အာဆီယံ အစည်းအဝေး တက်ခွင့်မရပြန်

by Hla Soewai - May 11 2026

မင်းအောင်လှိုင်သည် ၎င်း၏ လက်‌ရွေးစင် ကျေးတော်မျိုး ကျွန်တော်မျိုး များ ရှေ့တွင် ကျမ်းသစ္စာကျိန်ဆိုပြီး သမ္မတ ဟု လုပ်လာသော်လည်း ၎င်း အဖြစ်က ဒုံရင်း ဒုံရင်းသာ ဖြစ်သည် ဆိုသည်က သက်သေ အထင်အရှား ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

 

၂၀၂၆ ခုနှစ်၊ ဖိလစ်ပိုင် နိုင်ငံ ဆီဘူး မြို့တွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံမှလွဲ၍ ကျန်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတော်အကြီးအကဲများ အားလုံး တက်ရောက်ကြမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်နှင့် အာဆီယံပြောရေးဆိုခွင့်ရှိသူ ဒိုမနစ် ဇေးဗီးယား အင်ပီရီယယ် က ဗုဒ္ဓဟူးနေ့တွင် အတည်ပြုလိုက်ပြီ ဖြစ်သည်။

 

မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး တက်ရောက်မည်ဖြစ်သည်။

 

အင်ပီရီယယ်က မြန်မာ၏ အခြေ အနေ ကြောင့်ခေါင်းဆောင်များ၏ အဆုံးအဖြတ်သည် ပြောင်းလဲခြင်း မရှိသေးဟု ဆိုသည်။

 

ဖိလစ်ပိုင် နိုင်ငံခြား ရေး ဝန်ကြီးဌာန က အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် "ခေတ္တခဏ ဖြစ်ဖြစ်" တွေ့ဆုံခွင့်ပေးရန် မေလ ၆ ရက်နေ့တွင် တောင်းဆိုလိုက်ပြီး ပွင့်လင်းမြင်သာမှု ပိုမိုရှိလာစေရန်အတွက်လည်း ဖိအားပေး ပြောကြားဆိုလာခဲ့သည်။

 

မြန်မာ အနေဖြင့် “အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ် စစ်မှန်သော ကတိကဝတ်ရှိမှုကို ပြသရန်” အတွက် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ မိသားစုနှင့် ဆက်သွယ်ခွင့်ပြုသင့်သည်ဟုလည်း ဆိုသည်။

 

အမျိုးသား ပြန်လည် သင့်မြတ်ရေးသည် အာဆီယံ စွဲကိုင်ထားသော အချက် ငါးချက်တွင်လည်း ပါဝင်နေသည်။ ထိုအချက်များ ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုးတက်မှုရှိမရှိကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

 

အာဆီယံသည် မင်းအောင်လှိုင်အား သမ္မတ အဖြစ် အသိအမှတ် ပြုဖို့ အသာထားဘိဦး ယခုထိ ၎င်း လုပ်ခဲ့သည့် ရွေးကောက်ပွဲကိုပင် အစစ်အမှန် အဖြစ် အသိအမှတ် ပြုရန် ဘုံ ရပ်တည်ချက် ထွက်ပေါ်မလာသေးပေ။

 

မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ် ဖြင့် ရွှေ့ပြောင်းပေးလိုက်သည် ဆိုသော်ငြားလည်း ၎င်း၏ အကိုင်အတွယ် မတတ်မှု ကြောင့် ပြည်သူများက သူမ အား မည်မျှ အထိ လေးစားချစ်ခင် နေကြဆဲ ဆိုသည်ကို ကမ္ဘာကြီးအား သက်သေပြခွင့် ပေးလိုက်သလို ဖြစ်သွားခဲ့ရပေသည်။

 

