ဂေါ်ကီ ၏ အမေ(61)

by Hla Soewai - May 11 2026

တစ်နေ့သော အားလပ်ရက်တွင် အမေသည် ဆိုင်မှအပြန် အိမ်ရှေ့ဝရန်တာတံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ရုတ်တရက် ခံစားလိုက်ရသော ကြည်နူးမှု ကြောင့် ကျောက်ရုပ်ပမာ ငြိမ်သက်သွားမိသည်။ အိမ်ခန်းထဲမှ ပါဗယ်၏ အသံကို သူမ ကြားလိုက်ရခြင်းပင်။

 

"ဟော... အမေ ပြန်လာပြီ!" ဟု ရုရှားကလေး က အော်ပြောလိုက်သည်။

 

ပါဗယ်က ချက်ချင်းဆိုသလို လှည့်ကြည့်လာသည်ကို အမေ မြင်လိုက်ရသည်။ ထိုအခါ သူ့မျက်နှာထက်တွင် မိခင်အတွက် ကြီးကျယ်မြင့်မြတ်သော အနာဂတ် ကို ဆောင်ကြဉ်းပေးတော့မည့်အလား၊တောက်ပသွားသည်ကိုလည်း မြင်လိုက်ရ၏။

 

"အေး... ပြန်လာပြီ... ပြန်ရောက်လာပြီပေါ့" ဟု သူမ တိုးတိုးလေး ရေရွတ်မိသည်။ မမျှော်လင့်ဘဲ ရုတ်တရက် ကြုံလိုက်ရသည့် ဖြစ်ရပ်ကြောင့် အမေသည် ယိုင်တိယိုင်တိုင်ဖြင့် ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်မိလေတော့သည်။

 

ပါဗယ် သည် သူ၏ ဖြူဖျော့နေသော မျက်နှာကို အမေ မျက်နှာ နားသို့ ကပ်လိုက်သည်။ သူ၏မျက်လုံးထောင့်များတွင် မျက်ရည်စများ တလက်လက်တောက်နေပြီး နှုတ်ခမ်းများမှာလည်း တုန်ရီနေကြသည်။ ခဏမျှ သူ နှုတ်ဆိတ်နေမိ၏။ အမေကလည်း သူ့ကိုကြည့်ရင်း ဘာစကားမျှ မဆိုဘဲ ငြိမ်သက်နေလေသည်။ ရုရှား‌ လေး ကမူ လေချွန်သံ ခပ်အုပ်အုပ်လေး ပြုလုပ်ရင်း ခေါင်းငုံ့လျက် သူတို့နှစ်ဦးအနားမှ ဖြတ်ကာ အိမ်ရှေ့ဝင်းထဲသို့ ထွက်သွားလေသည်။

 

"ကျေးဇူးတင်ပါတယ် အမေ" ဟု ပါဗယ်က တုန်ရီနေသော လက်ချောင်းများဖြင့် အမေ့လက်ကို ဆုပ်ကိုင်ရင်း အသံတိုးတိုး ဖြင့် ပြောလိုက်သည်။

 

"ကျေးဇူးတင်ပါတယ်... ကျွန်တော့်ရဲ့ ချစ်လှစွာသော အမေ ရယ်။"

 

အမေသည် သားဖြစ်သူ၏ မျက်နှာပေါ်တွင် ပေါ်လွင်နေသော စိတ်လှုပ်ရှားမှုနှင့် တုန်ယင်နေသော အသံနေအသံထားကြောင့် ဝမ်းသာအားရ ဖြစ်မိသည်။ သားဖြစ်သူ၏ ဆံပင်များကို တယုတယ ပွတ်သပ်ပေးရင်း ရင်ထဲမှ တဒိတ်ဒိတ် ခုန်နေသော နှလုံးခုန်သံကို ထိန်းချုပ်ရန် ကြိုးစား‌ နေရင်းက ယခုလို တိုးညှင်းစွာ ရေရွတ်လိုက်သည် -

"ဘုရားသခင် မင်းနဲ့အတူ ရှိပါစေကွယ်။ အမေက မင်းအတွက် ဘာများ လုပ်ပေးနိုင်လို့လဲ။ မင်းကို အခုလို လူမျိုးဖြစ်လာအောင် အမေက ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ မင်းကိုယ်တိုင်ပဲ..."

