အာဆီယံ အတွင်း ဘာတွေ ဖြစ်နေပြီလဲ

by Hla Soewai - May 11 2026

အာဆီယံသည် အချင်းချင်း ငြင်းခုံ နေကြရင်း အချိန်ကုန်လာသည့် အတွက် မြန်မာ တို့၏ တော်လှန်ရေး အဖို့ အားကိုးစရာ ဖြစ်မလာခဲ့သော်လည်း မင်းအောင်လှိုင်ကမူ နိုင်ငံတကာ အသိုက်အဝန်း သို့ ပြန်လည် ဝင်ရောက်ခွင့်ရရေး အာဆီယံ အား ခွေးတိုးပေါက် တခု အလား အသုံးချ ချင်နေသည်၊ ဤသည်ကို အာဆီယံသည် ဆက်၍ ပိတ်ဆို့ ထားနိုင်မည်လား ဆိုသည်က တော်လှန် ပြည်သူများ အတွက် အရေး ပါလာရပြီ ဖြစ်သည်။

 

ယခု တကြိမ် ၎င်း အနေဖြင့် အာဆီယံ အစည်း အဝေး တက်ခွင့် မရခြင်းသည် ယခင် ငါးနှစ် နှင့် မတူ အကြီးအကျယ် အရှက်တကွဲ ဖြစ်ခဲ့ရသည်။ ယခင်က အာဏာသိမ်း စစ်ခေါင်းဆောင် ဟု ယူဆကြ၍ တက်ခွင့် မပေးခြင်း ဖြစ်သည်ဟု ဖြေသိမ့်၍ ရသေးသော်လည်း ယခု အခါ သူ့အဆို "ဒီမိုကရေစီ နည်းကျကျ ရွေးကောက်တင်မြှောက်ခံရပြီး" မှ ဆက်၍ ပိတ်ပင်ခံရခြင်းသည် မည်သို့မျှ ဖြေမဆည် နိုင် ဖြစ်ရရှာသည်။

 

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းလည်း မရှိ၊ ပါတီ ခေါင်းဆောင်လည်း မဟုတ်၊ ကားမည်းကြီး ဖြင့် ကျမ်းသစ္စာ ကျိန်ဆိုရန် ရောက်လာပြီး သမ္မတ ဖြစ်လာသူ ဖြစ်သည်။

 

ယခုအခါ အရှက်တကွဲ ဖြစ်လာရ၍ စိတ်တော်သိ ဗောင်းတော်ညိမ့်များက "ပတ္တမြားကြီး" ပေါ်ထွက်လာပြီ၊ "ညောင်ရွက်‌ တွေ ဝါထိန်ကုန်ပြီ" ဟု ဆိုကာ သိန္ဓိတင်ပေးလာကြရသည်။ ထိုသစ်ရွက်များသည်လည်း နှစ်ရက် အတွင်း သဘာဝ အလျောက် မြေခကြကုန်သည်။

 

မင်းအောင်လှိုင်သည် ‌သမ္မတ ကြီး ဦးဝင်းမြင့်အား လွှတ်‌ ပေးသည်၊ လူထု ခေါင်းဆောင် အား နေရာ ရွှေ့ပြောင်းပေးသည် ဟု ဆိုကာ လုပ်ပြလာသော်လည်း ၎င်းနှင့် လူပြောသူပြော မခံရအောင် မည်ကဲ့သို့ အကောင်းဆုံး ထိတွေ့ဆက်ဆံရမည်ဆိုသည့်အပေါ် အာဆီယံခေါင်းဆောင်များအကြား နက်ရှိုင်းစွာ ဖြစ်ပေါ်နေသော သဘောထားကွဲလွဲမှုများကို လျော့ပါးသွားစေရန် လုံလောက်မှုမရှိခဲ့ပေ။

 

