နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဝင်မလာ၍ မင်းအောင်လှိုင် ညည်းတွား

by Hla Soewai - May 11 2026

ပြီးခဲ့သည့် ငါးနှစ် အတွင်း ၎င်းလုပ်ခဲ့သည်များ ကို လည်း ပြန်လည် သုံးသပ်ခြင်းမရှိ၊ နိုင်ငံ တဝှမ်း ပြည်တွင်း စစ်ကြီး ဖြစ်ပွား‌ နေခြင်းနှင့် ၎င်း အား သမ္မတ အဖြစ် ရောက်လာခြင်းမှာလည်း မည်မည်ရရ ယဉ် ပြိုင်သူ မရှိ၊ ကုလသမဂ္ဂ ကပင် အသိအမှတ် မပြုသည့် ရွေးကောက်ပွဲ မျိုး ဖြင့် ဖြစ်သည်ကိုလည်း သတိမူမိဟန် မရှိ။

 

"စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ “ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရ” အပေါ် နိုင်ငံခြားတိုင်းပြည်များက မလိုအပ်ဘဲ ဖိအားပေးနေသည်ဟု စွပ်စွဲကာ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများ ကြောင့်ဟု ဆိုကာ ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့် အစည်းအဝေးတွင် အပြစ်ဖို့ သွားခဲ့သည်။

 

၎င်း သမ္မတ ဖြစ်လာမှု ကို “ဒီမိုကရေစီနည်းကျ" ဆိုကာ ပြောသမျှ တလုံးတပါဒ မျှ ခွန်းတုံ့ မပြန်ရဲရှာဘဲ အောက်မှာ ထိုင်ကာ လိုက်ရေးနေရသည့် လူများ ရှေ့တွင် ငါစကား နွားရ အရှက်မရှိ ပြောနေခြင်းသာ ဖြစ်သည်။

 

ထို့ထက်ပို၍ အရှက်ကင်းမဲ့နေသည်က မေလ ၇ ရက်နေ့ အစည်းအဝေးတွင် မင်းအောင်လှိုင်က နိုင်ငံ၏ ဆိုးရွားလှသော ဘဏ္ဍာရေးအခြေအနေအတွက် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပေါ် ပုံချရန် ကြိုးပမ်းခဲ့သည်။

 

၎င်းက ယခင်အရပ်သားအစိုးရသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အခွန်ထမ်းပြည်သူများ၏ ငွေကြေး အမေရိကန်ဒေါ်လာ ၁၃.၃၄ သန်းနှင့် မြန်မာကျပ်ငွေ ၂၂၆.၁၀ ဘီလီယံကို လေလွင့်ပြုန်းတီးစေခဲ့သည့် “စီမံခန့်ခွဲမှု အလွဲများ” ရှိခဲ့သည်ဟု စွပ်စွဲခဲ့သည်။

 

သို့သော်လည်း လွတ်လပ်သော စီးပွားရေးဆိုင်ရာ အချက်အလက်များအရ ၎င်း၏ စစ်ကောင်စီလက်ထက် ဘဏ္ဍာရေးစီမံခန့်ခွဲမှုမှာ စွပ်စွဲချက်များနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်ကို တွေ့ရှိရသည်။

 

၎င်းအုပ်ချုပ်လာခဲ့သည်မှာ ငါးနှစ်သည် နိုင်ငံတော် အတိုင်ပင်ခံ အုပ်ချုပ်လာခဲ့သည်မှာလည်း ငါးနှစ်ရှိသည်။ ပါးစပ်ပြောနှင့် လူတကာ ကို အပြစ်ဖို့နေ၍ မရ၊ စာရင်းဇယား များက အတိအကျ ညွှန်ပြနေသည်။

 

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar) ၏ အဆိုအရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ သိသိသာသာ ထိုးဆင်းသွားခဲ့သည်။

 

