ဧပြီ ၂၅ တွင် နေပြည်တော်သို့ ရောက်ရှိနေသော တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ သည် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်ဟု ဧရာဝတီ တွင် ရေးသားထားသည်။
ထိုသို့ တွေ့ဆုံနိုင်ရန် သင်္ကြန်အတက်နေ့ (ဧပြီလ ၁၆ ရက်) တွင် နေပြည်တော်ရှိ အထူးတည်ဆောက်ထားသော လုံခြုံရေးအိမ်ရာတခုသို့ ရုတ်ခြည်း ပြောင်းရွှေ ပေး လိုက်သည်ဟု ဆိုသည်။ အဆိုပါနေအိမ်သည် စစ်ဘက်မိသားစုများနေထိုင်သည့် ရပ်ကွက်အတွင်းတည်ရှိပြီး မြင့်မားသော ခြံစည်းရိုးများဖြင့် ဝန်းရံထားသည်။
အိမ်ကို အလျင်အမြန် အပြီးသတ်တည်ဆောက်ခဲ့ရခြင်းဖြစ်ပြီး၊ အိမ်သုတ်ဆေးနံ့များ ပြင်းထန်နေခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်က ၎င်းဆေးနံ့နှင့်ပတ်သက်၍ ပြောဆိုခဲ့ကြောင်း သိရှိရသည်။
ထိုသို့ နေရာရွှေ့ပြောင်းပြီး နောက်တနေ့တွင် စစ်အုပ်စု သည် သမ္မတ ဦးဝင်းမြင့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး၊ တင်းကျပ်သော ကန့်သတ်ချက်များဖြင့် ၎င်း၏ နေအိမ်သို့ ပြန်လည်စေလွှတ်ခဲ့သည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အား "သတ်မှတ်ထားသည့် နေအိမ်တစ်ခုတွင် ကျန်ရှိနေသော ထောင်ဒဏ်များကို ဆက်လက်ကျခံရန် ခွင့်ပြုလိုက်သည်" ဟု ကိုးရက် အကြာ ဧပြီ ၂၅ ရက်နေ့ရောက်မှသာ ထုတ်ပြန်ကြေညာခဲ့သည်။
အလွတ်သဘော တွေ့ဆုံပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဆိုသူ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ရဲချုပ် စိုးလှိုင်နှင့် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
အဆိုပါ တွေ့ဆုံမှုကို တရားဝင် မှတ်တမ်းယူခြင်း သို့မဟုတ် အသံဖမ်းယူခြင်းများ မပြုလုပ်ရန် တားမြစ်ထားကြောင်း သိရသည်။ တွေ့ဆုံမှု၏ အသေးစိတ်အချက်အလက်များကိုမူ အတည်ပြု နိုင်ခြင်း မရှိသေးဟု ဧရာဝတီက ဆိုသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့က စစ်အုပ်စု မီဒီယာများတွင် ဖော်ပြခဲ့သော တခုတည်းသော ဓာတ်ပုံထဲတွင် သူမသည် ယူနီဖောင်းဝတ် အမျိုးသားနှစ်ဦးနှင့် စကားပြောဆိုနေသည်ကို တွေ့ရသည်။
သို့သော် ဧရာဝတီ သည် အဆိုပါဓာတ်ပုံ၏ မူရင်း အကျယ် ဗားရှင်းကို ရရှိထားပြီး၊ ထိုပုံတွင် တွေ့ရသော ယူနီဖောင်းဝတ်အမျိုးသား သုံးဦးမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မင်းသူ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (SB) ရဲချုပ် လှိုင်မင်းနှင့် ဒုတိယရဲချုပ် မျိုးမင်းထိုက်တို့ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တနင်္ဂနွေနေ့တွင် ထုတ်ပြန် သော ကြေညာချက် တွင် ၎င်းတို့၏ ပါတီခေါင်းဆောင်အား လျှို့ဝှက်အကျဉ်းထောင်မှ လူမသိသော နေအိမ်အကျယ်ချုပ်နေရာသို့ ရွှေ့ပြောင်းခြင်းမှာ "အပြုသဘောဆောင်သည့် နိုင်ငံရေးခြေလှမ်း မဟုတ်ဘဲ လှည့်စားမှုတစ်ခုသာ ဖြစ်သည်" ဟု သတိပေးပြောကြားခဲ့သည်။
