အကယ်၍ တရုတ်နှင့် အမေရိကန် ခေါင်းဆောင်များသည် စီစဉ်ထားသည့်အတိုင်း မေလလယ်တွင် ဘီဂျင်း ၌ တွေ့ဆုံဖြစ်ပါက၊ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ လက်ယာဘက်ကပ်လျက်တွင် ထိုင်နေမည့် အရပ်ရှည်ရှည် ဆံပင်ဖြူဖြူနှင့် ပုဂ္ဂိုလ်သည် ချိုင်ချီ ဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံ၏ ဒုတိယမြောက် အာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်သည်။ နေရာထိုင်ခင်း အစီအစဉ်အရသာမက လုပ်ပိုင်ခွင့် တာဝန်များအရပါ ရှီ၏ လက်ရုံးတစ်ဦး ဖြစ်သည့်အားလျော်စွာ၊ မစ္စတာချိုင်သည် မူဝါဒရေးရာ နယ်ပယ်အားလုံးနီးပါးကို သိရှိနားလည်ထားသူဖြစ်ပြီး ကွန်မြူနစ်ပါတီ၏ လျှို့ဝှက်ချက်များစွာကိုလည်း လက်လှမ်းမီသူ ဖြစ်သည်။
ထို့ကြောင့် သူသည် အမေရိကန် အရာရှိများနှင့် အခြားသော နိုင်ငံခြားအစိုးရများအတွက် အထူးပင် စိတ်ဝင်တစား စောင့်ကြည့်ရမည့်သူ ဖြစ်လာသည်။ တစ်ဖက်တွင်လည်း ရှီသည် ၎င်း၏ အနီးကပ်ဆုံး မဟာမိတ်များကိုပင် ဘေးဖယ်ခြင်း သို့မဟုတ် ထုတ်ပယ်ခြင်း ပြုလုပ်တတ်သည့် အတွက် ကြောင့် မစ္စတာချိုင်၏ အနာဂတ်နှင့် ပတ်သက်၍လည်း မေးခွန်းများ ထွက်ပေါ်နေသည်။
ရှီနှင့် သိကျွမ်းခဲ့သည်မှာ ဆယ်စုနှစ် သုံးခုကျော်ရှိပြီဖြစ်သော ချိုင်သည် ပါတီ၏ အမြင့်ဆုံးဦးဆောင်အဖွဲ့ဖြစ်သည့် ပေါလစ်ဗျူရို အမြဲတမ်းကော်မတီဝင် ခုနစ်ဦးအနက် အဆင့်သတ်မှတ်ချက်အရ ပဥ္စမနေရာတွင်သာ ရှိနေသည်။ သို့သော် သူသည် ပါတီ၏ အစွမ်းထက်လှသော အထွေထွေ ရုံး General Office ကို ဆယ်စုနှစ် လေးခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပူးတွဲကိုင်တွယ်ခွင့်ရထားသူ ဖြစ်သည်။
ဆိုလိုသည်မှာ ၎င်း သည် ရှီ၏ အမှုဆောင်အရာရှိချုပ် Chief of Staff အဖြစ် တာဝန်ယူထားပြီး သမ္မတ၏ အချိန်ဇယား၊ လူတွေ့ဆုံမှုများနှင့် သမ္မတထံသို့ရောက်ရှိမည့် သတင်းအချက်အလက်များကိုပါ ထိန်းချုပ်ကိုင်တွယ်ထားခြင်းဖြစ်သည်။ ထို့ပြင် ရှီနှင့် အမြဲတစေ နီးကပ်စွာရှိနေတတ်ပြီး ပြည်တွင်းပြည်ပ ခရီးစဉ်များတွင် အတူလိုက်ပါလေ့ရှိသည့်အပြင် သမ္မတ၏ ကျန်းမာရေးစောင့်ရှောက်မှုများကိုပင် ကြီးကြပ်ကွပ်ကဲနေသူ ဖြစ်သည်။
