ဧပြီလ ၁၀ ရက်နေ့က နေပြည်တော်ရှိ လွှတ်တော် ခန်းမအတွင်း ကျင်းပခဲ့သည့် အခမ်းအနားသည် အာဏာရှင် တဦးအား သရဖူ ဆောင်းပေးသည့် ပွဲ ဖြစ်သကဲ့သို့ ဒေသတွင်း ဒီမိုကရေစီအတွက်မူ အသုဘ အခမ်းအနား တခုသာ ဖြစ်သွားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အရပ်သားသမ္မတ အမည်ခံအဖြစ် ကျမ်းသစ္စာကျိန်ဆိုနေစဉ် ထိုင်းအစိုးရ၏ အထူးကိုယ်စားလှယ်ဖြစ်သူ ပန်ပရီ ဘဟီဒါနုကရာတက်ရောက်နေခြင်းက ကမ္ဘာကြီးကို တုန်လှုပ်ချောက်ချားဖွယ်ရာ သတင်းစကားတခု ပေးလိုက်ခြင်းဖြစ်သည်။ ယင်းမှာ ထိုင်းနိုင်ငံသည် အာဏာရှင်စနစ်ကို ဘေးမှကြည့်နေသူသက်သက် မဟုတ်တော့ဘဲ ဒေသတွင်း၌ အာဏာရှင်စနစ် ဖြစ်ထွန်းအောင် အဓိက ကူညီပံ့ပိုးပေးသူ ဖြစ်လာနေပြီဟူသော အချက်ပင် ဖြစ်သည်ဟု အစချီကာ တိုကျို တက္ကသိုလ်မှ အရှေ့တောင် အာရှ ရေးရာ ဌာန ၏ ပါမောက္ခ ပန်ဗင် ချာချာဗယ်ပွန်ဖန် က နစ်ကီ အေးရှား တွင် ယခုလို ရေးသားလာခဲ့သည်။
ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချခဲ့သူ၊ တက်ကြွလှုပ်ရှားသူများကို ကွပ်မျက်ရန် အမိန့်ပေးခဲ့သူနှင့် လူသန်းပေါင်းများစွာကို အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့သူအား ဂုဏ်ပြုရန် ဝန်ကြီးချုပ် အနုတင် ချာန်ဗီရကူးလ် အစိုးရ၏ ဆုံးဖြတ်ချက်သည် ထိုင်းနိုင်ငံ၏ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ဂုဏ်သိက္ခာကို အညစ်အကြေး စွန်းထင်စေခဲ့သည်။
၎င်းသည် အာဆီယံအတွင်း အာဏာရှင်များကို အချုပ်အခြာအာဏာ ဟူသည့် အကြောင်းပြချက်ဖြင့် တာဝန်ခံမှုမှ ကာကွယ်ပေးရန် ရည်ရွယ်သည့် "လစ်ဘရယ်မဆန်သော နိုင်ငံတကာ မဟာမိတ်အုပ်စု" တခု ပေါ်ပေါက်လာခြင်းကို အတည်ပြုပေးလိုက်ခြင်းလည်း ဖြစ်သည်။
ဧပြီလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး သီဟဆပ် ဖူအန်ကေတောင်း နေပြည်တော်သို့ သွားရောက်ခဲ့ခြင်းက ထိုသစ္စာဖောက်မှုကို ပိုမိုနက်ရှိုင်းစေခဲ့သည်။ ယခုကဲ့သို့ အကူးအပြောင်းကာလနောက်ပိုင်း ပထမဦးဆုံး သွားရောက်သည့် အာဆီယံခေါင်းဆောင်တဦးအနေဖြင့် ၎င်း၏ခရီးစဉ်သည် ထိုင်းနိုင်ငံအား စစ်အုပ်စု ၏ အဓိက သံတမန်ရေးရာ ရှေ့နေအဖြစ် တာဝန် ယူလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းနှင့် အတူ သီဟဆပ်သည် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကိုပါ တပါတည်း ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး၊ ဘန်ကောက်၏ ဦးစားပေးမှာ "ပုံမှန်အတိုင်း စီးပွားရေး ပြန်လည်လုပ်ဆောင်ရန်" သာဖြစ်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။
