ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(83)

by Hla Soewai - May 18 2026

မန်း က mole ဆိုသည့် အင်္ဂလိပ် စကားလုံးတလုံးကို သုံးလိုက်သည်။ ထိုစကားလုံးမှာ ဝါကျတည်ဆောက်ပုံ ဇယားဆွဲရသည်ကို အလွန်တရာမှ နှစ်သက်သော ပါမောက္ခတစ်ဦး သင်ကြားသည့် အင်္ဂလိပ်စာသင်တန်းတွင် ကျွန်‌ တော် တို့ မကြာသေးမီကမှ သင်ယူခဲ့ရသော စကားလုံးဖြစ်သည်။

 

"Mole ဆိုတာ ပွေး လား" ဟု ကျွန်‌ တော်က မေးလိုက်သည်။ "မြေအောက်မှာ ကျင်းတူးတတ်တဲ့ တိရစ္ဆာန်လေးလား"

 

"နောက်ထပ် 'Mole' တမျိုးရှိသေးတယ်"

 

"နောက်ထပ် တစ်မျိုး ရှိသေးတာလား"

 

"ရှိတာပေါ့။ 'Mole' ကို မြေအောက်မှာ ကျင်းတူးတတ်တဲ့ ကောင်လို့ပဲ တွေးနေရင် သူလျှိုတစ်ယောက်အနေနဲ့ 'Mole' ရဲ့ အဓိပ္ပာယ်ကို မင်းနားလည် မှု လွဲနေပြီ။ သူလျှိုတစ်ယောက်ရဲ့ အလုပ်က ဘယ်သူမှ မမြင်နိုင်တဲ့နေရာမှာ ပုန်းနေဖို့ မဟုတ်ဘူး၊ အဲဒီလိုဆိုရင် သူကိုယ်တိုင်လည်း ဘာကိုမှ မြင်ရမှာ မဟုတ်လို့ပဲ။ သူလျှိုတစ်ယောက်ရဲ့ အလုပ်က လူတိုင်းကို မြင်နိုင်တဲ့နေရာ၊ အားလုံးကလည်း သူ့ကို ပြန်မြင်နိုင်တဲ့နေရာမှာ ပုန်းနေဖို့ပဲ။ အခု မင်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့် - လူတိုင်းက မြင်နေရပေမဲ့ မင်း ကိုယ်တိုင် မမြင်ရတာ ဘာရှိသလဲ"

 

"စကားထာတွေ တော်ပါတော့" ဟု ကျွန် တော်က ပြောလိုက်ရသည်။ "ကျွန်တော် လက်လျှော့ပါပြီ"

 

"ဟိုမှာလေ" သူက ကျွန် တော့် မျက်နှာ၏ အလယ်တည့်တည့်ကို ညွှန်ပြသည်။ "ကွင်းကွင်းကွက်ကွက် မြင်နေရတဲ့ နေရာမှာ"

ကျွန်‌ တော် ကိုယ်တိုင် မှန်ဆီ သွားပြီး ကြည့်မိသောအခါ မန်း ပြောသလို ကျွန်တော့် တွင် တကယ်ပင် ရှိနေသည်။ ကျွန် တော်၏ အစိတ်အပိုင်းတခု ဖြစ်လွန်းနေ၍ သတိမထားမိတော့သည်မှာ ကြာပြီဖြစ်သော အရာတစ်ခု။

 

"မင်းက သာမန် 'Mole' တစ်ယောက် မဟုတ်ဘူးဆိုတာ မှတ်ထားပါ" ဟု မန်းက ဆိုသည်။ "မင်းက အာဏာစက်ရဲ့ နှာခေါင်းပေါ်မှာရှိတဲ့ 'အလှမှဲ့' ဖြစ်မယ့် 'Mole' တစ်ယောက်ပဲ"

 

မန်း တွင် 'Mole' တယောက်၏ အခန်းကဏ္ဍနှင့် အခြားသော အန္တရာယ်ရှိနိုင်သည့် တာဝန်များကို လုပ်ချင်လာအောင် ပြော နိုင်သော သဘာဝပါရမီ ရှိသည်။ အလှမှဲ့တလုံး မဖြစ်ချင်သူ ဘယ်သူရှိပါ့မနည်း။ ကျွန်ုပ်သည် အင်္ဂလိပ်အဘိဓာန်တွင် ရှာဖွေကြည့်သောအခါ၌လည်း ထိုအချက်ကို စွဲမြဲစွာ မှတ်သားထားခဲ့သည်။

 

 အဘိဓာန်တွင်မူ 'Mole' သည် ဆိပ်ခံတံတား (သို့မဟုတ်) သင်္ဘောဆိပ် တစ်မျိုးလည်း ဖြစ်နိုင်သလို၊ ဓာတုဗေဒဆိုင်ရာ တိုင်းတာမှု ယူနစ်တခုလည်း ဖြစ်နိုင်သည်၊ သားအိမ်အတွင်း ပုံမှန်မဟုတ်သော တစ်ရှူးအကျိတ် တမျိုးလည်း ဖြစ်နိုင်ပြီး၊ အသံထွက် ကွဲပြားသွားလျှင်မူ ငရုတ်သီးနှင့် ချောကလက်တို့ဖြင့် ပြုလုပ်ထားသော မက္ကဆီကန် ဆော့စ် တမျိုးလည်း ဖြစ်နိုင်သေးသည်။ (ထိုဆော့စ်ကို တနေ့တွင် ကျွန် တော် မြည်းစမ်းကြည့်ဖြစ်ပြီး အလွန်ပင် နှစ်သက်မိခဲ့သည်)။

 

သို့သော် ကျွန် တော် ၏ မျက်စိကို ဆွဲဆောင်ခဲ့ပြီး ယနေ့တိုင် စွဲကျန်နေခဲ့သည်မှာ ဘေးတွင် ယှဉ်တွဲဖော်ပြထားသော သရုပ်ဖော်ပုံ ဖြစ်သည်။ ထိုပုံမှာ အလှမှဲ့ပုံ မဟုတ်ဘဲ တိရစ္ဆာန်ပုံ ဖြစ်သည်။ မြေအောက်တွင် နေထိုင်ပြီး တီကောင်များကို စားတတ်သော၊ ခြေဖဝါးတွင် ကြီးမားသော လက်သည်းခွံများ ပါရှိပြီး၊ အမွေးအမှင်များပါသည့် ပြွန်ချောင်းသဏ္ဍာန် နှာတံနှင့် အပ်ပေါက်နီးပါး သေးငယ်သော မျက်လုံးများ ရှိသည့် နို့တိုက်သတ္တဝါဖြစ်သည်။ သူ၏ အမေ ဖြစ်သူ မှလွဲ၍ ကျန်သူအားလုံးအတွက် အကျည်းတန်လှသည်မှာ သေချာပြီး မျက်စိလည်း ကွယ်လုနီးပါးပင် ဖြစ်ပေသည်။

 

***********

 

လမ်းကြောင်းတစ်လျှောက်ရှိ သားကောင်များကို ကြိတ်ခြေဖျက်ဆီးရင်း၊ ထို "ရုပ်ရှင်" သည် 'ကင်းကောင်' အောင်းနေ သော ဂူ ၌ ဖြစ်ပွားမည့် အထွတ်အထိပ် တိုက်ပွဲ ဆီသို့ ပန်ဇာ တင့်ကား တပ်မတခု၏ အရှိန်အဟုန်မျိုးဖြင့် လိမ့်တက်သွားသည်။ ထိုတိုက်ပွဲအပြီးတွင် အဆိုပါဂူအား အမေရိကန်လေတပ်က မီးလောင်တိုက်သွင်းကာ အငွေ့ပျံသွားအောင် ဖျက်ဆီးပစ်ရမည် ဖြစ်သည်။