အာဆီယံအနေနှင့် လက်ဝယ်ရှိထားသည့် တခုတည်းသော နိုင်ကွက် ကတော့ မင်း အောင်လှိုင် ကို အာဆီယံ နိုင်ငံ ခေါင်း‌ ဆောင်များ နှင့် အတူ ယှဉ်ထိုင်ခွင့် မပေးသေးခြင်း ပင် ဖြစ်သည်၊ တကယ်တမ်းတွင် မင်းအောင်လှိုင်ကလည်း ထိုသို့ ထိုင်ခွင့်ရဖို့ကိုသာ လိုလားနေသူ ဖြစ်၍ ထိုအချက်သည် အာဆီယံ အတွက် အရေးကြီးဆုံး ဖြစ်လာနေသည်၊ ၎င်းကို ဝင်ခွင့် ပေးလိုက်ပါက လက်ရှိ တွေ့လာရသော သမ္မတကြီး ဦးဝင်းမြင့် အား လွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ဖြေလျော့ပေးလာခြင်းမျိုး ထပ်မံ တွေ့ရတော့မည် မဟုတ် ဆိုသည်ကို သတိမူသင့် လှသည်။

 

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်က အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို နှစ်ပေါင်းများစွာကြာသည်အထိ အောင်မြင်စွာ အကောင်အထည်မဖော်နိုင်ခြင်းအပေါ် အဖွဲ့ဝင်နိုင်ငံများက "စိတ်ပျက်နေကြသည်" ဟု သောကြာနေ့တွင် ပြောကြားခဲ့ပြီး၊ ယင်းအစီအစဉ်ကို "အနုစိတ်ပြင်ဆင်မှုများ (fine-tuning)" ပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း အကြံပြုခဲ့သည်။

 

ကျွန်တော် တို့ အတွက် ကံမကောင်း အ‌ ကြောင်းမလှ ဖြစ်ခဲ့ရသည်က မြန်မာနိုင်ငံမှာ ဘယ်လိုတိုးတက်မှုမျိုးကိုမှ ကျွန်တော်တို့ မတွေ့ရသေးပါဘူး" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ပြီး၊ ဆီဘူးအစည်းအဝေးသည် တစ်ခါတစ်ရံ "စိတ်လှုပ်ရှား ဒေါသထွက်စရာ" ပြီး ဆုံး သွားခဲ့ကြောင်း ဖော်ပြခဲ့သည်။

 

မိမိတို့ဖကိက သတိပြုရမည့် အချက်က ဖိလစ်ပိုင်သမ္မတမှ မြန်မာနိုင်ငံအတွင်း ဆိုးရွားလာနေသည့် အခြေအနေများကို အလေးပေးပြောကြားခဲ့ သော်လည်း ၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှု ကို ၎င်းက “အဆင့်နိမ့် ပြည်တွင်းစစ်” ဟု စတင် ပြောဆို သုံးနှုံးလာခြင်းပင် ဖြစ်သည်။

 

ထိုင်း ဖက် က မြန်မာ နှင့် ဆက်ဆံနေပုံကို ပြောင်းလဲဖို့ လိုအပ်လာပြီဟု ဆိုကာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ကို ဖိတ်သင့်သည်ဟု အကြံပြုလာခဲ့သည်။ နောက်ဆုံးတွင် အွန်လိုင်း မှ တဆင့် ၎င်း နှင့် ပြောဆိုကြည့်ဖို့ သဘောတူခဲ့ကြသည်။

 

ယင်းတွေ့ဆုံမှုမှာလည်း အာဆီယံ နိုင်ငံခြား‌ ရေး ဝန်ကြီး ၏ ပင်မအစည်းအဝေးကြီးသို့ တက်ခွင့်ပေးခြင်း မဟုတ်ဘဲ မြန်မာ့အရေးကိုသာ သီးသန့်ဆွေးနွေးမည့် သီးခြားအစီအစဉ် တခုအဖြစ်သာ ကျင်းပသွားမည် ဖြစ်သည်။

 

သို့သော် အာဆီယံ နိုင်ငံ အများစုက ပြီးတာတွေ ပြီး ပါစေတော့ သဘောဖြင့် ယိုင်လာသည့် အဖြစ်ကို တင်းခံနေကြသည်က မလေးရှား၊ အင်ဒိုနီရှား နှင့် စင်္ကာပူ တို့ ဖြစ်သည်။

 

