ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ(30)

by Hla Soewai - May 11 2026

သုံးနှစ်အကြာ ၁၉၄၈ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် အမေရိကန်သမ္မတ ဟယ်ရီ အက်စ် ထရူးမန်း သည်လည်း ဘောမန်း အရှုပ်တော်ပုံ ထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရသည်။ ထိုနှစ်သည် ရွေးကောက်ပွဲကျင်းပမည့် နှစ်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးရန် ရက်သတ္တပတ်အနည်းငယ်အလိုတွင် ဖရန်ကလင် ဒီလာနို ရုစဗဲ့ ကွယ်လွန်သွားသဖြင့် သမ္မတရာထူးကို လွှဲပြောင်းရယူခဲ့သော ထရူးမန်းသည် အမေရိကန်သမိုင်းတွင် လူကြိုက်အနည်းဆုံး သမ္မတများထဲမှ တစ်ဦးဖြစ်သည်။ သို့သော်လည်း သူသည် နောက်ထပ် သမ္မတသက်တမ်းတစ်ခုအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံး ဖြတ်ခဲ့သည်။

 

ထရူးမန်းသည် ရထားဖြင့် ခရီးသွားရသည်ကို နှစ်သက်သူဖြစ်ရာ ဗုဒ္ဓဟူးနေ့ တရက် တွင် သူသည် "ဖာဒီနန် မာဂျလန်" ဟု အမည်ပေးထားသည့် သမ္မတ သုံး အထူး ရထားတွဲဖြင့် ကာလီဖိုးနီးယားမှ ပြန်လာနေခြင်းဖြစ်သည်။ သံချပ်ကာပြားများ ကပ်ထားခြင်း၊ လေအေးပေးစက် တပ်ဆင်ထားခြင်းနှင့် သုံးလက်မအထူရှိသော ကျည်ကာမှန်များ တပ်ဆင်ထားခြင်းတို့ကြောင့် ဤ "မာဂျလန်" ရထားတွဲသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးသော ခရီးသွားလာမှုနည်းလမ်းဖြစ်သည်ဟု ထရူးမန်းက ယူဆထားလေသည်။

 

ဖရန်ကလင် ဒီ ရုစဗဲ့ သည် ခန္ဓာကိုယ်ရှိ ဝေဒနာအမျိုးမျိုးကြောင့် မြန်နှုန်းမြင့် ရထားခရီးစဉ်များကို သက်သောင့်သက်သာ မရှိလှသော်လည်း ထရူးမင်း ကမူ တနာရီ မိုင်ရှစ်ဆယ်နှုန်းဖြင့် အမေရိက တစ်လွှား တချက်ချက်မြည် နေသော ရထားဖြင့် ခရီးနှင်ရသည်ကို နှစ်သက်သဘောကျသူ ဖြစ်သည်။ သမ္မတကြီး ဝါရှင်တန်သို့ ပြန်အလာတွင် သူစီးနင်းလာသော မက်ဂျဲလန် ရထားတွဲသည် မြို့ကြီးပြကြီးများ သို့မဟုတ် မြို့ငယ်လေးများတွင် ခဏတာ ရပ်နားလေ့ရှိပြီး ထိုအခါ ဟယ်ရီ ထရူးမင်းသည် ရထား၏ နောက်ဘက်စင်္ကြံ ပလက်ဖောင်းပေါ်တွင် ရပ်ကာ စောင့်ဆိုင်းနေသော လူအုပ်ကြီးအား မိန့်ခွန်းပြောကြားလေ့ရှိသည်။ 

 

ဤခရီးစဉ်တစ်ခုတည်းတွင်ပင် သူသည် စုစုပေါင်း မိုင်ပေါင်း တသောင်းနီးပါး ခရီးနှင်ခဲ့ပြီး ပြည်နယ် ၁၈ ခုတွင် မိန့်ခွန်းပေါင်း ၇၃ ခု ပြောကြားခဲ့သည်။

 