 

ရဟတ်ယာဉ်များ၊ ဒုံးကျည်ပစ်ခတ်မှုများ၊ သေနတ်များနှင့်အတူ အကြီးအကျယ် ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်သက်သက်ဖြင့် အသေးစိတ် တည်ဆောက်ထားသော ခမ်းနားထည်ဝါလှသည့် ဇာတ်ဝင်ခန်း နောက်ခံကားများကို အစအနမကျန် ချေမှုန်းဖျက်ဆီးပစ်မည့် (၁၅) မိနစ်စာ ရုပ်ရှင်ပြကွက်အတွက် ရက်သတ္တပတ်ပေါင်းများစွာ အချိန်ယူ ရိုက်ကူးခဲ့ရသည်။

 

ဘူးသွင်းမီးခိုးဘူး အမြောက်အမြားကြောင့် ရိုက်ကွင်းတစ်ခုလုံးတွင် မြူနှင်းများ ဝေဆာနေတတ်ပြီး၊ ကျည်အစစ်မဟုတ်သော ကျည်ခွံအလွတ်များစွာကို ပစ်ခတ်ခြင်း၊ ဖောက်ခွဲရေးကြိုးများနှင့် ယမ်းများကို အမြောက်အမြား အသုံးပြုခြင်းတို့ကြောင့် ထိုဒေသရှိ ငှက်များနှင့် သားရဲတိရစ္ဆာန်အားလုံး ကြောက်လန့် တကြား ထွက်ပြေးပျောက်ကွယ်ကုန်ကြကာ ရိုက်ကူးရေးအဖွဲ့သားများမှာလည်း နားထဲတွင် ဂွမ်းစများ ထည့်ထားကြရသည်။

 

'ကင်းကောင်' ပုန်းအောင်းနေသည့် ရွာငယ်လေးနှင့် ဂူကို ဖျက်ဆီးရုံဖြင့် မလုံလောက်ပေ။ ဒါရိုက်တာ က လက်တွေ့နှင့် နီးစပ်သော သွေးထွက်သံယို မြင်ကွင်းများကို လိုလားသည့် အတွက် နောက်ခံလူပို အားလုံးကိုလည်း သတ်ပစ်ရန် လိုအပ်သည်။ ဇာတ်ညွှန်းအရ ဗီယက် ကောင်းများ နှင့် လာအိုလူမျိုး ရာပေါင်းများစွာ သေဆုံးရမည်ဖြစ်သော်လည်း နောက်ခံလူပို တရာခန့်သာ ရှိသဖြင့် အများစုမှာ တကြိမ်ထက်မက "သေ" ပေးခဲ့ကြရပြီး၊ အချို့မှာ လေး၊ ငါးကြိမ်အထိ သေပြခဲ့ရသည်။

 

တိုက်ပွဲ၏ အကောင်းဆုံးပြကွက်ဖြစ်သည့် ဖိလစ်ပိုင် လေတပ်မှ F-5 တိုက်လေယာဉ် နှစ်စင်းက အနိမ့်ပျံသန်းပြီး နာပမ်း ဗုံးဖြင့် အားပါးတရ ကြဲချ လိုက်သည့် ပြကွက်ပြီးမှသာ လူပိုအင်အား လိုအပ်ချက် လျော့နည်းသွားတော့သည်။ ရန်သူအများစုကို ထိုသို့ ရှင်းလင်းပြီးနောက်တွင်မူ ရိုက်ကူးရေး၏ နောက်ဆုံးရက်များအတွက် လူပို ၂၀ ခန့်သာ လိုအပ်တော့ရာ ထိုရွာကလေးမှာလည်း လူသူကင်းမဲ့ပြီး တစ္ဆေခြောက်သည့် မြို့ပျက်လေးတခုအလား ဖြစ်ကျန်ရစ်ခဲ့တော့သည်။

 

