ဗုဒ္ဓဟူးနေ့တွင် အီရန်သမ္မတသည် စစ်ပွဲအဆုံးသတ်ရေးအတွက် သမ္မတ ထရန့်၏ သဘောတူညီချက်ရယူရန် ကြိုးပမ်းမှုကို အလျှော့မပေးသော လေသံဖြင့် တုံ့ပြန်ခဲ့သော်လည်း အီရန်နိုင်ငံ၏ စီးပွားရေးမှာမူ အကျပ်အတည်းဖြစ်နေကြောင်း ဝန်ခံခဲ့သည်။
သို့သော် ၎င်းတို့၏ ဆိပ်ကမ်းများကို အမေရိကန်က စစ်ရေးအရ ပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးရေးနှင့် ရေနံလုပ်ငန်းအပေါ် ဖိအားများ လျှော့ချပေးရေးတို့မှာ တီဟီရန်အစိုးရအတွက် သဘောတူညီချက်တစ်ရပ် ရယူရန် အဓိက တွန်းအားများဖြစ်နေသည်။
အမေရိကန်၏ ဝိုင်းဝန်းပိတ်ဆို့ထားမှုကြောင့် အီရန်၏ ရေနံတင်ပို့မှုများ ရပ်တန့်သွားကာ အရေးပါသော ဝင်ငွေများ ပြတ်တောက်သွားခဲ့ပြီး နိုင်ငံအတွင်း၌ ထုတ်လုပ်ပြီးသား ရေနံများကို သိုလှောင်ရန်နေရာ မရှိတော့သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ထို့ပြင် အခြားကုန်စည်များ တင်သွင်းမှုကိုလည်း ထိခိုက်စေသဖြင့် အီရန်အနေဖြင့် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် လမ်းကြောင်းသစ်များ ရှာဖွေခြင်းနှင့် ကက်စပီယန်ပင်လယ်ရှိ ဆိပ်ကမ်းငယ်များကို အသုံးပြုခြင်းတို့ဖြင့် အစားထိုးရန် ကြိုးပမ်းနေရသည်။ စစ်ပွဲမတိုင်မီကပင် ဆိုးရွားနေခဲ့သော အီရန်နိုင်ငံတွင်း စီးပွားရေး အခြေအနေမှာလည်း ယခုအခါ ပိုမိုဆိုးရွားလာနေပြီ ဖြစ်သည်။
"ပင်လယ်ရေကြောင်း ပိတ်ဆို့မှုဟာ စစ်ပွဲထက်တောင် ပိုပြီးကြီးမားတဲ့ ခြိမ်းခြောက်မှုမျိုး ဖြစ် နေပါတယ်။ အခုလက်ရှိ အကျပ်အတည်းကို မဖြစ်မနေ ကျော်ဖြတ်ရပါမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ရေနံနဲ့ စွမ်းအင် တင်ပို့မှုတွေအပြင် ရေနံချက်စက်ရုံတွေရဲ့ ကံကြမ္မာဟာပါ အခုဆိုရင် စိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေလို့ပါ" ဟု အီရန်ကုန်သည်ကြီးများအသင်း၏ စွမ်းအင်ကော်မတီတွင် တာဝန်ထမ်းဆောင်နေသူ၊ အီရန်ရေနံကဏ္ဍ ကျွမ်းကျင်သူ ဟာမစ် ဟိုစိန်နီ က တီဟီရန်မြို့မှနေ၍ ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
ကမ္ဘာ ရေကြောင်းဆိုင်ရာ အချက်အလက် များ စု ဆောင်းသည့် Kpler ကုမ္ပဏီ ၏ အဆိုအရ ပိတ်ဆို့မှုမတိုင်မီက အီရန်၏ ရေနံတင်ပို့မှု ၉၈ ရာခိုင်နှုန်းခန့်သည် ဟော်မုဇ် ရေလက်ကြား ကို ဖြတ်သန်း ရစမြဲ ဖြစ်သည်။ အမေရိကန်နှင့် အစ္စရေးတို့၏ ငါးပတ်ကြာ ဗုံးကြဲတိုက်ခိုက်မှု ကာလအတွင်းမှာပင် အီရန်၏ ရေနံတင်ပို့မှုများမှာ ဆက်လက်ရှိနေခဲ့သည်။
