စစ် အုပ်စု သည် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ကြောင်း ၂၀၂၆ ခုနှစ် ဧပြီလနှောင်းပိုင်းတွင် ကြေညာခဲ့ပြီးနောက်၊ ယူနီဖောင်းဝတ် အမျိုးသားနှစ်ဦးကြားတွင် ရှိနေသည့် သူမ၏ ရက်စွဲမပါသော ဓာတ်ပုံတစ်ပုံကို ထုတ်ပြန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ထိုဓာတ်ပုံ အစစ်အမှန် ဟုတ်မဟုတ် မေးခွန်းထုတ်ခဲ့သော်လည်း၊ အဆိုပါဓာတ်ပုံမှာ အဟောင်းဖြစ်ကြောင်း AFP သတင်းဌာနက ဆုံးဖြတ်ခဲ့သည်ဟူသော အွန်လိုင်းပေါ်မှ ပြောဆိုချက်များမှာ မမှန်ကန်ဟု ငြင်းချက်ထုတ်ခဲ့သည်။ ထိုသို့ပြောဆိုချက်များသည် Google ၏ AI ဖြင့် ဖန်တီးထားသော ရှာဖွေမှုရလဒ် အနှစ်ချုပ် (Google AI Overview) ကို ကိုးကားထားခြင်းဖြစ်ပြီး၊ အဆိုပါ AI က ဖေဖော်ဝါရီလအတွင်းက အခြားသက်ဆိုင်မှုမရှိသော သတင်းအမှားတခုနှင့် ယခုဓာတ်ပုံကို မှားယွင်းချိတ်ဆက် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ လက်ရှိတွင် Google က ထိုအမှားကို ပြင်ဆင်ပြီး ဖြစ်သည်။
၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့တွင် မျှဝေခဲ့သည့် မြန်မာဘာသာဖြင့် ရေးသားထားသော Facebook ပို့စ်တစ်ခု၌ "ဤဓာတ်ပုံမှာ လတ်တလောရိုက်ကူးထားသည့် ဓာတ်ပုံမဟုတ်ပါ၊ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့က ပေါက်ကြားလာသည့် CCTV မှတ်တမ်းပုံဖြစ်ကြောင်း AFP မှ အချက်အလက်စစ်ဆေးသူများက အတည်ပြုခဲ့သည်။" ဟု ပါရှိလာသည်။
၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် စစ်ခေါင်းဆောင်မှ သမ္မတ ဖြစ်ပြီ ဟု ဆိုလာသော မင်းအောင်လှိုင်က အသက် ၈၀ အရွယ်ရှိ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ရန် အမိန့်ပေးခဲ့သည်။
ထိုနေ့မှာပင် မင်းအောင်လှိုင်၏ ရုံးက ဓာတ်ပုံတပုံကို ထုတ်ပြန်ခဲ့ပြီး၊ အဆိုပါပုံတွင် ဒေါ်အောင်ဆန်းစုကြည်အား ရဲယူနီဖောင်းဝတ်တဦးနှင့် စစ်ယူနီဖောင်းဝတ်တဦးတို့၏ ရှေ့တွင် ထိုင်နေသည်ကို တွေ့ရသည်။
"ဒီဓာတ်ပုံက အစစ်လား ဒါမှမဟုတ် AI နဲ့ ဖန်တီးထားတာလားဆိုတာ ကျွန်တော်တို့ မသိရပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သူ ဖရန်ဆွာ ဇီမရေး က ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ "သူမ အသက်ထင်ရှားရှိနေကြောင်း အထောက်အထားမျိုး၊ ဓာတ်ပုံမျိုး နှစ်နဲ့ချီပြီး မတွေ့ရသလို၊ တကယ်ပဲ ပြောင်းရွှေ့ခံရခြင်း ရှိ၊ မရှိ ဆိုတဲ့ အရိပ်အယောင်တောင် မရှိပါဘူး။ သူမ ဘယ်မှာ ရှိနေသလဲဆိုတာကိုလည်း ကျွန်တော်တို့ အခုထိ မသိရသေးပါဘူး" ဟု ဖြည့်စွက်ပြောဆိုသည်။