ထို နေရာသည် အရှင်လတ်လတ် လူသားတို့ အိပ်စက်အနားယူရာ နေရာဖြစ်သော်လည်း သေလူတို့ နိုးထရာ နေရာလည်း ဖြစ်သည်။ သုံးရက်တိုင်တိုင် အရုဏ်တက်ချိန်တိုင်းတွင် ရိုက်ကွင်းအတွင်း၌ "သေသွားတဲ့ ဗီယက်နမ်တွေ... ကိုယ့်နေရာကိုယ် ယူကြတော့!" ဟု အော်ဟစ်သံများ ဟိန်းထွက်နေတတ်သည်။

 

ထိုအခါ မြေပြင်ပေါ်မှ ဇမ်ဘီမျိုးနွယ်စုကြီး တစု နိုးထလာကြ၏။ ကိုယ်လက်အင်္ဂါ ပြတ်တောက်နေသည့် အသေကောင် သရုပ်ဆောင် အယောက်နှစ်ဆယ်ခန့်သည် သွေးသံရဲရဲ၊ ဒဏ်ရာဒဏ်ချက်များနှင့် စုတ်ပြတ်သတ်နေသော အဝတ်အစားများကို ဝတ်ဆင်လျက် မိတ်ကပ်တဲအတွင်းမှ ယိုင်တိယိုင်ထိုး ထွက်လာကြသည်။

 

အချို့က ရဲဘော်ရဲဘက်များကို တွဲကူကာ ခြေတစ်ဖက်တည်းဖြင့် ထော့နဲ့ထော့နဲ့ လျှောက်လာကြသည်။ ကျန်ခြေတစ်ဖက်ကိုမူ ပေါင်တွင် ကပ်၍ စည်းနှောင်ထားကြ၏။ လက်ထဲတွင်မူ အရိုးဖြူကြီးများ ပြူထွက်နေသည့် ခြေတုလက်တုများကို ကိုင်ဆောင်ထားပြီး မြေပြင်ပေါ် လှဲချလိုက်သည့်အခါမှ အနီးအနားတွင် အစီအစဉ် အတိုင်း ချထားကြရသည်။

 

အချို့က လက်တစ်ဖက်ကို အင်္ကျီအတွင်း ဝှက်ထားပြီး လက်ပြတ်နေသည့် လက်အင်္ကျီအချောင်ကြီးကို တွဲလောင်းချထားကာ စုတ်ပြတ်သတ်နေသော လက်တုများကို ကိုင်ထားကြသည်။ အချို့ကမူ ဦးခေါင်းခွံအတွင်းမှ ထွက်ကျနေသော ဦးနှောက်များကို လက်ဖြင့် အုပ်ကိုင်ထားကြ၏။ အချို့ကလည်း ဗိုက်ထဲမှ ထွက်ကျလာသည့် အူများကို ဂရုတစိုက် ကိုင်တွယ်ထားကြသည်။ ထိုအူများမှာ ကြည့်လိုက်လျှင် တဖျတ်ဖျတ်တောက်နေသော အဖြူရောင် ဝက်အူချောင်း အစိမ်းတန်းကြီးများနှင့် အတိအကျ တူညီနေတော့သည်။

 

ဝက်အူချောင်းများကို အသုံးပြုခြင်းမှာ လွန်စွာ ထက်မြက်သော အိုင်ဒီယာတစ်ခုပင်။ အဘယ်ကြောင့်ဆိုသော် သေနတ်ပစ်ခတ်သံများ စတင်သည်နှင့် ဟယ်ရီ က ဆာလောင်မွတ်သိပ်နေသော ခွေးအုပ်ကို လွှတ်ပေးလိုက်မည်ဖြစ်ပြီး ထိုခွေးများက ရိုက်ကွင်းအတွင်း ပြေးဝင်ကာ သေလူတို့၏ အူ များကို ရူးသွပ်စွာ ကိုက်ခဲစားသောက်ကြမည် ဖြစ်သောကြောင့်တည်း။

 