ချိုင်သည် လက်ရှိနှင့် အနားယူသွားသော ခေါင်းဆောင်များကို အကာအကွယ်ပေးရုံသာမက (မျက်ခြေမပြတ် စောင့်ကြည့်ရသည့်) အရပ်ဝတ် လုံခြုံရေးတပ်ဖွဲ့ဖြစ်သော ဗဟိုကိုယ်ရံတော်ဗျူရို (Central Guard Bureau) ၏ အကြီးအကဲအဖြစ် ရှီ၏ လုံခြုံရေးအတွက်ပါ ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်ခြင်း ခံထားရသူဖြစ်သည်။
ထိုရာထူးသည် အစဉ်အမြဲ နိုင်ငံရေးအရ ထိရှလွယ်သော ရာထူးတစ်ခု ဖြစ်ခဲ့သော်လည်း၊ ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် ရှီက စစ်ဗိုလ်ချုပ်ပေါင်း သုံးဆယ်ကျော်ကို ရာထူးမှထုတ်ပယ် (သုတ်သင်) ခဲ့ပြီးနောက်ပိုင်းတွင် ပို၍ပင် အရေးပါလာခဲ့သည်။ ထိုဗိုလ်ချုပ်များထဲတွင် ပြီးခဲ့သည့် ဇန်နဝါရီလက စုံစမ်းစစ်ဆေးခြင်း ခံခဲ့ရသည့် တရုတ်နိုင်ငံ၏ အဆင့်အမြင့်ဆုံး စစ်ဘက်အရာရှိကြီး ဗိုလ်ချုပ်ကြီး ကျန်းယူရှ လည်း ပါဝင်သည်။ ရှီ၏ အာဏာကို ဖီဆန်သည်ဟု စွပ်စွဲခံရသော ဗိုလ်ချုပ်ကြီးကျန်းကို ဖမ်းဆီးထိန်းသိမ်းရာတွင် ဗဟိုကိုယ်ရံတော်ဗျူရိုမှ ဝန်ထမ်းများက တာဝန်ယူဆောင်ရွက်ခဲ့ဖွယ် ရှိသည်။
ထိုတာဝန်များအပြင် ချိုင်သည် ခေါင်းဆောင်မှုအပိုင်း၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ပေး ရရုံသာမက ပါတီယန္တရား၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲရသည့် ဗဟိုအတွင်းရေးမှူးချုပ်ရုံး (Central Secretariat) ၏ အကြီးအကဲလည်း ဖြစ်သည်။
ထိုအချက်ကြောင့် သူသည် ကဏ္ဍစုံ အုပ်ချုပ်ရေးကိစ္စရပ်များကို ကြီးကြပ်ကွပ်ကဲခွင့် ရရှိထားသည်။ ၎င်းအပြင် အခြားသော ရာထူးများစွာထဲတွင် သူသည် ဆိုင်ဘာ ကိစ္စရပ်များကို တာဝန်ယူရသည့် ပါတီကော်မရှင်တစ်ခုကို ဦးဆောင်နေသည်ဟု ယူဆရသလို၊ ထိပ်တန်းရဲအရာရှိကြီးများ၊ ထောက်လှမ်းရေးနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ ပါဝင်သည်ဟု ယုံကြည်ရသည့် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်သော အမျိုးသားလုံခြုံရေးကော်မရှင် (National Security Commission) တွင်လည်း တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
ချိုင် ကိုင်တွယ်ရသည့် တာဝန်ဝတ္တရားများ၏ အတိုင်းအတာနှင့် နက်ရှိုင်းမှုမှာ ပါတီသမိုင်းတစ်လျှောက်တွင် အလွန်ပင် ထူးခြားသည့်ဖြစ်စဉ်တခု ဖြစ်နေသည်။ 'ဒါဟာ သူ့ကို ပါတီရဲ့ လျှို့ဝှက်အရေးကြီး စာရွက်စာတမ်းတွေကိုသာမက လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ စစ်တပ်အပေါ်မှာပါ ဩဇာသက်ရောက်နိုင်ခွင့် ပေးထားတာပါ' ဟု CIA မှ တရုတ်နိုင်ငံရေး လေ့လာဆန်းစစ်သူဟောင်း ဂျိုနသန် ချင် က ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ 'ရှီကျင့်ဖျင်သာ နက်ဖြန် မတော်တဆ ကွယ်လွန်သွားပြီး ဆက်ခံမယ့် အစီအစဉ်လည်း ကြိုတင်မရှိထားဘူးဆိုရင် ဘယ်သူ အမြင့်ဆုံးရာထူး ရမလဲလို့ လူတွေက ကျွန်တော့်ကို မေးတဲ့အခါတိုင်း၊ ချိုင်ချီ လို့သာ ပြောရမှာပါပဲ' ဟု ဆိုသည်။
ယခုအခါ မစ္စတာချိုင်သည် တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ်နှင့် ပါတီ၏ အဆင့် (၂) ခေါင်းဆောင်အဖြစ် နိုင်ငံတော်ကောင်စီ (သို့မဟုတ်) အစိုးရအဖွဲ့ကို ဦးဆောင်နေသည့် လီချန် ထက်ပင် ပိုမိုကျယ်ပြန့်သော လုပ်ပိုင်ခွင့်အာဏာများ ရှိနေပုံရသည်။ မစ္စတာ လီသည်လည်း ၂၀၀၀ ပြည့်နှစ်များအတွင်း တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ရှီနှင့်အတူ အလုပ်လုပ်ခဲ့ဖူးသဖြင့် ရှည်လျားသော ဆက်ဆံရေးရှိခဲ့သူဖြစ်သည်။ သို့သော်လည်း ရှီသည် လီကို ထိန်းညှိရန်နှင့် နိုင်ငံတော်ကောင်စီအပေါ် ပါတီ၏ လွှမ်းမိုးမှုကို သေချာစေရန်အတွက် လက်ရှိ အာဏာတည်ဆောက်ပုံကို ပုံဖော်ခဲ့ခြင်းဖြစ်နိုင်ကြောင်း တရုတ်ခေါင်းဆောင်ပိုင်း၏ နိုင်ငံရေးအကြံပေးဟောင်းဖြစ်သူ စတန်းဖို့ဒ်တက္ကသိုလ်မှ ဝူကော်ကွမ် က သုံးသပ်သည်။ 'နံပါတ် (၂) နေရာမှာ ရှိနေတဲ့လူဟာ မဟာခေါင်းဆောင်ကြီးကို စိန်ခေါ်နိုင်ခြေ အရှိဆုံးပုဂ္ဂိုလ် အမြဲတမ်းဖြစ်နေလို့ပါပဲ' ဟု ၎င်းက ဆိုသည်။
မစ္စတာချိုင်သည် ယခင်က တာဝန်ယူခဲ့သည့် အထွေထွေရုံး အကြီးအကဲများထက်စာလျှင် သံတမန်ရေးရာကဏ္ဍတွင် ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်နေပုံရသည်။ ၎င်းသည် ပြီးခဲ့သည့် အောက်တိုဘာလက တောင်ကိုရီးယားနိုင်ငံ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံမှုအပါအဝင် နိုင်ငံခြားခေါင်းဆောင်များနှင့် တွေ့ဆုံသည့် အစည်းအဝေးများတွင် ရှီ၏ ဘေးတွင် အမြဲလိုလို ထိုင်လေ့ရှိသည်။
သို့သော် မစ္စတာချိုင်သည် မကြာသေးမီက အိန္ဒိယ၊ အီဂျစ်နှင့် တူရကီနိုင်ငံတို့မှ ခေါင်းဆောင်များအပါအဝင် နိုင်ငံခြားသား ဧည့်သည်တော်များကို တစ်ဦးတည်း သီးသန့်တွေ့ဆုံမှုများလည်း ပြုလုပ်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် သူသည် ရှီထံသို့ တိုက်ရိုက်သတင်းစကားပါးနိုင်သည့် နောက်ဖေးလမ်းကြောင်းများ (back channels) အဖြစ် တစ်ခါတစ်ရံ ယူဆခြင်းခံရသူ အမေရိကန် ဘဏ္ဍာရေးလုပ်ငန်းရှင်နှစ်ဦးဖြစ်သည့် ဂျွန် သော်န်တန် နှင့် စတီဖင် ရှဝဇ်မန်း တို့နှင့်လည်း တွေ့ဆုံခဲ့သည်။