သို့သော် ဧပြီလ ၁၃ ရက် အမေရိကန်၏ ပိတ်ဆို့မှု စတင်ခဲ့ပြီးနောက်ပိုင်း ရေနံတင်ဆောင်ထားသည့် အီရန်ရေနံတင်သင်္ဘော တစီးတလေမျှ ထိုရေလက်ကြားမှ ထွက်ခွာနိုင်ခြင်း မရှိသေးပေ။
ပုံမှန်အားဖြင့် အီရန်နိုင်ငံသည် တစ်နေ့လျှင် ရေနံစည်ပေါင်း ၄ သန်းခန့် ထုတ်လုပ်လေ့ရှိသည်။ ယင်းပမာဏ၏ ထက်ဝက်ခန့်ကို ပြည်တွင်း၌ အသုံးပြုပြီး ကျန်ထက်ဝက်ကို ပြည်ပသို့ တင်ပို့သည်။ ပြည်ပသို့ တင်ပို့ရန် စောင့်ဆိုင်းနေသော ရေနံများကို ကုန်းပေါ်ရှိ သိုလှောင်ကန်များနှင့် ပါရှန်ပင်လယ်ကွေ့အတွင်းရှိ ရေနံတင်သင်္ဘောများပေါ်တွင် သိုလှောင်ထားသည်။
ခက်ကျွန်း အပါအဝင် ကုန်းပေါ်တွင် သိုလှောင်နိုင်စွမ်း စည်ပေါင်း သန်း ၁၂၀ ခန့်နှင့် သင်္ဘောများပေါ်တွင် သိုလှောင်နိုင်စွမ်း သန်း ၃၂ သန်းခန့် ရှိသော်လည်း ယခုအခါ ထိုနေရာများမှာ အလျင်အမြန် ပြည့်လျှံလာနေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပိတ်ဆို့ထားမှုကြောင့် ရေနံတင်ပြီးသား သင်္ဘောများ ထွက်မရသလို၊ ပို့ပြီး ပြန်လာသည့် သင်္ဘောများကိုလည်း ပြန်ဝင်ခွင့် မပေးသောကြောင့် ဖြစ်သည်။
Kpler ၏ ရေနံဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုဌာန အကြီးအကဲ ဟိုမာယွန် ဖလက်ရှာဟီ၏ အဆိုအရ ပိတ်ဆို့ထားမှုကို မဖယ်ရှားပေးပါက အီရန်နိုင်ငံ၏ ရေနံသိုလှောင်နိုင်စွမ်းသည် နောက်ထပ် ၂၅ ရက်မှ ရက်ပေါင်း ၃၀ ခန့်အတွင်း ကုန်ဆုံးသွားနိုင်ကြောင်း သိရသည်။ အခြားကျွမ်းကျင်သူများကမူ ရက်သတ္တပတ် အနည်းငယ်မှသည် တလ သို့မဟုတ် တလထက်ပိုသော အချိန်ကာလများအထိ အမျိုးမျိုး ခန့်မှန်းထားကြသည်။
"ဒီပိတ်ဆို့မှုဟာ အစ္စလာမ္မစ်သမ္မတနိုင်ငံ ရဲ့ ခေါင်းပေါ်ကို ငွေကြေးဆိုင်ရာ သတ်မှတ်ချက် နောက်ဆုံးရက် တခုနဲ့ အကျပ်ကိုင်လိုက်တာပါပဲ" ဟု မစ္စတာ ဖလက်ရှာဟီက ပြောကြားခဲ့သည်။
အီရန်ရေနံဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကမူ သိုလှောင်ရုံ အကျပ်အတည်းကို လျှော့ချရန်အတွက် ၎င်းတို့၏ ရေနံတွင်းအချို့တွင် ထုတ်လုပ်မှုများကို စတင်လျှော့ချနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမည်မဖော်လိုသူ အဆိုပါအရာရှိ၏ ခန့်မှန်းချက်အရ ကုန်းပေါ်နှင့် ပင်လယ်ပြင်ရှိ သိုလှောင်နိုင်စွမ်းများ ပြည့်လျှံသွားရန် ရက်ပေါင်း ၄၀ မှ ၄၅ ရက်ခန့် အချိန်ကျန်ရှိနေသေးကြောင်း သိရသည်။
အီရန်အနေဖြင့် ရေနံတွင်းအချို့ကို ပိတ်ပစ်ရန် ဖိအားပေးခံရနိုင်ပြီး ယင်းသို့ ပိတ်လိုက်ပါက ပြန်လည်စတင်ရန် အလွန်နှေးကွေးနိုင်သလို ကုန်ကျစရိတ်မှာလည်း အဆမတန် မြင့်မားနိုင်ပါသည်။ ရေနံတွင်းဟောင်း အချို့ကို ပြန်လည်ပတ်ခြင်းသည် ကုန်ကျစရိတ်နှင့် မကာမိနိုင်သောကြောင့် အပြီးတိုင် ပိတ်ပစ်ရနိုင်သည်ဟု ရေနံဝန်ကြီးဌာန အရာရှိက ပြောကြားခဲ့သည်။