ဤအလောင်းများသည် "ကင်းကောင်" တို့၏ စခန်းပျက်ကြီးအတွင်း၌ ကျန်ရစ်ခဲ့သော ရန်သူ့အလောင်းများ ဖြစ်ကြသည်။ ဗီယက် ကောင်း နှင့် ဂရင်း ဘဲရေး တို့၏ ပြင်းထန်သော လက်ရုံးချင်းယှဉ် တိုက်ပွဲများအပြီးတွင် သေနတ်ဖြင့် အပစ်ခံရသူ၊ ဓားဖြင့် အထိုးခံရသူ၊ အရိုက်ခံရသူ သို့မဟုတ် အသက်ရှူကျပ်အောင် အညှစ်ခံရသူများအဖြစ် အရုပ်ဆိုး အကျည်းတန်သော ပုံစံမျိုးစုံဖြင့် ပြန့်ကျဲလဲလျောင်းနေကြခြင်း ဖြစ်သည်။

 

ထိုအသေကောင်များထဲတွင် အမည်မသိ ပြည်သူ့စစ်တပ်ဖွဲ့ဝင် အများအပြား ပါဝင်သလို၊ ဘင် ကို နှိပ်စက်ပြီး မိုင် ကို မုဒိမ်းကျင့်ခဲ့သည့် ဗီယက် ကောင်း လေးဦးလည်း ပါဝင်သည်။ ထိုသူများကို ရှေးဟောင်း ဂရိကဗျာဆရာကြီး ဟိုးမား ၏ သူရဲကောင်းများကဲ့သို့ ရှေးမတ်စ် နှင့် ဘယ်လာမီ တို့က သူတို့၏ ကေဘား ဓားများဖြင့် ရူးသွပ်စွာ လက်စားချေ သတ်ဖြတ်ခဲ့ကြသည်။

 

သူတို့သည် မီးကြွင်းမီးကျန်များ တရှူးရှူး မြည်နေသည့် စစ်မြေပြင်တွင် မောဟိုက်စွာ ရပ်နေကြစဉ် -

ရှေးမတ်စ် - "မင်း ကြားလား?"

ဘယ်လာမီ - "ကျွန်တော် ဘာမှ မကြားဘူး။"

ရှေးမတ်စ် - "အတိအကျပဲ။ အဲဒါ ငြိမ်းချမ်းသွားပြီ ဆိုတာကို ပြောနေတဲ့ အသံကွ။"

 

သို့သော် ရုပ်ရှင်က မပြီးသေးဘူး။ အဘွားအိုတယောက်သည် ဂူထဲကနေ ပြေးထွက်လာပြီး ငိုယိုအော်ဟစ်ရင်း သေဆုံးနေသည့် သူမ၏ ဗီယက် ကောင်း သားဖြစ်သူ အလောင်းပေါ် မှောက်ရက်လဲကျသွားသည်။ အမေရိကန် အထူးတပ်ဖွဲ့ များသည် အံ့အားသင့်သွားကြသည်။ ထို အဖွားအိုသည် သူတို့ ခဏခဏသွားပြီး ကာလသားရောဂါ ကံစမ်းမဲနှိုက်ခဲ့ကြသည့် စုတ်ပြတ်သတ်နေ သော ပြည့်တန်ဆာအိမ်က သွားမည်းမည်းနဲ့ ဖော်ဖော်ရွေရွေရှိလှသည့် မာမားဆန် ဖြစ်မှန်း မှတ်မိသွားကြ၍ ဖြစ်သည်။

 

ဘယ်လာမီ - "ဘုရားရေ၊ မာမားဆန်က ဗီယက် ကောင်း ဖြစ်နေတာလား။"

 

ရှေးမပ်စ် - "အားလုံးက ဗီယက် ကောင်းတွေချည်းပဲ ကောင် လေးရ၊ အားလုံးက ဗီယက်ကောင်းတွေ"

 