မလေးရှားနိုင်ငံခြားရေးဝန်ကြီး က မြန်မာ စစ်အုပ်စုအနေဖြင့် အာဆီယံ၏ သဘောတူညီချက်များကို လုံလောက်စွာ မလိုက်နာသေးဟု ဆိုထားပြီး ထိပ်သီး အစည်း အဝေး တွင် ဝင် ထိုင်ခွင့် ပေးသင့်သည် အထိ မဖြစ်နိုင်သေးဟု ပြောလာခဲ့သည်။

 

ယခုအချိန်အထိ လူထုကို ဆက်လက် ဖိနှိပ်ထာပြီး၊ ရက်စက်ကြမ်းကြုပ်စွာ ပြုကျင့်နေဆဲ ဖြစ်၍ ၎င်းတို့ကို ပြန်ခေါ်သွင်းလာဖို့ ကျွန်တော်တို့ စိတ်မသက်မသာ ဖြစ်နေရဆဲဟု ဆိုသည်။

 

မြန်မာ တွင် ရွေးကောက်ပွဲ ပြီးလာက ကျွန်တော်တို့၏ ငြိမ်းချမ်းရေး အစီအမံများကို အစစ်အမှန် လိုက်နာ ဆောင်ရွက်မည့် အစိုးရ တရပ် ပေါ်ထွက်လာ စေချင်သည် ဟု ဆိုသည်။

 

ခြံစည်းရိုး ခွ ထိုင်နေသူ များက ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီယား နှင့် ဘရူနိုင်း တို့ ဖြစ်သည်။

 

ထိပ်သီးအစည်းအဝေးကို အဆုံးသတ်သည့် ဂါလာညစာစားပွဲသို့ မသွားရောက်မီ၊ သောကြာနေ့ မွန်းလွဲပိုင်း အစည်းအဝေးအပြီးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် "ကျွန်တော်တို့ ဘာတွေ ထပ်လုပ်နိုင်ဦးမလဲ" ဟု အပြန်အလှန် မေးခွန်းထုတ်ရင်း ကျန်ရစ်ခဲ့ကြကြောင်း မားကို့စ်က ပြောကြားခဲ့သည်။

 

အရှက်ရှိသူများ အဖို့ အကျပ်ရိုက်နေသော်လည်း အရှက် ကင်းမဲ့နေသူ များက မျက်နှာပြောင် တိုက် တင်းခံနေဆဲပင် ဖြစ်သည်။

 

"တခါတခါမှာ သတ်မှတ်ချက်ဘောင်တွေကို တစ် မီလီ မီတာလောက် ရွှေ့လိုက်ရုံနဲ့ အရာအားလုံးကို ထူးခြားပြောင်းလဲသွားစေနိုင်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့ပြီး ယင်းသို့လုပ်ဆောင်ခြင်းသည် လူ့အခွင့်အရေးကို စွန့်လွှတ်လိုက်ခြင်းဟု အဓိပ္ပာယ်မသက်ရောက်ကြောင်း အခိုင်အမာဆိုခဲ့သည်။

 

ဆက်လက်၍ ၎င်းက "အဲဒီ တ မီလီ မီတာ စာ အပြောင်းအလဲဟာ ဘာဖြစ်နိုင်မလဲဆိုတာကို အဖွဲ့ဝင်နိုင်ငံအားလုံး၊ ခေါင်းဆောင်အားလုံးနဲ့ သူတို့ရဲ့ ဝန်ကြီးဌာနတွေကို ကျွန်တော်တို့ မေးမြန်းနေပါတယ်" ဟု ပြောကြားခဲ့သည်။

 

မကြာသေးမီက ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပခဲ့သည့် (၈၁) ကြိမ်မြောက် စစ်အောင်ပွဲနေ့ (Victory Day) အခမ်းအနားသို့ မင်းအောင်လှိုင်အား ၎င်း၏ အဆွေတော် ကြွက်မင်းကြီးက ဖိတ်ကြားခြင်း မပြုခဲ့ဟု သိရသည်။ ရုရှား၏ စစ်အောင်ပွဲနေ့ အခမ်းအနားများအား အဓိကမဟာမိတ် နိုင်ငံခေါင်းဆောင်အချို့ကိုသာ ဖိတ်ကြားလေ့ရှိသော်လည်း ယခုအခါ လာအိုကိုပင် ဖိတ်ကြားခဲ့သည်ကို တွေ့ရသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!