 

"ကျွန်တော်တို့ရဲ့ မြင့်မြတ်တဲ့ အရေးတော်ပုံအတွက် ကူညီပေးတာ ကျေးဇူးတင်ပါတယ် အမေ" ဟု ပါဗယ်က ဆိုသည်။ "မိခင်အရင်းကစိတ်ဓာတ်ပိုင်းဆိုင်ရာအရမှာ သားဖြစ်သူနဲ့ တသားတည်း ရှိနေတာကို က ကျွန်တော့်အဖို့ တကယ်ကို ရှားပါးတဲ့ ကံကောင်းမှုပါပဲ အမေ"

 

သူမသည် ဘာမှပြန်မပြောဘဲ သားဖြစ်သူ၏ စကားလုံးများကိုသာ အငမ်းမရ နားထောင်နေမိသည်။ မိမိရှေ့တွင် ဝင်းလက်တောက်ပစွာဖြင့် နီးနီးကပ်ကပ် ရပ်နေသော သားဖြစ်သူကိုသူမသည် အားရကျေနပ်စွာဖြင့် ငေးမောကြည့်ရှုနေမိတော့သည်။

 

"ကျွန်တော် တိတ်တိတ်နေခဲ့တာပါ အမေရယ်။ ကျွန်တော် လုပ်ခဲ့သမျှ တော်တော်များများဟာ အမေ့ကို နာကျင်စေခဲ့မှန်း ကျွန်တော် သိပါတယ်။ ကျွန်တော် အမေ့အတွက် စိတ်မကောင်းဖြစ်ရပေမဲ့ ဘာမှမတတ်နိုင်ခဲ့ဘူး။ ကျွန်တော်ဟာ အစွမ်းအမဲ့ဖြစ်ခဲ့ရတယ်! အမေဟာ ကျွန်တော်တို့နဲ့ ဘယ်တော့မှ စိတ်သဘောထားချင်း တိုက်ဆိုင်လာမှာ မဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေကိုလည်း အမေ ဘယ်တော့မှ လက်ခံနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ခဲ့တာ။ အမေဟာ တစ်သက်လုံး ခံစားလာခဲ့ရသလိုမျိုးပဲ ဆိတ်ဆိတ်နေပြီး ဆက်လက်ခံစားသွားရတော့မှာပဲလို့ ကျွန်တော် ထင်ခဲ့တယ်။ အဲဒါဟာ တကယ်ကို ခက်ခဲတဲ့ကိစ္စပါပဲ။"

 

"အန်ဒရူးရှာ က အမေ့ကို အများကြီး နားလည်အောင် ရှင်းပြခဲ့တာပါ!" ဟု သူမက ဆိုသည်။

 

သူမသည် သားဖြစ်သူ၏ အာရုံကို သူ၏ ရဲဘော် ရဲဘက်ဆီသို့ လှည့်ပေးချင်နေသည်။

 

"ဟုတ်တယ်၊ သူ အမေ့အကြောင်း ကျွန်တော့်ကို ပြောပြတယ်" ဟု ပါဗယ်လ်က ရယ်မောရင်း ပြောသည်။ "ယီဂေါရ် ကောပဲ။ သူက ကျွန်တော့်ရဲ့ နယ်ခံတစ်ယောက်လေ။ အန်ဒရူးရှာက အမေ့ကို စာသင်ပေးဖို့လည်း ကြိုးစားသေးတယ်ဆို။"

 

"အဲဒါကို အမေက စိတ်ဆိုးပြီးတော့ တစ်ယောက်တည်း တိတ်တိတ်ကလေး ခိုးပြီး လေ့လာနေတာပေါ့"

 

"အို... သူက အမေခိုးလုပ်တာကို သိသွားတာလား!" သူမက ရှက်ရွံ့စွာဖြင့် ရေရွတ်လိုက်သည်။

 

ထို့နောက် သူမ၏ နှလုံးသားထဲတွင် ပြည့်လျှံနေသော ကြည်နူးမှုများကြောင့် စိုးရိမ်ပူပန်သလို ဖြစ်လာပြီး "သူ့ကို အထဲ ပြန် ဝင်ခိုင်းလိုက်ရအောင်လား သား။ သူက အ မေ တို့ အတူတူရှိနေတာကို မနှောင့်ယှက်ချင်လို့ တမင် အပြင်ထွက်ပေးသွားတာ။ သူ့မှာ အမေမှ မရှိတော့တာ..."