ဘယ်လာမီ - "သူ့ကို ဘာလုပ်ကြမလဲ။"

 

ရှေးမပ်စ် - "ဘာမှမလုပ်နဲ့၊ အိမ်ပြန်ကြစို့။"

 

ရှေးမပ်စ်ဟာ အနောက်တိုင်းရုပ်ရှင်တွေ၊ စုံထောက်ဝတ္ထုများ နှင့် စစ်ကားများ၏ အခြေခံအကျဆုံး စည်းမျဉ်းတစ်ခုကို မေ့သွားခဲ့သည်၊ ‌ဤသည်က "ရန်သူ သို့မဟုတ် နာကျည်းနေတဲ့ အမျိုးသမီးတစ်ယောက်ကို ဘယ်တော့မှ ကျောမခိုင်းမိစေနဲ့" ဆိုတာပင် ဖြစိသည်။ သူတို့ ကျောခိုင်းလိုက်သည်နှင့် ဒေါသအမျက် ချောင်းချောင်းထွက်နေသည့် မာမားဆန် သည် သူမသား၏ AK-47 ကို ကောက်ကိုင်ပြီး ရှေးမပ်စ်၏ တင်ပါးကနေ ပုခုံးကြားအထိ တရစပ် ပစ်ထည့်လိုက်တော့သည်။ 

 

အဲဒီနောက်မှာတော့ သူမကိုယ်တိုင်လည်း ကျည်အိမ်ထဲက နောက်ဆုံးကျည်ဆံများ နှင့် ချက်ခြင်းလှည့်ပစ်လိုက်သည့် ဘယ်လာမီ၏ လက်ချက်နဲ့ သေဆုံးသွားရပြန်သည်။

 

ဟယ်ရီက ကြိုတင် ထည့်သွင်း ထားသည့် သွေးထွက်ပြွန် လေး များကနေ သွေးအတုများ ၁၄ ကြိမ်လောက် တပန်းတပန်း ပန်းထွက်လာပြီး သူမသည် အနှေးပြကွက် နှင့် သေဆုံးသွားခဲ့သည်။ ဟယ်ရီက သူမပါးစပ်ထဲ ငုံထားဖို့ နောက်ထပ် နှစ်လုံးပေးလိုက်သေးသည်။ ကျွန်တော်က သွေးအတုများကို သုတ်ပေးနေတုန်းမှာ သူမက "ဒါကြီးက အရသာ အရမ်းဆိုးတာပဲ၊ ကျွန်မ သရုပ်ဆောင်တာ အပြင်ကအတိုင်း ဖြစ်ရဲ့လား" လို့ မေးသည်။ ကျွန်တော်ကလည်း သူမ ကျေနပ်သွားအောင် "အံ့သြစရာကောင်းတယ်၊ အန်တီ သေပြသလို ဘယ်သူမှ မသေနိုင်ဘူး" လို့ ပြန်ပြောလိုက်ရသည်။

 

သရုပ်ဆောင်ကြီး ကလွဲရင်ပေါ့။ အာရှစူး တို့ ဂျိမ်းစ်ယွန်း တို့က တော့ မည်သူမှ သူတို့ ထက် သရုပ်ဆောင်ကောင်းသည်ဟု မပြောနိုင်အောင် သူ သေရသည့် အခန်းကို ၁၈ ကြိမ်တိုင်တိုင် ရိုက်ဖို့ တောင်းဆိုခဲ့သည်။ သို့သော် တကယ့် သရုပ်ဆောင်ကောင်းသည်ဟု ထင်ရမည့် သူ ကတော့ မင်းသားချော ပင် ဖြစ်သည်။ သူသည် သေလုမျောပါးဖြစ်နေသည့် ဝီလ်ရှေးမပ်စ် ကို ရင်ခွင်ထဲပွေ့ပိုက်ထားရသည်။

 