ထိုင်းနိုင်ငံ၏ သစ္စာဖောက်မှုသည် မည်မျှအထိ ကြီးလေးသည်ကို နားလည်စေရန်အတွက် မင်းအောင်လှိုင် ရယူလိုက်သော ရာထူးအသစ်၏ သဘောသဘာဝကို ဦးစွာ လေ့လာရမည်ဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ငါးနှစ်ကြာ အရက်စက်ဆုံး စစ်အုပ်ချုပ်ရေးကို ကျင့်သုံးခဲ့ပြီးနောက်၊ တကမ္ဘာလုံးနှင့် သီးခြားဆက်လက်ရပ်တည်ရန် မဖြစ်နိုင်တော့ကြောင်းစစ်အုပ်စုက သဘောပေါက်လာခဲ့သည်။ ယခုကျင်းပခဲ့သော ရွေးကောက်ပွဲသည် ကြိုတင်ဇာတ်တိုက်ထားသည့် နိုင်ငံရေးပြဇာတ်တစ်ခုသာ ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ပိတ်ပင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်မှာလည်း ထိန်းသိမ်းခံထားရဆဲဖြစ်သဖြင့်၊ ယင်းမဲပေးပွဲကို ပြည်တွင်းရှိ ယုံကြည်စိတ်ချရသော အတိုက်အခံအုပ်စုတိုင်းက သပိတ်မှောက်ခဲ့ကြပြီး ကုလသမဂ္ဂကလည်း လိမ်လည်လှည့်ဖြားမှုတစ်ခုအဖြစ် ပြစ်တင်ရှုတ်ချခဲ့သည်။
မင်းအောင်လှိုင်သည် စစ်အာဏာသိမ်းအုပ်စုကို အရပ်သားအသွင်အပြင် ပေါက်စေရန်အတွက် စစ်ဝတ်စုံကို စီးပွားရေးဝတ်စုံနှင့် လဲလှယ်လိုက်ရုံသာ ရှိသေးသည်။ ဤကဲ့သို့ နည်းဗျူဟာအရ နောက်ဆုတ်ခြင်းမှာ အပိတ်ခံထားရသော ပိုင်ဆိုင်မှုများကို ပြန်လည်အသုံးပြုနိုင်ရန်နှင့် အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများကို လျှော့ချနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသည် အထူးကိုယ်စားလှယ်တဦးနှင့် ယခုအခါ ဒုတိယဝန်ကြီးချုပ်တို့ကို စေလွှတ်ခြင်းဖြင့်၊ အခြေခံအားဖြင့် တရားမဝင်သော လုပ်ငန်းစဉ်တစ်ခုကို အိမ်နီးချင်းကောင်း ပီသစွာဖြင့် တရားဝင်မှုပုံစံ ဖန်တီးပေးလိုက်သည့် ပထမဆုံးသော အဓိကနိုင်ငံ ဖြစ်လာခဲ့သည်။
သီဟဆပ်၏ ခရီးစဉ်သည် တိုက်ဆိုင်မှုမဟုတ်၊ ချိန်ကိုက်လုပ်လာခြင်းသာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းနှင့် သမ္မတဟောင်း ဦးဝင်းမြင့်ကို လွှတ်ပေးခြင်းတို့ အပါအဝင် သင်္ကြန်ကာလအတွင်း မင်းအောင်လှိုင်၏ တွက်ချက်ထားသော လွတ်ငြိမ်းချမ်းသာခွင့်များ နှင့် အတူ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အချို့က ယင်းကို လျှော့ပေးလိုက်ခြင်းဟု ရှုမြင်ကြသော်လည်း ပို၍တိတိကျကျဆိုရသော် "သံတမန်ရေးရာ ချောဆီ" ထည့်လိုက်ခြင်းသာ ဖြစ်သည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မရောက်ရှိမီလေးတွင် ထင်ရှားသော အကျဉ်းသားများကို လွှတ်ပေးခြင်းဖြင့်၊ စစ်အုပ်စုသည် ဘန်ကောက်အတွက် အဆင်ပြေစေမည့် (အနှစ်သာရမရှိသော်လည်း) ထိတွေ့ဆက်ဆံရန် အကြောင်းပြချက်ကို ဖန်တီးပေးခဲ့သည်။ ထို့ကြောင့် သီဟဆပ်အနေဖြင့် ၎င်း၏ လုပ်ရပ် များသည် ဒီမိုကရေစီမူဝါဒများအား အရှုံးပေးခြင်းဟု မဆိုဘဲ "အပြုသဘောဆောင်သော ဆွေးနွေးမှု" အဖြစ် ပုံဖော်နိုင်ခဲ့သည်။
