီမိုကရေစီလိုလားသော ပြည်သူများကို ဦးဆောင်နေသည့် အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အပြန်အလှန် စကားစစ်ထိုးပွဲများ တကျော့ပြန် ပြင်းထန်လာခဲ့သည်။
NUG က တနင်္လာနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ မြန်မာစစ်အစိုးရ၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။ "၎င်းတို့၏ ပြောဆိုမှု များသည် အလွန်အမင်း ရှေ့နောက်မညီ ဖြစ်နေသည့်အပြင် နိုင်ငံရေးအရလည်း ရိုးသားမှုမရှိသော လုပ်ရပ်များ ဖြစ်သည်" ဟု ဖော်ပြထားသည်။
သို့သော်လည်း ဝါရင့်အရှေ့တောင်အာရှ လေ့လာစောင့်ကြည့်သူများ ကမူ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်သည် မြန်မာနိုင်ငံ၏ သံတမန်ရေးရာ ပြန်လည် နာလံ ထူလာ ရေး လမ်းစတွင် အဓိက အဟန့်အတားတစ်ခုအဖြစ် ဆက်ရှိနေခြင်းမှာ အံ့ဩစရာမဟုတ်ဟု ယူဆထားကြကြောင်း နစ်ကီ အေးရှား တွင် ရေးသားထားသည်။
အကြမ်းဖက်မှုများ ရပ်တန့်ရေး အပါအဝင် ဘုံသဘောတူညီချက်၏ ဦးစားပေး လုပ်ငန်းစဉ်များကို ဖြေရှင်းဆောင်ရွက်ရာတွင် နေပြည်တော်၏ ကြိုးပမ်းမှုများအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးက ကျေနပ်မှုမရှိသရွေ့ ထိုကန့်သတ်ချက်မှာ တည်မြဲနေနိုင်ဖွယ်ရှိသည်" ဟု ဆိုသည်။ အကယ်၍ ထိုရပ်တည်ချက် ပြောင်းလဲသွားမည် ဆိုက ထိုင်းနိုင်ငံသည် အားလုံး၏ အာရုံစိုက် ဝေဖန်စရာ၊ ပစ်မှတ်ထား စောင့်ကြည့်စရာ ဖြစ်လာလိမ့်မည်ဟု ရေးသားထားသည်။
ထိုင်း၊ လာအို နှင့် ကမ္ဘောဒီးယားနိုင်ငံများ အတွက်တတရားဥပဒေစိုးမိုးရေးသည် အရေးကြီးပုံမရ သော်လည်း ထိုအရေး ကို ဦးစားပေးသည့် နိုင်ငံများ ဖြစ်၍ ရပ်တည်ချက်ကို ပြောင်းလဲလိမ့်မည် ဟူသော ခန့်မှန်းမှု များလည်း ရှိနေသည်။ ဖိလစ်ပိုင်သည် ဥက္ကဌ ဖြစ်၍ လော မသိ၊ သတိကြီးစွာ ထားနေပြီးဗီယက်နမ် နှင့် တီမော တို့က တစုံတရာ ပြောဆိုခြင်းမျိုး မရှိသည်ကို တွေ့ရသည်။
စစ်အုပ်စု ဖက်က ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ခြေလှမ်းတရပ်အဖြစ် အစုအဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ချက်ကိုတောင်မှ မဖြေရှင်းဘူးဆိုရင်တော့ ဒီကွာဟချက်က ဆက်ရှိနေဦးမှာပဲ ဖြစ်သည်။ အကယ်၍ လူထု သဘောထားက NUG အပေါ် အားကိုး ယုံကြည်မှု၊ အာဆီယံ ဖက်ကလည်း အလေးအနက်ထား ဆက်ဆံရမည့် အင်အားစု force to be reckoned မဟုတ်တော့ဟု ယူဆလာပါက ထိုတောင်းဆိုချက်သည်လည်း အလိုလိုနေရင်း ပျောက်ဆုံးသွားမည် သာ ဖြစ်သည်။
နောက်ထပ် ခေတ်သစ် သတင်းအရ NLD အစိုးရလက်ထက် နယူး ယောက် ရှိ အမေရိကန် ဗဟိုဘဏ် တွင် အပ်နှံထားသည့် ဒေါ်လာ ၁ ဘီလီယံကို တော်လှန်ရေး အင်အားစုများထံ လွှဲပြောင်းပေးရန် တင်ပြမှု အပေါ် သေချာစွာ ပြန်လည်သုံးသပ်သွားမည်ဟု အမေရိကန် အရှေ့အာရှ နှင့် ပစိဖိတ် ရေးရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီ မိုက်ကယ် ဂျော့ ဒီဆုမ်းဘာ က မေလ ၆ ရက်စွဲဖြင့် ပေးပို့သော တောင်းဆိုချက်ကို ပြန်ကြားရာတွင် ဖေါ်ပြလာခဲ့သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!