ဒုတိယအကြိမ်မြောက် ထရမ့် အစိုးရသည်လည်း မစ္စတာချိုင်နှင့် သီးသန့်တွေ့ဆုံခွင့်ရရန် ကြိုးပမ်းခဲ့သော်လည်း (ယခုအချိန်အထိ မအောင်မြင်သေးပေ)။ တစ်ဖက်တွင်လည်း ပြီးခဲ့သည့်နှစ်က ဗြိတိန်အစိုးရသည် တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးသည်ဟု စွပ်စွဲခံထားရသူ နှစ်ဦးကို တရားစွဲဆိုရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့သည့် ဖြစ်ရပ်တွင် မစ္စတာချိုင်သည် အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပါဝင်နေကြောင်း ဖော်ထုတ်ခံခဲ့ရသည်။
ထိုစဉ်က ဗြိတိန်အဆင့်မြင့် လုံခြုံရေးအရာရှိတစ်ဦး၏ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ်တွင် တရားခံတစ်ဦးသည် ၂၀၁၇ ခုနှစ်၌ ဘီဂျင်း ပါတီအကြီးအကဲ ဖြစ်လာပြီး ငါးနှစ်အကြာတွင် ပေါလစ်ဗျူရို အမြဲတမ်းကော်မတီဝင် ဖြစ်လာသည့် တရုတ်ခေါင်းဆောင်ပိုင်းမှ အကြီးတန်းပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုဖော်ပြချက်နှင့် ကိုက်ညီသူမှာ မစ္စတာချိုင် တစ်ဦးတည်းသာ ရှိသည်။
နိုင်ငံခြားအရာရှိများနှင့် (နိုင်ငံရေးကို စိတ်ဝင်စားကြသည့် တရုတ်နိုင်ငံသားများ) သည် ယခုအခါ မစ္စတာချိုင်၏ အနာဂတ်နှင့် ပတ်သက်သည့် အရိပ်အယောင်များကို အနီးကပ် စောင့်ကြည့်နေကြပြီဖြစ်သည်။ အသက် ၇၀ အရွယ် ရှိနေပြီဖြစ်သော ၎င်းကို ယခင်ကဆိုလျှင် ၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် ငါးနှစ်တစ်ကြိမ် ပါတီညီလာခံတွင် အနားယူလိမ့်မည်ဟု ခန့်မှန်းခဲ့ကြမည်ဖြစ်သည်။
သို့သော် အသက် ၇၂ နှစ်ရှိပြီဖြစ်သော ရှီသည် ၂၀၂၂ ခုနှစ်တွင် တတိယအကြိမ်မြောက် သက်တမ်းကို ရယူခဲ့စဉ်ကပင် အနားယူရမည့် အစဉ်အလာများကို ချိုးဖောက်ခဲ့ပြီးဖြစ်ကာ ယခုလည်း စတုတ္ထအကြိမ်မြောက် သက်တမ်းအတွက် ကြိုးပမ်းလိမ့်မည်ဟု မျှော်လင့်ရသည်။ သူသည် ခေါင်းဆောင်မှုအပိုင်းသို့ လူသစ်များ ခေါ်ယူရန်နှင့် မည်သူတဦး တယောက်မျှ ၎င်းကို ခြိမ်းခြောက်နိုင်လောက်သည့် အာဏာမျိုး ရှိမနေစေရန်အတွက် မစ္စတာချိုင်နှင့် အခြားသော အဆင့်မြင့်ပုဂ္ဂိုလ်များကို အနားယူခိုင်းရန်လည်း လုပ်လာနိုင်သည်။