ထိုသို့ သံတမန်ရေးရာ အရ ဗြောင်ကျကျ ဆက်ဆံလာမှု သည် လူထုအုံကြွမှုများအပေါ် နှစ်နိုင်ငံ စစ်တပ်တို့ ဆယ်စုနှစ် တစုကြာ လက်မခံနိုင် ဖြစ်လာမှုသည် အထွတ်အထိပ်သို့ ရောက်ရှိလာခြင်းပင် ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ ဦးဆောင်သော ထိုင်းစစ်တပ်က အာဏာသိမ်းယူသောအခါ၊ မင်းအောင်လှိုင်က ထိုင်းဗိုလ်ချုပ်ကြီးများမှာ “မှန်ကန်သော အလုပ်ကို လုပ်ဆောင်ခြင်း” ဖြစ်သည်ဟု ချီးမွမ်းခဲ့သည်။
စစ်တပ်တစ်ခုအနေဖြင့် ဒီမိုကရေစီကို မည်သို့နှိမ်နင်းရမည်၊ ထို့နောက် စိတ်ကြိုက်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေမှတစ်ဆင့် ၎င်းတို့၏ အုပ်ချုပ်ရေးကို အရပ်သားအသွင် မည်သို့ပြောင်းလဲရမည်ဟူသော ပုံစံကြမ်း (blueprint) ကို မင်းအောင်လှိုင် မြင်တွေ့သွားခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၌ ထိုပုံစံအတိုင်း လိုက်လုပ်လာသောအခါ၊ ပရာယွတ် အစိုးရကလည်း ကျေးဇူးဆပ်ခဲ့သည်။ ကမ္ဘာကြီးက ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကို ပြန်လည်အာဏာအပ်ရန် တောင်းဆိုနေချိန်တွင် ဘန်ကောက်သည် ထောက်ခံသည့် စကားများ ပြောကြားခဲ့ပြီး အာဆီယံ၏ ပြည်တွင်းရေး ဝင်မစွက်ဖက်ရ မူဝါဒနောက်ကွယ်တွင် ပုန်းကွယ်ခဲ့သည်။
အနုတင်အစိုးရလက်ထက်တွင်မူ ဤမူဝါဒသည် ဖာသိဖာသာ ထောက်ခံပေးရာမှသည် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လာသည်အထိ တိုးတက်ပြောင်းလဲလာခဲ့သည်။ ဘန်ကောက်သည် တည်ငြိမ်ပြီး စစ်တပ်အုပ်ချုပ်သည့် အိမ်နီးချင်း မြန်မာသည် (ကမ္ဘာ့အပယ်ခံဖြစ်နေသည့်တိုင်) သည် ထိုင်းလူငယ်များကို ပြည်တွင်း၌ အလားတူ ပြုပြင်ပြောင်းလဲမှုများ တောင်းဆိုလာအောင် လှုံ့ဆော်ပေးနိုင်သည့် ဒီမိုကရေစီနိုင်ငံထက် ပို၍ လိုလားစရာကောင်းသည်ဟု တွက်ချက်ခဲ့သည်။
ဤသည်မှာ ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာဆိုင်ရာ တန်ဖိုးထားမှုကို အဆိုးမြင်ဘက်မှ အစွန်းဆုံး ပုံဖော်လိုက်ခြင်းပင် ဖြစ်သည် - ယင်းမှာ သေကြေပျက်စီးစေသော နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း လက်နက်ကိုင်ထားသူများ အာဏာမဆုံးရှုံးစေရန် ၎င်းတို့ အချင်းချင်း အကြား ချုပ်ဆိုထားသည့် ပဋိညာဉ်တခုလို ဖြစ်လာခဲ့သည်။
နှစ်ပေါင်းများစွာကြာအောင် အာဆီယံသည် မင်းအောင်လှိုင် ၏ အကြမ်းဖက်မှုများ ရပ်တန့်ရန် ရည်ရွယ်သည့် ငြိမ်းချမ်းရေး အစီအစဉ်ဖြစ်သော "ဘုံသဘောတူညီချက် ၅ ချက်" အောက်တွင် ရပ်တည်ခဲ့သည်။ ယခုအခါ ထိုင်းနိုင်ငံသည် ရာထူးတက်ပွဲသို့ ကိုယ်စားလှယ်များကို တဖက်သတ် စေလွှတ်ခြင်းနှင့် အဆင့်မြင့် ဝန်ကြီးအဆင့် ခရီးစဉ်ကို လုပ်ဆောင်ခြင်းဖြင့် ထိုဘုံသဘောတူညီချက်ကို ထိရောက်စွာ စွန့်ပယ်လိုက်ပြီ ဖြစ်သည်။