စစ်အုပ်စုက ထုတ်ပြန်ခဲ့သည့် အဆိုပါဓာတ်ပုံ၏ စစ်မှန်မှုကို AFP သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို Facebook ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသည့် ပြောဆို နေကြသည့် အဆိုပါဓာတ်ပုံသည် ဓာတ်ပုံဟောင်းဖြစ်သည်ဟု စစ်ဆေး အတည်ပြုထားခြင်း လည်း မဟုတ်မှန် ဟု ဆိုသည်။
Google သည် AFP မှ သတင်းမှား ဟု ချိတ်ဆက်ဖော်ပြထားသည့် AI ၏ ဖန်တီးမှု ကို နောက်ပိုင်းတွင် ပြင်ဆင်မွမ်းမံခဲ့သည်။ Google က AI အနှစ်ချုပ်များသည် "can and will make mistakes""အမှားအယွင်းများ ရှိနိုင်သည်" ဟု အမြဲလို အသိပေးထားသည်။
အခြားနည်းလမ်းများ ဖြစ်သော Google ၏ SynthID နှင့် InVID-WeVerify ကဲ့သို့သော နည်းပညာများဖြင့် စစ်ဆေးရာတွင်လည်း AI ဖြင့် ဖန်တီးထားသော လက္ခဏာများကို မတွေ့ရှိရပေ။ ထို ဓါတ်ပုံ မျိုးကို ယခင်က အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ဖူးခြင်း မရှိသည်ကို တွေ့ရသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့် ရဲအရာရှိတဦးက "ဒီဓာတ်ပုံက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထဲရေးဒုဝန်ကြီး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (SB) ညွှန်ကြားရေးမှူးချုပ်တို့ တွေ့ဆုံတဲ့ ပုံအစစ်ပါ။ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အကြောင်း သွားပြောတဲ့နေ့က ရိုက်ထားတာလို့ ထင်ပါတယ်" ဟု AFP သို့ ပြောကြားခဲ့သည်။
အဘယ်ကြောင့် စစ်အုပ်စုသည် proof of life တောင်းဆို နေသည့် သားဖြစ်သူ ကို ထိန်လင်း နှင့် တယ်လီဖုန်း ဖြင့်ပင် ပြောဆိုခွင့် မပြုနိုင်ရသနည်း ဆိုသည်က မေးစရာ ဖြစ်လာသည်။
အဓိက အားဖြင့် နိုင်ငံရေးအရ အတွက်အချက်များနှင့် ၎င်းတို့ ထုံးစံအတိုင်း ပြုလုပ်လေ့ရှိသည့် ထိန်းချုပ်မှု ဗျူဟာများ ကျင့်သုံးနေခြင်းကြောင့်ပင် ဖြစ်သည်။
စစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ သူမ ဘယ်မှာ ရှိနေသလဲဆိုသည့် အချက် များကို "နိုင်ငံတော်လျှို့ဝှက်ချက်" လိုမျိုး ကိုင်တွယ်ထိန်းချုပ်ထားသည်။ အကယ်၍ မိသားစုဝင် တဦးဦး နှင့် စကားပြောခွင့်ပြုလိုက်မည်ဆိုက သူမဆီကနေ တိုက်ရိုက်သတင်းစကားတွေ အပြင်လောကကို ရောက်ရှိသွားမည်ကို ကြောက်ရွံ့နေကြသည်။
