"ခြင်္သေ့ဆိုတာ အမဲလိုက်ဖို့ပဲ အပြင်ထွက်တာ၊ ဟိုကြည့်ဒီကြည့် လျှောက်ကြည့်ဖို့ ဘယ်တော့မှ အပြင်မထွက်ဘူး” ဟု ဗီဂျေး ၏ ဟိန်းဟောက်ပြောဆို သံကို တမီ နာဒူး တခွင် ကြားလာခဲ့ရသည်။ ဗီဂျေး ဟူသော အမည်တလုံးတည်းဖြင့် ကျော်ကြားလာ သော အိန္ဒိယတောင်ပိုင်း ရုပ်ရှင်မင်းသားသည် သူ ရိုက်ကူးခဲ့သော တမီးလ်ရုပ်ရှင် ၇၆ ကား စလုံး တွင် ရန်သူများကို မနှိမ်နင်းမီ ယခုကဲ့သို့ သတိပေးချက်များကို ပြောဆို ခဲ့ဖူးသည်။
သို့သော်လည်း ယခုတကြိမ် တွင်တော့ ရုပ်ရှင်ပိတ်ကားထက်တွင် ပြောကြားခဲ့ခြင်းမဟုတ်ဘဲ တမီးလ်နာဒူးပြည်နယ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းနေသည့် နိုင်ငံရေးဟောပြောပွဲတခုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဇာတ်ဆန်ဆန် ပြောဆိုမှုများသည် အလုပ်ဖြစ်ခဲ့သည်။ မေလ ၄ ရက်နေ့တွင် အသက် ၅၁ နှစ်အရွယ်ရှိဗီဂျေး၏ Tamilaga Vettri Kazhagam (TVK) ပါတီသည် ပြည်နယ်အတွင်း မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ၅၉ နှစ်ကြာ အမြစ်တွယ်ခဲ့သည့် ဒေသခံပါတီကြီးနှစ်ခု၏ အုပ်စိုးမှုကို ဖြိုဖျက်ပစ်နိုင်ခဲ့သည်။
ဗီဂျေးအနေဖြင့် ညွန့်ပေါင်းအစိုးရတရပ် ဖွဲ့စည်းရန် လိုအပ်နေသေးသော်လည်း လာမည့်ရက်ပိုင်းအတွင်း ဝန်ကြီးချုပ်ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ရသည်။
တမီးလ်နာဒူးပြည်နယ်သည် အိန္ဒိယတွင် စီးပွားရေးအရှိန်အဟုန် အကောင်းဆုံး ပြည်နယ်တစ်ခုဖြစ်ပြီး လူဦးရေ ၇၈ သန်း နေထိုင်သည့်အပြင် Apple စက်ရုံများနှင့် အိန္ဒိယ၏ မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းအများစု အခြေစိုက်ရာ နေရာလည်း ဖြစ် နေ၍ ထို အပြောင်းအလဲသည် လွန်စွာပင် အရေးပါလှသည်။
တမီးလ်နာဒူးပြည်နယ်၏ ရုပ်ရှင်လောကသည် ဒေသခံ နိုင်ငံရေးသမားများအတွက် အရည်အချင်းစစ် လူရွေးပွဲကဲ့သို့ပင် ဖြစ်နေသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ် ခြောက်စု အတွင်း တက်လာခဲ့သည့် ဝန်ကြီးချုပ်တိုင်းလိုလိုမှာ ရုပ်ရှင်လောကနှင့် ပတ်သက်မှုရှိခဲ့ကြသည်။ ဗီဂျေး ကမူ ရုပ်ရှင် လောကထဲတွင်ပင် ကြီးပြင်းလာခဲ့သူဖြစ်သည်။ အသက် ၁၀ နှစ်အရွယ်မှာပင် ဒါရိုက်တာဖြစ်သူ ဖခင်က ၎င်းအား ပထမဆုံးရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်စေခဲ့သည်။
နောက်ပိုင်းတွင် သူသရုပ်ဆောင်ခဲ့သည့် အက်ရှင်ဇာတ်ရုပ်များက ၎င်းကို တမီးလ်လူမျိုး တို့အခေါ် "လူထုသူရဲကောင်း" ဖြစ်လာစေခဲ့သည်။ ပရိသတ်များက "စစ်သေနာပတိ" ဟု ဘွဲ့ပေးထားကြသည့် ဗီဂျေးသည် ပိတ်ကားထက်တွင် အကြမ်းဖက်သမားများကို နှိမ်နင်းခြင်း၊ မြေရှင်ကြီးများကို တိုက်ခိုက်ခြင်းနှင့် ရွေးကောက်ပွဲ မသမာမှုများကို ဖော်ထုတ်ခြင်းတို့ကို သရုပ်ဆောင်ခဲ့သည်။ ရုပ်ရှင်ကား တကားတွင် သူသည် မြူးကြွလှသည့် နောက်ခံတေးသံနှင့်အတူ ဟိုင်အီးနားတကောင်ကို လက်ဗလာဖြင့် လုံးထွေးသတ်ပုတ်ပြခဲ့သေးသည်။