၎င်းသည် ဒေသတွင်း အဖွဲ့အစည်း၏ ညီညွတ်သော ရပ်တည်ချက်ကို ဖြိုခွဲလိုက်ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားနှင့် လာအိုကဲ့သို့သော အခြား အာဏာရှင်အဖွဲ့ဝင်နိုင်ငံများအား ၎င်းတို့အနေဖြင့်လည်း နောက်ဆက်တွဲ အကျိုးဆက်မရှိဘဲ သီးခြားခွဲထွက် လုပ်ဆောင်နိုင်သည်ဟူသော သတင်းစကားကို ပေးလိုက်ခြင်း ဖြစ်သည်။
ဤလုပ်ရပ်သည် အန္တရာယ်ရှိသော စံနမူနာတခုလာ စေခဲ့ သည်။ အကယ်၍ ဒေသတွင်း၌ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်ပြီး အမေရိကန်၏ အဓိက မဟာမိတ်နိုင်ငံဖြစ်သော ထိုင်းကပင် လိမ်လည်လှည့်ဖြားထားသည့် ရွေးကောက်ပွဲကို တရားဝင် အကူးအပြောင်းတခုအဖြစ် ဆက်ဆံနေပါက၊ အခြားသူများက အဘယ်ကြောင့် ဂရုစိုက်နေကြတော့မည်နည်း။
ဤကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုသည် အရှေ့တောင်အာရှ၏ အလယ်ဗဟိုတွင် လူ့အခွင့်အရေးများ ကွယ်ပျောက်သွားမည့် "တွင်းနက်ကြီး" တခုကို ဖန်တီးပေးလိုက်ခြင်း ဖြစ်သည်။ ၎င်းသည် ဒီမိုကရေစီရေးနှင့် ပတ်သက်၍ အာဆီယံ၏ နှေးကွေးသော တိုးတက်မှုကို ပိုမိုနှေးကွေးစေရုံသာမက နောက်ပြန်ဆုတ်သွားစေသည်။ ယင်းနှင့် အတူအဖွဲ့အစည်းတခုအတွင်း နိုင်ငံသားများ၏ လုံခြုံရေးထက် အာဏာရှင်အစိုးရ၏ လုံခြုံရေးကိုသာ ဦးစားပေးသည့် အုပ်စုငယ် တခု ထွက်ပေါ် လာခဲ့ပြီ ဖြစ်သည်။
ထိုင်းကိုယ်စားလှယ်အဖွဲ့က နေပြည်တော်တွင် ဂုဏ်ပြုစကားများ အာပေါက် အောင် ပြောကြားနေမှု ၏ မဟာဗျူဟာမြောက် အသီးအပွင့်များ ဘီဂျင်းက ခံစားနေရပြီ ဖြစ်သည်။တရုတ်နိုင်ငံအတွက်မူ အိမ်နီးချင်းနိုင်ငံများက အသိအမှတ်ပြုထားသည့် စစ်တပ်ကျောထောက် နောက်ခံပြု သမ္မတတစ်ဦး ဦးဆောင်သော မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ အဓိက အောင်နိုင်မှုတစ်ခုပင် ဖြစ်သည်။ တည်ငြိမ်သော အာဏာရှင်အုပ်ချုပ်သည့် မြန်မာနိုင်ငံသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကို လုံခြုံစိတ်ချစေပြီး၊ အနောက်တိုင်းစတိုင် ဒီမိုကရေစီဩဇာလွှမ်းမိုးမှုများကို တရုတ်၏ တောင်ဘက်နယ်စပ်နှင့် ဝေးကွာနေစေရန် အာမခံချက်ပေးသကဲ့သို့ အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်ထွက်ပေါက်ကိုလည်း ရရှိစေသည်။