Proof of Life ကို ထိန်းချုပ်ထားခြင်းအားဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မိသားစုအား စိုးရိမ်ပူပန်အောင် ပြုလုပ်ထားပြီး ထိုအချက်ကို နိုင်ငံရေးအရ အလဲအထပ် လုပ်စရာ Bargaining Chip တခုအဖြစ် ဆက်လက် ဆုပ်ကိုင်ထားလိုကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူများ အကြားအလွန်ဩဇာညောင်းဆဲ ဆိုသည်ကို မင်းအောင်လှိုင် နှင့် အဖွဲ့က ကောင်းစွာ လက်ခံထားဆဲ ဆိုသည်ကို အထင်အရှား တွေ့နေရသည်။ သူမ၏ အသံ၊ သို့မဟုတ် သတင်းစကားတခုခု ပျံ့နှံ့သွားပါက လက်ရှိ တော်လှန်ရေး အင်အားစုများ အတွက် စိတ်ဓာတ်ခွန်အားများ ဖြစ်သွားမည်ကို စစ်အုပ်စုက အကြောက်ဆုံး ဖြစ် နေသည်။ သူမအား အပြင်လောကနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်နေမှသာ ၎င်းတို့အတွက် အသက်ရှု ချောင်စရာ ဖြစ်မည်ဟု ယုံကြည်ထားကြသည်။
တဖက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ပိုင်းဆိုင်ရာအရ အထီးကျန်အောင်နှင့် အားနည်းသည်ထက် နည်းသွားအောင် ယုတ်မာ ကောက်ကျစ်စွာ စီမံပြုလုပ်ထားသည့် နည်းလမ်းတခုလည်း ဖြစ်သည်။
ဖုန်းပြောခွင့်ပြုလိုက်ခြင်းမှ တဆင့် သူမကို ထိန်းသိမ်းထားသည့် နေရာနှင့် သို့မဟုတ် ပတ်ဝန်းကျင် အခြေအနေတွေ ပေါက်ကြားသွားနိုင်ခြေကို စစ်အုပ်စုက စိုးရိမ် နေသည်။
မည်သို့ပင် ရည်ရွယ်ချက် မျိုး နှင့် ဖြစ်စေကာမူ မင်းအောင်လှိုင်သည် လက်နက် အားကိုး နှင့် သမ္မတ တက်လုပ်လာသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို သေမလောက် ကြောက်ရွံ့နေရှာသည် ဆိုသည်ကို ပြည်သူ တရပ်လုံးက လက်ခံ ယုံကြည်လာကြပြီ ဖြစ်သည်။
သို့သော် အာဏာရှင်စနစ်သည် လူထု၏ ကြောက်ရွံ့မှု၊ အသားကျ ထုံထိုင်းလာမှုနှင့် ဖိနှိပ်ချုပ်ချယ် နိုင်မှုများအပေါ် အခြေခံ၍ အချိန်အတော်ကြာအောင် ရပ်တည်ရှင်သန်နိုင်သည်။ မင်းအောင်လှိုင်သည် အကြမ်းဖက် အင်အားသုံးနိုင်ခွင့်ကို တဦးတည်းက လက်ဝါးကြီး အုပ်ထားနိုင်ဆဲ ဖြစ်သော်လည်း၊ လူထု၏ ယုံကြည်ကိုးစားမှုကို မရရှိတော့ဘဲ အကြောက်တရားဖြင့်သာ အုပ်ချုပ်နေရ တော့မည် ဖြစ်၍ အနာဂတ်ကို ပုံဖော်ထုဆစ် လွှမ်းမိုးနိုင်စွမ် ကိုမူ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
There is some risk involved in action, there always is. But there is far more risk in failure to act.
Harry S Truman
တခုခုကို လက်တွေ့လုပ်ဆောင်တဲ့နေရာမှာ စွန့်စားရမှုဆိုတာ အမြဲတမ်း ရှိစမြဲပါ။ သို့ပေသိ ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေခြင်း (သို့မဟုတ်) လုပ်ဆောင်ဖို့ ပျက်ကွက်ခြင်းက ပိုပြီးတော့တောင် ဘေးအန္တရာယ်ကြီးမားနိုင်ပါတယ်။"
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!