ဗီဂျေး၏ အသည်းစွဲပရိသတ်များသည် ၎င်းသရုပ်ဆောင်ခဲ့သည့် ဇာတ်ကောင်များအတိုင်းပင် ပြင်ပလောကတွင်လည်း သူရဲကောင်းတဦး ဖြစ်လာနိုင်သည်ဟု ယုံကြည်လာကြသည်။ သူ့တွင် အင်အားကောင်းပြီး တက်ကြွလှုပ်ရှားသည့် ပရိသတ်အသင်း (Fan Clubs) များ ရှိထားပြီး ဖြစ်ရာ ထိုအသင်းများသည် နိုင်ငံရေးအရ အသုံးချရန် အကောင်းဆုံးသော ယန္တရားများ ဖြစ်လာခဲ့သည်။ ၎င်းတို့ကို TVK ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းရန်မှာ အခြေခံရှိပြီးသား အဖွဲ့အစည်းများကို စုစည်းပြီး အမည်နာမအသစ် ပြောင်းလဲသတ်မှတ်ရန်သာ လိုအပ်ခဲ့သည်။
TVK ပါတီသည် လူမှုရေးတရားမျှတမှု၊ တန်းတူညီမျှဝါဒနှင့် တမီးလ်တို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။ ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်သူ ဗီဂျေးကမူ အိန္ဒိယနိုင်ငံကို အုပ်ချုပ်နေသည့် ဟိန္ဒူအမျိုးသားရေးဝါဒီ Bharatiya Janata Party (BJP) ကို သူ၏ "ဝါဒရေးရာ ရန်သူ" ဟု ခေါ် ဝေါ်ခဲ့ပြီး လူနည်းစုများအပေါ် ထိုပါတီ၏ ဆက်ဆံပုံကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
တမီးလ်နာဒူးပြည်နယ်၏ ယခင်အုပ်စိုးသူများကိုလည်း အဂတိလိုက်စားသူများနှင့် ဆွေစဉ်မျိုးဆက် အာဏာကို လက်ဝါးကြီးအုပ်ထားသူများအဖြစ် စွပ်စွဲချက်များသည် မဲဆန္ဒရှင်များ၊ အထူးသဖြင့် လူငယ်များကြားတွင် ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်။
TVK ပါတီသည် ၎င်းတို့၏ ဝါဒကို လူမှုဖူလုံရေး အစီအစဉ်အမျိုးမျိုးဖြင့် အကောင်အထည်ဖော်ရန် ကတိပြုထားသည်။ သို့သော်လည်း နိုင်ငံရေးအတွေ့အကြုံ မရှိလှ သော ပါတီတခုအနေဖြင့် ၎င်းကို မည်သို့လုပ်ဆောင်မည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။
ထို့ပြင် ဗီဂျေးအနေဖြင့် ၎င်းဖယ်ရှားခဲ့သည့် ဩဇာကြီးမား လှသည့် ပါတီကြီးနှစ်ခုနှင့် ရင်ဆိုင်ရင်း ညွန့်ပေါင်းအစိုးရတစ်ရပ်ကို ဦးဆောင်သွားရမည် ဖြစ်သည်။ အဆိုပါ ပြိုင်ဘက်ပါတီကြီးနှစ်ခုသည် ၎င်းတို့ အချင်းချင််း တစောင်းစေး နှင့် မျက် ချေး ဖြစ် နေကြသော်လည်း ဗီဂျေး ကို ရာထူးမှဖြုတ်ချရန် မဟာမိတ်ပင် ဖွဲ့နိုင်သည်ဟူသော ကောလာဟလများလည်း ထွက်ပေါ်နေသည်။ နိုင်ငံရေး ဆိုသည့် တောအုပ်ထဲတွင်တော့ သားရဲတိုင်းသည် ခြင်္သေ့ကို အမဲလိုက်ရန် ချောင်းမြောင်း နေကြစမြဲ ဖြစ်သည်။
(၂၀၂၆ မေလ ၉ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ"Vijay, the action hero who conquered India’s economic powerhouse" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)