ထိုင်းနိုင်ငံ၏ လုပ်ရပ်သည် ထိုသို့ ပြန် ဖြစ်သွား အောင် တိုက်ရိုက် လုပ် ပေး လိုက်ခြင်း ဖြစ်သည်။ အာဆီယံ၏ စုပေါင်းညှိနှိုင်းနိုင်စွမ်းကို ဖြိုခွဲလိုက်ခြင်းဖြင့်၊ ထိုင်းနိုင်ငံသည် အာဆီယံ အား အဖွဲ့ဝင်များအကြား နှစ်ဦးနှစ်ဖက် သဘောတူက စိတ်ကြိုက်လုပ် နိုင်သည် ဆိုကာ လမ်းပြလိုက်ခြင်းဖြင့် အစိတ်စိတ် အမွှာမွှာကွဲသွားနိုင်သည့် အဖြစ် ရောက် အောင် လုပ်ချပစ်ခဲ့သည်။ အနုတင်အစိုးရသည် ထိုင်းနိုင်ငံ၏ သမိုင်းဝင် မဟာဗျူဟာမြောက် ကြားဝင်စေ့စပ်ပေးသူ အခန်းကဏ္ဍကို စွန့်လွှတ်ကာ တရုတ်ဗဟိုပြုသော ဒေသတွင်းစနစ်သစ်အတွင်းရှိ လက်အောက်ခံ အနွယ်တော်အဖြစ်သို့ ထိရောက်စွာ လဲလှယ်ယူခဲ့ပြီ ဖြစ်သည်။
ထိုင်းပြည်သူများသည် ၁၉၃၂ တော်လှန်ရေးမှသည် ၂၀၂၀ ဆန္ဒပြပွဲများအထိ ဒီမိုကရေစီအခွင့်အရေးများအတွက် ရုန်းကန်ကြိုးပမ်းခဲ့ကြသည့် ရှည်လျားသော သမိုင်းကြောင်းရှိခဲ့ကြသည်။ မင်းအောင်လှိုင်ကို ထောက်ခံအတည်ပြုပေးခြင်းဖြင့် အနုတင်အစိုးရသည် မြန်မာပြည်သူများကို သစ္စာဖောက်ရုံသာမက မိမိနိုင်ငံသားများ၏ ဒီမိုကရေစီ မျှော်မှန်းချက်များကိုပါ စော်ကားလိုက်ခြင်းပင် ဖြစ်သည်။
ဤကဲ့သို့ သံတမန်ရေးအရ အာဏာရှင်အား ဖက်လဲတကင်း လုပ်လာခြင်း သည် ကမ္ဘာ့ဇာတ်ခုံပေါ်ရှိ ထိုင်းနိုင်ငံ၏ ရပ်တည်ချက်ကို အခြေခံကအစ ပျက်ပြားသွားစေသည်။ ယင်းမှာ အံ့အားသင့်ဖွယ်ကောင်းသော အစိုးရ တဖွဲ့၏ ဝိရောဓိဖြစ်စဉ် တခုလည်း ဖြစ်သည် - ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် လက်ရှိနေရာရရှိထားသော နိုင်ငံတစ်နိုင်ငံက စစ်အာဏာရှင်တစ်ဦး၏ အရပ်သားအသွင် ပြောင်းလဲမှုကို တရားဝင်မှုပုံစံ ဖြစ်အောင် ဖန်တီးပေးနေခြင်းပင် ဖြစ်သည်။
နေပြည်တော်သို့ ကိုယ်စားလှယ်များ စေလွှတ်ခြင်းဖြင့် အစိုးရသည် ၎င်းတို့ကိုယ်တိုင် စောင့်ရှောက်ပါမည်ဟု ကျိန်ဆိုထားသော နိုင်ငံတကာစံနှုန်းများကို ဗြောင်ကျကျပင် မထေမဲ့မြင်ပြုကြောင်း ပြသလိုက်ခြင်းဖြစ်သည်။ တချိန်က ပျော့ပျောင်းသောဩဇာ (soft power) ဖြင့် ဦးဆောင်နိုင်ရေး လမ်းကြောင်းဖြစ်ခဲ့သည့် ဤကမ္ဘာ့အဆင့် မျှော်မှန်းချက်များသည် နိုင်ငံတကာ တာဝန်ဝတ္တရားများထက် အဆိုးမြင်ဝါဒနှင့် လစ်ဘရယ်မဆန်သော စည်းလုံးမှုကိုသာ ဦးစားပေးသည့် နိုင်ငံခြားရေးမူဝါဒကြောင့် ယခုအခါ အဖိုးမတန်တော့ဘဲ ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်သည်။
ထိုင်းနိုင်ငံက နေပြည်တော် အစိုးရအဖွဲ့ကို အသိအမှတ်ပြုခြင်းမှာ "လက်တွေ့ကျသော သံတမန်ရေး" မဟုတ်ပေ - ယင်းမှာ မဲပုံးကို ပြဇာတ်အသုံးအဆောင်အဖြစ်သာ ထားရှိပြီး သေနတ်ပြောင်းကသာ အာဏာ၏ အဆုံးအဖြတ်ဖြစ်သည့် ဒေသတွင်းစနစ်တစ်ခုကို တရားဝင် အတည်ပြုလိုက်ခြင်းသာ ဖြစ်သည်။
သီဟဆပ် နေပြည်တော်မှ ပြန်လည်ထွက်ခွာလာချိန်တွင်တော့ အာဆီယံ၏ ဒီမိုကရေစီဆိုင်ရာ ယုံကြည်ကိုးစားနိုင်မှုကို သေမိန့်လက်မှတ် ထိုးကာ ဖုတ်ကြည်း မီးသင်္ဂြိုလ် လိုက်ခြင်းပင် ဖြစ် ပေတော့သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!