 

အန်ဒရေးရေ!" ဟု ပါဗယ်က အိမ်ရှေ့ဝရန်တာတံခါးကို ဖွင့်လိုက်ရင်း အော်ခေါ်လိုက်သည်။

 

 "မင်း ဘယ်မှာလဲ"

 

"ဒီမှာလေ၊ ထင်းနည်းနည်းလောက် ခွဲမလို့"

 

"ထားလိုက်စမ်းပါ၊ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ဒီကို လာခဲ့ဦး!"

 

"အေးပါ၊ လာပြီ!"

 

သို့သော် သူသည် ချက်ချင်းရောက်မလာခဲ့ချေ။ မီးဖိုချောင်ထဲသို့ ဝင်လာသောအခါတွင်မှ အိမ်ထောင်ဦးစီး တဦးကဲ့သို့ လေသံဖြင့် သူက ဆိုသည်။

 

"ကျွန်တော်တို့ နီကိုလိုင်းကို ထင်းယူလာခိုင်းရမယ်။ ထင်းက သိပ်မကျန်တော့ဘူး။ အမေ ကြည့်စမ်းပါဦး၊ ပါဗယ် တစ်ယောက် လူရုပ်ထွက်လာတာ။ အစိုးရက ပုန်ကန်တဲ့သူတွေကို အပြစ်ပေးမယ့်အစား အစာကောင်းကောင်းကျွေးပြီး ဆူဖြိုးအောင် လုပ်ပေးနေသလိုပဲ"

 

အမေသည် တဟားဟား ရယ်မောလိုက်၏။ သူမ၏နှလုံးသားမှာ ဝမ်းသာအားရမှုကြောင့် ခုန်ပေါက် လှုပ်ရှား နေဆဲပင်။ ပျော်ရွှင်မှု ဒီရေလှိုင်းများကြားတွင် သူမ ယစ်မူးနေမိသည်။ 

 

သို့သော်လည်း စိုးရိမ်တကြီးဖြင့် အမြဲသတိထားတတ်သည့် အသိစိတ်က သူမအား တခုခုကို သတိပေးနေသလို ခံစားလာရပြန်သည်။ သားဖြစ်သူကို သူမ မြင်တွေ့နေကျအတိုင်း တည်ငြိမ်အေးဆေးစွာဖြင့်သာ မြင်ချင်မိလာသည်။

 

မိမိဘဝတွင် ပထမဦးဆုံးအကြိမ် ရရှိခဲ့ဖူးသော ဤပျော်ရွှင်မှုမျိုးကို သူမ၏ ရင်ထဲတွင် ထာဝရ ကိန်းအောင်းနေစေချင်သည်။ ထိုပျော်ရွှင်မှု အရသာ လျော့ပါးသွားမည်ကို စိုးရိမ်သည့်အတွက် သူမ၏ ပျော်ရွှင်မှုများကို ဖုံးကွယ်ထားရန် ကြိုးစားနေမိ၏။ ရှားပါးသော ငှက်တစ်ကောင်ကို ဖမ်းဆီးရမိထားသည့် ငှက်ခတ်သမားတစ်ယောက်ကဲ့သို့ သူမ၏ ပျော်ရွှင်မှုကို လုံခြုံအောင် သိမ်းဆည်းထားချင်မိသည်။

 

"ထမင်းစားရအောင်လေ၊ ပါရှာ ... သား ဘာမှမစားရသေးဘူး မလား" ဟု သူမက စိုးရိမ်တကြီးဖြင့် အလျင်အမြန် မေးလိုက်သည်။

 

"မစားရသေးဘူး အမေ၊ မနေ့ကပဲ ထောင်ပိုင်ကြီးဆီကနေ ကျွန်တော် လွတ်တော့မယ်ဆိုတဲ့အကြောင်း သိလိုက်ရလို့ ခုထိကို ဘာမှစားလို့သောက်လို့ မရတော့ဘူးဗျာ။"-