နှစ်ရှည်လများ ခံစားခဲ့ရသည့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများ၊ စီမံခန့်ခွဲမှု အမှားအယွင်းများနှင့် အဂတိလိုက်စားမှုများကြောင့် ယိုင်နဲ့နေပြီးသားဖြစ်သော အီရန်၏ စီးပွားရေးမှာ ယခုစစ်ပွဲကြောင့် ပိုမိုပျက်စီးဆုံးရှုံးခဲ့ရသည်။ စစ်ပွဲမစတင်မီကပင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် အီရန်ငွေကြေးတန်ဖိုး ကျဆင်းမှုတို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ဖူးပြီး အစိုးရက အင်အားသုံး၍ အသေအပျောက်ရှိသည်အထိ နှိမ်နင်းခဲ့သည်။
ယခုအခါ အီရန်ငွေကြေးဖြစ်သော ရီယယ် တန်ဖိုးမှာ ပို၍ ထိုးဆင်းလာခဲ့သည်။ ကုန်ဈေးနှုန်းကြီးမြင့်မှုနှုန်း မှာလည်း အမြင့်ဆုံးစံချိန်အဖြစ် ၆၀ ရာခိုင်နှုန်းအထိ ရှိနေသည်။ အီရန်နိုင်ငံသားများသည် တူရကီနိုင်ငံဘက်မှ ဟင်းချက်ဆီများကို နယ်စပ်ဖြတ်ကျော်၍ သယ်ယူနေကြရသည်။ အလုပ်အကိုင်ပေါင်း အနည်းဆုံး တသန်းခန့် ဆုံးရှုံးခဲ့ရပြီး ကဏ္ဍတိုင်းနီးပါးတွင် အလုပ်ထုတ်ပယ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေကြောင်း သိရသည်။ အစိုးရဝန်ထမ်း အများအပြားမှာလည်း အနည်းဆုံး နှစ်လခန့် လစာအပြည့်အဝ မရရှိကြသေးပေ။
ပြည်သူများသည် ၎င်းတို့၏ စုဆောင်းထားသော ငွေကြေးများကို ထုတ်သုံးနေရရုံသာမက အသက်ဆက်နိုင်ရန်အတွက် ပိုင်ဆိုင်သည့် ပစ္စည်းများကိုပါ ရောင်းချနေရသည့် ဖြစ်ရပ်များကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြနေကြသည်။ အကယ်၍ စီးပွားရေး အခြေအနေမှာ ဆက်လက်ဆိုးရွားနေဦးမည်ဆိုပါက အစိုးရအနေဖြင့် နောက်ထပ် ဆန္ဒပြပွဲများနှင့် လူထု၏ ဒေါသတကြီး တုံ့ပြန်မှုများကို ရင်ဆိုင်ရနိုင်သည့် အန္တရာယ်ရှိနေသည်။ ယခင်က ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများသည် အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ တရားဝင်မှုအပေါ် စိန်ခေါ်မှုများ ရှိခဲ့သော်လည်း ဆန္ဒပြသူများကို အစိုးရက အသက်သေဆုံးသည်အထိ အင်အားသုံးနှိမ်နင်းရန် ဝန်မလေးခဲ့သောကြောင့် အစိုးရအဖွဲ့ ပြိုလဲသွားခြင်းမျိုးတော့ မရှိခဲ့ပေ။
(၂၀၂၆ မေ ၆ ရက် နယူး ယောက်တိုင်းမ် သတင်းစာ ပါ "Iran’s Oil Sector and Economy Are Under Pressure as U.S. Blockade Bites" ဆောင်းပါးမှကောက်နှုတ် တင်ပြသည်။)