ဤသည်က ခက်ခဲ သော အလုပ်ပင် ဖြစ်သည်။ အဘယ်ကြောင့် ခက်ခဲနေရသနည်းဆိုမူ သရုပ်ဆောင်ကြီးသည် ရိုက်ကူးရေး ၇ လတာအတွင်းမှာ တခါမှ ရေမချိုးထားလို့ ဖြစ်သည်။ ဘယ်စစ်သားမဆို ရေချိုးဖို့ အခွင့်အရေးရရင် လက်လွတ်မခံတတ်ကြ။ အနည်းဆုံးတော့ စစ်ဦးထုပ်ထဲက ရေအေးလေးနဲ့ ဆပ်ပြာတိုက်ပြီး ချိုးတတ်ကြသည်ပင် ဖြစ်သည်။

 

ရိုက်ကူးရေးကာလ အစောပိုင်းတုန်းက ကျွန်တော် ဒါကို သရုပ်ဆောင်ကြီးကို ပြောဖူးသည်။ သူက ကျွန်တော့်ကို သနားသလိုလို၊ ရယ်ချင်သလိုလို ကြည့် နေသည်။ သူ၏ အကြည့်က "မင်းရဲ့ ဘောင်းဘီဇစ် ပွင့်နေတယ်၊ ဒါပေမဲ့ ပွင့်နေလည်း ဘာမှ ထူးထူးခြားခြား မြင်ရမှာမဟုတ်ဘူး" လို့ ပြောနေသလို မျိုး ဖြစ်သည်။ "ဘယ်စစ်သားမှ ဒီလိုမနေခဲ့လို့ပဲ ငါက ဒီလိုနေပြတာပေါ့" လို့ သူက ပြန် ပြောသည်။ 

 

ထို့ကြောင့်ပင် ဘယ်သူမှ သူနှင့် တစားပွဲတည်း အတူမစားရဲသလို၊ ၁၅ ပေ ၂၀ ပေအတွင်းမှာတောင် မကပ်ရဲကြ ဖြစ်လာသည်။ သူ့၏ အနံ့သည် အရမ်းပြင်းလွန်း နေ၍ မင်းသားချောခမျာ ရိုက်ချက်တိုင်းမှာ ရှေးမပ်စ်၏ နောက်ဆုံးစကားဖြစ်သည့် "ဖာသည်မကြီး! ဖာသည်မကြီး!" ဆိုသည်ကို နားထောင်ဖို့ အနားကပ်သွားတိုင်း မျက်ရည်တွေဝဲပြီး အန်ချင်စိတ်ကို အောင့်ထားရရှာသည်။

 

ရှေးမတ်စ် သေဆုံးသွားပြီဖြစ်၍ ဘယ်လာမီ အတွက် "ကင်းကောင်" ၏ စခန်းပေါ်သို့ Arc Light လေကြောင်းဗုံးကြဲမှု စတင်ရန် အချက်ပေးဖို့ လမ်းပွင့်သွားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ယံထက်တွင်မူ မမြင်ရသော B-52 ဗုံးကြဲလေယာဉ်တစင်းက ပေါင် သုံးသောင်းအလေးချိန်ရှိသော ဗုံးများကို ထိုစခန်းပေါ်သို့ ကြဲချပေလိမ့်မည်။ ထိုသို့လုပ်ဆောင်ခြင်းမှာ အသက်ရှင် ကျန်ရစ်သူ များကို သတ်ဖြတ်ရန်မဟုတ်ဘဲ သေဆုံးနေသူများ ပြန့်ကျဲ နေ သော မြေပြင်ကို သန့်စင်ရန်၊ ကင်ကောင်၏အလောင်းပေါ်တွင် အောင်ပွဲခံကခုန်ရန်၊ ကမ္ဘာမြေမိခင်၏မျက်နှာထက်မှ ဟစ်ပီဆန်ဆန် အပြုံးများကို သုတ်သင်ရန်နှင့် "မတတ်နိုင်ဘူးလေ၊ ငါတို့က အမေရိကန်တွေဖြစ်နေတာကိုး" ဟု ကမ္ဘာကြီးကို ပြောပြရန်အတွက်သာ ဖြစ်သည်။