ထို့နောက် ဆောင်းဦးရာသီရောက်၍ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးများ အရှိန်အဟုန် အမြင့်ဆုံးဖြစ်လာချိန်တွင် သူသည် နိုင်ငံတစ်ဝန်း ခရီးစဉ်ကို နောက်တကြိမ် ထပ်မံ ပြုလုပ်ခဲ့ပြန်သည်။ ထိုအကြိမ်တွင်မူ သူသည် မိုင်ပေါင်း သုံးသောင်းတထောင် ခရီးနှင်ခဲ့ပြီး မိန့်ခွန်းပေါင်း ၂၀၀ ကျော်အထိ ပြောကြားခဲ့လေသည်။

 

သူသည် ကန်းဆက်ပြည်နယ် တလျှောက် ခရီး သွား နေသည့် ငါးနာရီအတွင်း ဒေါ့ဂျ်စီးတီး၊ ဟတ်ချင်ဆန်၊ နယူတန် နှင့် အမ်ပိုရီယာ မြို့များသို့ ရောက်ခဲ့စဉ် မှာပင် ကမ္ဘာ့‌ အရေး များကလည်း သူ့ နောက် တကောက်‌ ကောက် လိုက်နေခဲ့သည်။ ဥပမာအားဖြင့် အစ္စရေးနိုင်ငံသည် လွတ်လပ်သောနိုင်ငံအဖြစ် ကြေညာလိုက်ပြီးဖြစ်ရာ ထရူးမင်းအနေဖြင့် ဝါရှင်တန်သို့ အပြန်တွင် ထိုနိုင်ငံသစ်နှင့် သံတမန်ဆက်သွယ်မှုများ ပြုလုပ်ရန် အစီအစဉ်များ ရေးဆွဲနေရသည်။ ထို့ပြင် သမ္မတက အစပိုင်းတွင် ရှောင်လွှဲရန် ကြိုးစားခဲ့သည့် အခြားကိစ္စတစ်ခုလည်း ရှိနေသေးသည်။ ထရူးမင်းသည် အမေရိကတလွှား ခရီးနှင်နေသော်လည်း နုရင်ဘတ် ခုံရုံး မှ အဓိက တရားစွဲဆိုသူ ရောဘတ် အိပ်ခ်ျ ဂျက်ဆင် က မာတင် ဘော်မန်း ကို မဖြစ်မနေ ရှာဖွေပေးရန် သမ္မတထံ စာရေးသား တောင်းဆိုနေခြင်းပင်။

 

ထိုနာဇီအရာရှိကြီး ဘော်မန်းသည် နုရင်ဘတ်ခုံရုံးတွင် မျက်ကွယ်၌ တရားစွဲဆိုပြီး ပြစ်ဒဏ်စီရင်ခြင်း ခံထားရသူဖြစ်သည်။ ဂျက်ဆင်အနေဖြင့် တရားမျှတမှုကို အမှန်တကယ် ဖော်ဆောင်နိုင်သည်ကို မြင်တွေ့လိုလှသည်။ မျက်မြင်သက်သေများ၏ အဆိုအရ ဘော်မန်းသည် အာဂျင်တီးနားနိုင်ငံတွင် 'ဒွန်ဖရစ်' ဟူသော အမည်ဝှက်ဖြင့် နေထိုင်နေကြောင်း သိရသည်။ သူသည် လွန်ခဲ့သော လအနည်းငယ်က ဂျေဆူးအစ် ခရစ်ယာန်ဘုန်းကြီး တပါးအဖြစ် အသွင်ယူကာ ထိုနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည်ဟု သတင်းထွက်ပေါ်လာခဲ့သည်။

 

အမေရိကန်ပြည်ထောင်စု တရားရုံးချုပ် တရားသူကြီး ဂျက်ဆင်သည် ဤအကြောင်းကို လွန်ခဲ့သော တလခန့်ကမှ စတင်သိရှိခဲ့ခြင်းဖြစ်သည်။ သူသည် မိမိရှာဖွေတွေ့ရှိထားသည်များကို သမ္မတ ထရူးမင်းထံ တင်ပြခဲ့သော်လည်း သမ္မတက ထိုကိစ္စကို ဆက်လက်စုံစမ်းရန် ငြင်းဆိုခဲ့သည်။ 