NLD အစိုးရ၏ ငါးနှစ်သက်တမ်း (၂၀၁၆–၂၀၂၀) အတွင်း မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၈.၇ ဘီလီယံကျော် ဝင်ရောက်ခဲ့သော်လည်း၊ အာဏာသိမ်းပြီးနောက် ငါးနှစ်တာကာလ (၂၀၂၁–၂၀၂၅) အတွင်းတွင်မူ ဒေါ်လာ ၇.၄ ဘီလီယံခန့်သာ ဝင်ရောက်ခဲ့ရာ ၇၄ ရာခိုင်နှုန်းအထိ အံ့အားသင့်ဖွယ် လျော့ကျသွားခြင်းဖြစ်သည်။

 

ထို့အပြင် Total၊ Chevron နှင့် Telenor အပါအဝင် အဓိကနိုင်ငံခြားကုမ္ပဏီကြီး အနည်းဆုံး ၂၅ ခုသည် ၂၀၂၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံမှ လုံးဝထွက်ခွာသွားခြင်း သို့မဟုတ် လုပ်ငန်းလည်ပတ်မှုအားလုံး ရပ်ဆိုင်းလိုက်ခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း ISP-Myanmar က အစီရင်ခံထားသည်။

 

စစ်အုပ်စုက ထိန်းချုပ်ထားသော အချက်အလက်များ၌ပင် ဆက်တိုက်ဆိုးရွားလာသည့် အခြေအနေကို ထင်ဟပ်နေသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ အဆိုအရ ၂၀၂၅–၂၆ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၄၇၂.၆ သန်းသာ ရှိခဲ့ပြီး၊ ယခင်နှစ်ထက် ဒေါ်လာ ၂၁၇.၆ သန်း လျော့နည်းသွားခဲ့သည်။

 

နေပြည်တော်သည် အနောက်နိုင်ငံများ၏ ပြင်းထန်စွာ ပိတ်ဆို့ ဒဏ်ခတ်ထားမှု ကို ဆက်လက်ရင်ဆိုင်နေရသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဆွစ်ဇာလန်၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့သည် စစ်အုပ်စု တာဝန်ရှိသူများနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) အပါအဝင် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစုကြီးများအပေါ် ဘက်စုံပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ကြသည်။

 

မကြာသေးမီကပင် ဥရောပသမဂ္ဂ (E.U.) သည် ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်း၊ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းနှင့် လက်နက်ခဲယမ်း တင်ပို့ခွင့်ပိတ်ပင်ခြင်းတို့ အပါအဝင် လူပုဂ္ဂိုလ် ၁၀၅ ဦးနှင့် အဖွဲ့အစည်း ၂၂ ခုကို ပစ်မှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို အနည်းဆုံး ၂၀၂၇ ခုနှစ် မေလအထိ သက်တမ်းတိုးခဲ့သည်။

 

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဟောင်းဖြစ်သူ သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ် ကမူ ပိတ်ဆို့အရေးယူမှုများသည် အဓိကကျသော နိုင်ငံခြားငွေ စီးဆင်းမှုများကို ဖြတ်တောက်ခြင်းဖြင့် စစ်တပ်၏ စစ်ဆင်နိုင်စွမ်းကို "အင်အားချည့်နဲ့စေရန်" အရေးပါသော လက်နက်တစ်ခု ဖြစ်နေဆဲဟု DVB သို့ ပြောပြခဲ့သည်။

 

မြန်မာနိုင်ငံအရေး အထူးပြုလေ့လာနေသော ဖွံ့ဖြိုးရေးစီးပွားရေးပညာရှင် ဂျာရက် ဘစ်ဆင်ဂါ ကမူ ပိတ်ဆို့အရေးယူမှုများသည် ဝင်ငွေလမ်းကြောင်းများကို ယာယီအားဖြင့် အဟန့်အတားဖြစ်စေသော်လည်း၊ ယခုထက်ထိ စစ်အုပ်စု သစ္စာခံ တပ်များက တနိုင်ငံလုံးရှိ လူထုအပေါ် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကိုမူ မရပ်တန့်နိုင်သေးကြောင်း ထောက်ပြပြောဆိုခဲ့သည်။

 