 

ဤဇာတ်ဝင်ခန်းသည် ကြီးမားလှသော စက်မှုလုပ်ငန်းကြီး တခုသဖွယ် ဖြစ်လာပြီး မြောင်းအတော်များများကို တူးကာ ဂါလံနှစ်ထောင်မကသော ဓာတ်ဆီများ၊ မီးခိုးဗုံး တထောင်ခန့်၊ ရာနှင့် ချီသော ဖော့စဖရပ်စ် ချောင်း များ၊ ဒိုင်းနမိုက် အချောင်းပေါင်းများစွာနှင့် မရေမတွက်နိုင်သော ဒုံးကျည်များ၊ မီးကျည်များနှင့် ကျည်ဆန်များကို အသုံးပြုထားသည်။ ဤအရာအားလုံးမှာ တရုတ်နှင့် ဆိုဗီယက်တို့ ထောက်ပံ့ထားသော ကင်းကောင်၏ ခဲယမ်းမီးကျောက် သိုလှောင်ရုံများ ပေါက်ကွဲသည့် ပုံစံမျိုးဖြစ်အောင် ဖန်တီးထားခြင်း ဖြစ်သည်။

 

ရုပ်ရှင်အဖွဲ့သားအားလုံးသည် ရုပ်ရှင်သမိုင်းတွင် အကြီးမားဆုံး ဖြစ်လာမည့် ပေါက်ကွဲမှု ကြီးကို ကြည့်ရှုရန် စောင့်စားနေခဲ့ကြသည်။ "ဒီရုပ်ရှင်ရိုက်ကူးရတာဟာ စစ်တိုက်နေရတာနဲ့ အတူတူပဲဆိုတာကို ပြသရမယ့်အချိန်ပဲ" ဟု ဒါရိုက်တာ ကြီး က ပြီးခဲ့သည့်အပတ်ကပင် အဖွဲ့သားများအား ကြွေးကြော်ခဲ့သည်။

 

 "မင်းတို့မြေးတွေက စစ်ပွဲအတွင်းမှာ မင်းတို့ဘာလုပ်ခဲ့လဲလို့ မေးရင် 'ငါ ဒီရုပ်ရှင်ကို ရိုက်ခဲ့တာကွ၊ ငါဟာ ကြီးကျယ်တဲ့ အနုပညာလက်ရာတစ်ခုကို ဖန်တီးခဲ့တာ' လို့ ပြန်ပြောနိုင်တယ်။ ကြီးကျယ်တဲ့ အနုပညာလက်ရာဆိုတာ ဘာလဲ? အဲ့ဒါဟာ လက်တွေ့ဘဝလိုပဲ စစ်မှန်နေရမယ်၊ တခါတလေ လက်တွေ့ထက်တောင် ပိုပြီး စစ်မှန်နေရမယ်။ ဒီစစ်ပွဲကြီးကို လူတွေမေ့သွားပြီး ကျောင်းသုံးစာအုပ်ထဲက စာကြောင်းတစ်ကြောင်းအဖြစ်ပဲ ကျန်ခဲ့တော့မယ့်အချိန်၊ စစ်ပွဲက လွတ်မြောက်လာသူတွေအားလုံး သေဆုံးပြီး သူတို့ရဲ့ခန္ဓာကိုယ်တွေဟာ မြေမှုန့်အဖြစ်၊ မှတ်ဉာဏ်တွေဟာ အက်တမ်တွေ ဖြစ်သွားတဲ့အချိန်မှာတောင် ဒီအနုပညာလက်ရာဟာ တောက်ပနေဆဲဖြစ်ပြီး ဒါဟာ စစ်ပွဲအကြောင်းတင်မကတော့ဘဲ စစ်ပွဲကိုယ်တိုင် ဖြစ်နေလိမ့်မယ်။"