ဥပဒေရေးရာ သတင်းရင်းမြစ်တခု အဆိုအရ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့သည် အကျဉ်းထောင်သုံး ပစ္စည်းများကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နေပြည်တော်ရှိ သတ်မှတ်ထားသောနေရာတစ်ခုသို့ ပေးပို့ရပြီး၊ ထိုမှတစ်ဆင့် တနင်္လာနေ့များတွင် သူမထံသို့ ဆက်လက်ပေးပို့ခြင်း ဖြစ်သည်ဟု ဆိုသည်။
သို့သော်လည်း ရှေ့နေများသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက ဒေါ်အောင်ဆန်းစုကြည်နှင့် လူကိုယ်တိုင် တွေ့ဆုံခွင့် မရရှိခဲ့ကြပေ။
သားဖြစ်သူ ကိုထိန်လင်း က အသက်အရွယ် ကြီးရင့် နေပြီ ဖြစ်သော မိခင်ဖြစ်သူနှင့် ပြန်လည်တွေ့ဆုံခွင့်ရရန် အလေးအနက် တောင်းဆိုလိုက်ပြန်သည်။
"ကျွန်တော့်ဖခင်ဟာ အဲ့ဒီအချိန်တုန်းက အမေ အကျဉ်းကျနေတာကြောင့် အမေနဲ့ နောက်ဆုံးအကြိမ် ပြန်မတွေ့ရဘဲ ကွယ်လွန်သွားခဲ့ရပါတယ်" ဟု ကင်အဲရစ်က အမေရိကန် သတင်းဌာန ကွန်ယက်ကြီး ဖြစ် သော National Public Radio (NPR)သို့ ပြောကြားခဲ့သည်။ "ကျွန်တော်ကတော့ အမေနဲ့ နောက်တစ်ခါ ပြန်တွေ့ချင်ရုံတင်ပါ၊ အမေ နေကောင်းရဲ့လားဆိုတာကိုလည်း သိချင်ရုံသက်သက်ပါပဲ။" ဟု ဆိုသည်။
ဥရောပသမဂ္ဂ (EU) ကိုယ်စား နိုင်ငံခြားရေးနှင့် လုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အန်နီတာ ဟစ်ပါ က စနေနေ့တွင် ၎င်း၏ လူမှုကွန်ရက် X တွင် ဒေါ်အောင်ဆန်းစုကြည်၏ "ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အပြည့်အဝ လေးစားလိုက်နာရန်၊ မိသားစုနှင့်လည်းကောင်း၊ ဥပဒေအကြံပေး များနှင့်လည်းကောင်း ပုံမှန်တွေ့ဆုံခွင့်ပေးရန်" တောင်းဆိုထားသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် စွပ်စွဲထားသည့် တရားဝင် အမှုတွဲကို တီမောလက်စတေမြို့တော် ဒီလီ ရှိ ပထမအဆင့် တရားရုံးသို့ တင်သွင်းလိုက်ပြီဖြစ်သည်ဟုလည်း သိရသည်။
ဧပြီလ ၃ ရက်နေ့တွင် အင်ဒိုနီးရှားအာဏာပိုင်များသည် ၎င်းတို့၏ ရာဇဝတ်မှုဆိုင်ရာ ဥပဒေအသစ်အရ မင်းအောင်လှိုင်ကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စွပ်စွဲထားသည့် အမှုတွဲကို တရားဝင်လက်ခံခဲ့သည်။ ဂျကာတာမြို့တွင် တင်သွင်းခဲ့သည့် အဆိုပါအမှုကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုမှ လွတ်မြောက်လာသူ ရာစမင်းအူလာ နှင့်အတူ အင်ဒိုနီးရှားနိုင်ငံ၏ ထင်ရှားကျော်ကြားသူ ၁၀ ဦးတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာမှ ၎င်းအား ဥပဒေကြောင်းအရ အရေးယူ နိုင်ရန် အရှိန်မြှင့် ကြိုးပမ်းလာ နေပြီ ဖြစ်သည်။
ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထဲရေး နှင့် လူဝင်မှု ဝန်ကြီး ဦးလွင်ကိုလတ်၊ ဒုတိယ ကာကွယ်ရေး ဝန်ကြီး နိုင်ကောင်းရွက် နှင့် ဦးမင်းကိုနိုင် တို့မှ ပဲခူးတိုင်း အတွင်းရှိ နယ်မြေ အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ မှ သတင်း ထုတ်ပြန်ခဲ့သည်။
စစ်ခေါင်းဆောင်များကတော့ ပြည်သူ သန်း ငါးဆယ် သည် တိုင်းပြည် အုပ်ချုပ်ရေး ရာ များ တွင် ပြောရေး ဆိုခွင့် ပေးရန် မထိုက်တန်သူများဟု ယူဆထားဆဲ ပင် ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!