ရွေးကောက်ပွဲ လုပ်ပြီးက ဒီမို ကရေစီ ဖြစ်ပြီ ဆိုကာ ကလေးကလား အတွေးအ ခေါ် သာသာဖြင့်မျှော်လင့်ချက်အလင်းရောင် လေး ထွက်လာပြီ ဆိုပြီး မင်း အောင်လှိုင်မှ ဝါရှင်တန်နှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ရင်းနှီးသည် ဆိုသော ရော်ဂျာ စတုန်း ဆိုသူ အား တလ ဒေါ်လာ ငါးသောင်း၊ တနှစ် ဒေါ်လာ သုံးသန်း နှင့် ငှားရမ်းခြင်းသည်လည်း မည်သို့မျှ အရာမထင်၍ တိုင်းပြည် ဘဏ္ဍာ ကို ၎င်းတို့ အနေအစား ချောင်ရန် သက်သက် ဖြုန်းတီးနေခြင်းပင် မဟုတ်ပါလား။

 

ယခုအခါ ‌ဒေါ်နယ် ထရမ့်သည်လည်း ရှားပါး မြေသား သတ္တုကို စိတ်မဝင်စားနိုင်တော့၊ နောက်ထပ် ခေါင်းရှုပ်လည်း မခံတော့ ဆိုသည့် အဖြစ် ရောက်လာသည်။

 

ဒေါ်နယ် ထရမ့်သာ မက နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကလည်း စစ်တပ် အုပ်ချုပ်နေသည့် မြန်မာအား "လုံးဝ ပျက်စီးယိုယွင်းနေပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်စွမ်း မရှိတော့တဲ့ အခြေအနေ"၊ ၎င်းတို့ အခေါ် "basket case" ဟုသာ ယူဆနေ ကြောင်း ဆစ်ဒနီမြို့အခြေစိုက် Lowy အင်စတီကျု၏ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး ဟန်တာ မာစတန်က South China Morning Post သတင်းစာကို ပြောပြခဲ့သည်။

 

မြန်မာနိုင်ငံသည် ပြည်တွင်းစစ်နှင့် စီမံခန့်ခွဲမှု အမှားများ ကြောင့် မည်သို့မျှ ပြန်နာလန်ထူဖို့ မလွယ်ကူတော့ဘဲ၊ ရင်းနှီးမြှုပ်နှံရန် မသင့်တော်တော့သည့် ဆိုးရွားတဲ့ အခြေအနေ အတွင်း ရောက်ရှိနေသည်ကို နေပြည်တော်တွင် ထိုင်ကာ စိတ်ကူး ဖဲရိုက်နေသည့် မင်းအောင်လှိုင်မှ လွဲ၍ အားလုံးက သိရှိနေကြပြီးလည်း ဖြစ်သည်။

 

မင်းအောင်လှိုင် ပါးစပ်က ယခုလို ထွက်လာခြင်းသည်လည်း မေလ ၇-၈ တွင် ဖိလစ်ပိုင် နိုင်ငံ ဆီဘူး မြိုတွင် ကျင်းပမည့် အာဆီယံ နိုင်ငံ ခေါင်းဆောင်များ အစည်း အဝေး အမီ အဝေး မှ သွယ်ဝိုက်၍ အကူအညီ တောင်းခံလိုက်ခြင်းလည်း ဖြစ်မည်ဟု ယူဆရပေသည်။

 

ကျေးတော်မျိုး ကျွန်တော်မျိုးများကလည်း ဆီဘူး တွင် အာဆီယံ နိုင်ငံ ခေါင်းဆောင်များ စုဝေး နေချိန်တွင် အဘယ်ကြောင့် မိမိတို့၏ ခေါင်းဆောင်ကြီးသည် သမ္မတ ဟု သာ ပြောဆိုနေသော်လည်း အဘယ်‌ ကြောင့် နေပြည်တော်တွင် ပဲ ရှိနေရသနည်းဟု အချင်းချင်း လက်တို့၍ မေးခွန်း ထုတ်စရာ ဖြစ်လာရသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!