၎င်း အာဆီယံ အစည်းအဝေးသို့ လူရိုသေ ရှင်ရို သေ တက်ခွင့်ရဖို့ အရေးသည် ဒေါ်အောင်ဆန်းစုကြည် အပေါ် မည်မျှအထိ မူတည် နေသည်ကိုလည်း နားလည် သဘောပေါက်သွားပြီ ဖြစ်သည်။

 

နောက်ထပ် အလဲထိုး ခံလိုက်ရသည်က တရုတ် အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းတို့ အတွက် မိတ်ဆွေဟောင်းကြီး ဖြစ်ပြီး အခြေအနေ ကို ဂရုတစိုက် စောင့်ကြည့်နေပါသည်ဟု ပြောလိုက်ခြင်းကပင် သူမ အပေါ် စွဲဆိုထားသော အမှု များသည် လီဆယ် လုပ်ကြံထားခြင်း ဆိုသည်ကို သွယ်ဝိုက်ပြီး ပြောလိုက်သလို ဖြစ်သွားခဲ့ပြန်သည်။

 

သားဖြစ်သူ ကိုထိန်လင်းက လည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျွန်နော်ယယ် ဘာရိုး နှင့် တွေ့ဆုံခဲ့ပြီး မိခင် ဖြစ်သူ လွတ်မြောက်ရေး အတွက် အကူအညီ ပေးပါရန် ပြင်သစ် သမ္မတ မာကရွန် အား တောင်းဆိုထားသည့် စာကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

"ပြင်သစ်နိုင်ငံအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်လာစေရန်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ဘာရိုးက ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 

မင်းအောင်လှိုင်သည် သမ္မတ ဟု ထင်တလုံး ရှိလာခဲ့မှုသည် ယခု ဖြစ်ရပ် ကြောင့် ၎င်းအား နိုင်ငံရေးအရရော၊ ပုဂ္ဂိုလ်ရေးအရပါ ဖယ်ကျဉ် ခံရပြီး နိုင်ငံရေးအရရော သိက္ခာပိုင်းဆိုင်ရာ အရပါ စိန်ခေါ်မှု ဖြစ်လာခဲ့ချေပြီ။

 

အာဆီယံ၏ ဖိအားပေးမှုကြောင့် ၎င်း၏ လုပ်ရပ်များကို ပြောင်းလဲရန်ထက် အခြားလက်ခံနေသည့် ရုရှား၊ တရုတ် တို့ နှင့်သာ ပိုမိုနီးကပ်သော ဆက်ဆံရေး တည်ဆောက်ခြင်းဖြင့် ဖယ်ကျဉ်မှုကို အစားထိုးရန် ယူဆလာနိုင်သည်။

 

ထင်ရှားသော လူ့အခွင့်အရေးအဖွဲ့အစည်းကြီး သုံးခုက မင်းအောင်လှိုင်အား ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချလိုက်ပြီး၊ ၎င်းသည် အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် မူဝါဒအရ စစ်ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးနေမှုများကို ဟန့်တားနှောင့်ယှက်နိုင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို သံတမန်ရေးအရ ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု စွပ်စွဲပြောဆိုလာသည်။

 

အဆိုပါအဖွဲ့အစည်းများက တီမောလက်စ်တေ နှင့် အင် ဒိုနီးရှားအစိုးရတို့အနေဖြင့် စစ်အုပ်စု ၏ ဖိအားပေးမှုများကို ပြတ်ပြတ်သားသား ငြင်းပယ်ရန်နှင့် ၎င်းတို့နိုင်ငံရှိ တရားရုံးများ၏ လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့်ကို ထိန်းသိမ်းစောင့်ရှောက်ရန် တောင်းဆိုခဲ့ကြသည်။

 

Being entirely honest with oneself is a good exercise.

 

မိမိကိုယ်ကိုယ် အပြည့်အဝ ရိုးသားခြင်းသည် ကောင်းမွန်သော အလေ့အကျင့် တခု ဖြစ်သည်။

 

ဆစ်ဂ်မန် ဖရွိုက်(ဒ်)

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!