 

သို့သော် ဂျက်ဆင်မှာ ဇွဲမလျှော့ပေ။ သူ၏ အထောက်အထားများကို ပိုမိုခိုင်မာစေရန်အတွက် ဘော်မန်းနှင့်ပတ်သက်သော သက်သေအထောက်အထားများကို FBI ညွှန်ကြားရေးမှူး ဂျေ အက်ဂါ ဟူဗာထံ မျှဝေပေးရန် ထူးခြားသော ခြေလှမ်းတစ်ရပ်ကို လှမ်းလာခဲ့သည်။

 

"ကျွန်တော့်ရဲ့ အကြံပြုချက်ကတော့" ဟု မိုးအုံ့နေသော ဇွန်လ၏ တစ်ရက်တွင် ဂျက်ဆင်က ထရူးမင်းထံ စာရေးသားခဲ့သည်မှာ - "တောင်အမေရိကမှာ စုံစမ်းစစ်ဆေးမှုတွေကို အတွင်းကျကျ အထူးလျှို့ဝှက်စွာနဲ့ စေ့စေ့စပ်စပ် လုပ်ဆောင်နိုင်ဖို့ FBI ကို လုပ်ပိုင်ခွင့် အပ်နှင်းပေးဖို့ပါပဲ။"

 

ပထမအချက်အနေနဲ့ ဘောမန်း ဟာ အဲဒီနေရာမှာ ရှိနေနိုင်တယ်။ 

 

ဒုတိယအချက်ကတော့၊ သူ တကယ်မရှိနေခဲ့ရင်တောင်မှ ဒီသတင်းအချက်အလက်တွေကို အမေရိကန်အရာရှိတွေထံ တင်ပြထားပြီးသားဆိုတဲ့အချက်ကို လူသိရှင်ကြား ထုတ်ဖော်လာနိုင်ပါတယ်။ အဲဒီလို အရာရှိတွေက ဘာမှအရေးယူဆောင်ရွက်ခြင်း မရှိခဲ့ဘူးဆိုရင်တော့ သူတို့ဟာ ဘောမန်းကို တကယ်တမ်းမှာ အကာအကွယ်ပေးနေပါတယ်ဆိုပြီး စွပ်စွဲခံရနိုင်ပါတယ်။ ကျွန်တော်ကတော့ ဒီအစီရင်ခံစာအကျဉ်းကို မစ္စတာဟူးဗားဆီ တင်ပြထားပြီးဖြစ်သလို၊ ဒါဟာ သူသဘောတူလက်ခံတဲ့ အချက်ဖြစ်တယ်ဆိုတာကိုလည်း ပြောကြားဖို့ ခွင့်ပြုချက်ရထားပါတယ်။ သမ္မတကြီး ရဲ့ ဆန္ဒကို သူ့ဆီ တိုက်ရိုက်ဖြစ်စေ၊ ကျွန်တော့်ကတစ်ဆင့်ဖြစ်စေ နှစ်သက်သလို အကြောင်းကြားနိုင်ပါတယ်"

 

ဟယ်ရီ ထရူးမင်းသည် ထိုသတင်းစကား၏ အဓိပ္ပာယ်ကို နားလည်သွားသည်။ ဇွန်လ ၁၈ ရက်၊ သောကြာနေ့တွင် သမ္မတသည် ဝါရှင်တန်သို့ ရောက်ရှိလာသောအခါ အပြင်ဘက်တွင် နာရီပေါင်းများစွာ မိန့်ခွန်းပြောကြားခဲ့ရသဖြင့် နေလောင်ဒဏ်ကြောင့် သူ၏မျက်နှာမှာ နီမြန်းနေ၏။ သို့သော် စနေနှင့် တနင်္ဂနွေနေ့ ပိတ်ရက်များတွင် အနားယူ မနေတော့ဘဲ အလုပ်လုပ် လာခဲ့လေသည်။

 

ဇွန်လ ၂၁ ရက်၊ တနင်္လာနေ့ နံနက်ခင်းတွင် တရားသူကြီး ဂျက်ဆင် ထံမှ ပေးစာတစောင်ကို ဟယ်ရီ ထရူးမင်း ထံ တင်ပြလာသည်။ စာသားများမှာ ဖော်ရွေပြီး ရုံးသုံးစာကဲ့သို့ ထင်ရသော်လည်း၊ ထရူးမင်းကမူ ယင်းမှာ သတိပေးချက်တခုဖြစ်ကြောင်း ကြည့်ရုံနှင့် သိလိုက်သည်။ နာမည်ဆိုးဖြင့် ကျော်ကြားသော နာဇီစစ်ရာဇဝတ်ကောင်တစ်ဦးအပေါ် သူက ပျော့ပျော့ပြောင်းပြောင်း ဆက်ဆံနေသည်ဟူသော သိုးသိုးသန့်သန့် ပြောဆိုသံကလေး ထွက်လာရုံမျှဖြင့်ပင် လာမည့်ရွေးကောက်ပွဲကို ထိခိုက်သွားစေနိုင်သည်။

 

အမှန်တကယ်ဖြစ်ပျက်နေသည့် အချက်မှာ နာဇီ SS အရာရှိ ရာပေါင်းများစွာသည် ယခုအခါ အမေရိကန်ပြည်ထောင်စုအတွင်း ရောက်ရှိနေပြီး၊ အချို့မှာ CIA တွင်ပင် အလုပ်လုပ်နေကြခြင်း ဖြစ်သည်။ ဤသည်မှာ မည်သည့်အခါမျှ ထုတ်ဖော်ပြော၍ မရမည့် အမှန်တရားပင် ဖြစ်သည်။ 

 

၁၉၄၆ ခုနှစ်၊ စက်တင်ဘာ ၃ ရက်နေ့တွင် သမ္မတ ထရူးမင်းသည် နိုင်ငံ၏ ဒုံးပျံစီမံကိန်းအသစ်ကို အထောက်အကူပြုရန် ဂျာမန်သိပ္ပံပညာရှင်များကို အမေရိကသို့ ဝင်ရောက်ခွင့်ပြုသည့် အလွန်လျှို့ဝှက်သော အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ "Operation Paperclip" ဟု လူသိများသော ဤသမ္မတ၏ ဆုံးဖြတ်ချက်ကြောင့် နာဇီဟောင်းများနှင့် နာဇီလက်ပါးစေ တထောင်ကျော်တို့သည် အမေရိကန်ပြည်ထောင်စုတွင် အလုပ်လုပ်ခွင့် ရရှိခဲ့ကြသည်။ 

 

အကယ်၍ နာဇီစစ်ရာဇဝတ်ကောင်များအပေါ် အမေရိကန်၏ လျစ်လျူရှုထားသော သဘောထားသာ ပေါက်ကြားသွားပါက၊ ထရူးမင်း၏ သမ္မတသက်တမ်းကို လမ်းလွဲသွားစေရုံသာမက၊ အလွန်အမင်း ထိရှလွယ်သော ဤကိစ္စရပ်တွင် ဆိုဗီယက်ယူနီယံ အဖို့ အလိုလို နေရင်း ကိုယ်ကျင့်တရားပိုင်းအရ အသာစီးရသွားစေမည့် မတွေးဝံ့စရာ အခြေအနေမျိုးကိုလည်း ဖန်တီးပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့်ပင် သမ္မတ ဟယ်ရီ ထရူးမင်းသည် နာဇီထိပ်သီး မာတင် ဘော်မန်း ကို လိုက်လံဖမ်းဆီးရန် FBI ကို လုပ်ပိုင်ခွင့် အပ်နှင်းလိုက်တော့သည်။