ရှီ၏ အစောပိုင်းကာလ ရာထူးအပြောင်းအလဲများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုများသည် ၎င်းရှေ့က ခေါင်းဆောင်များ၏ လူယုံတော်များကိုသာ အဓိက ပစ်မှတ်ထားခဲ့သော်လည်း၊ မကြာသေးမီကမူ သူကိုယ်တိုင် ခန့်အပ်ခဲ့သူများ၊ အထူးသဖြင့် စစ်ဘက်အရာရှိ အများအပြားကို ရာထူးမှ ဖယ်ရှားခဲ့သည်။ မိသားစု မိတ်ဆွေတဦးဖြစ်သူ ဗိုလ်ချုပ်ကြီးကျန်း ရာထူးမှ ကျဆုံးသွားခြင်းက အထိုင်ကျနေသည့် ထိပ်သီး ခေါင်း ဆောင် ဟောင်း များပင် ဘေးမကင်းတော့ကြောင်း ပြသနေသည်။
သို့သော် ရှီအနေဖြင့် သူထုတ်ပယ်ခဲ့သူများ သို့မဟုတ် ဘေးဖယ်ခဲ့သူများ၏ နေရာတွင် အတိတ်က အတူတူ အလုပ်လုပ်ခဲ့ဖူးပြီး သူယုံကြည်ရသူများနှင့် အစားထိုးရန်မှာ ပိုမိုခက်ခဲလာသည်ကို တွေ့ရပေမည်။ ထို့ကြောင့် မစ္စတာချိုင်ကဲ့သို့ ဝါရင့်သူများ၏ အတွေ့အကြုံနှင့် သက်သေပြပြီးသား သစ္စာစောင့်သိမှုတို့ကြောင့် ၎င်းတို့ကို ဆက်လက် ထားရှိလိုခြင်းလည်း ဖြစ်နိုင်ကြောင်း နယူးယောက်အခြေစိုက် အာရှလူ့အဖွဲ့အစည်း မူဝါဒရေးရာအင်စတီကျု (Asia Society Policy Institute) မှ နေးလ် သောမတ်စ် က ပြောကြားခဲ့သည်။
မစ္စတာချိုင်နှင့် ရှီတို့၏ ဆက်ဆံရေးမှာ တစိတ်တပိုင်းအားဖြင့် တူညီသော အတွေ့အကြုံများအပေါ်တွင် အခြေခံထားသည်။ အရှေ့ပိုင်း ဖူကျန်းပြည်နယ်တွင် မွေးဖွားခဲ့သည့် မစ္စတာချိုင်သည် ရှီကဲ့သို့ပင် ၁၉၆၆ ခုနှစ်မှ ၁၉၇၆ ခုနှစ်အတွင်း တရုတ်နိုင်ငံတစ်ဝန်း ပြင်းထန်ခဲ့သည့် ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း ဆယ်ကျော်သက်အရွယ်၌ ကျေးလက်ဒေသများသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် စေလွှတ်ခြင်း ခံခဲ့ရသည်။
၁၉၈၅ ခုနှစ်တွင် ရှီသည် ဖူကျန်းပြည်နယ်သို့ တာဝန်ကျလာသောအခါ မစ္စတာချိုင်မှာ ထိုဒေသတွင် အငယ်တန်းအရာရှိတစ်ဦး ဖြစ်နေပြီဖြစ်သည်။ ထို့နောက်တွင် မစ္စတာချိုင်သည် ဖူကျန်းပြည်နယ်နှင့် အိမ်နီးချင်း ကျဲ့ကျန်းပြည်နယ်တို့တွင် မစ္စတာရှီနှင့်အတူ ၁၅ နှစ်ခန့် နီးကပ်စွာ အလုပ်လုပ်ကိုင်ခဲ့သည်။
ချိုင် အတွက် အရေးပါသော အခွင့်အလမ်းကောင်း ပွင့်လာခဲ့သည်က ၂၀၁၄ ခုနှစ်တွင် ဖြစ်သည်။ ထိုနှစ်တွင် ရှီက သူ့ကို အမျိုးသားလုံခြုံရေးကော်မရှင်သို့ ဝင်ရောက်ရန် ဘီဂျင်း သို့ ခေါ်ယူလိုက်ခြင်းပင် ဖြစ်သည်။ သုံးနှစ်အတွင်းမှာပင် မစ္စတာချိုင်သည် ပို၍ လုပ်ပိုင်ခွင့် ရှိသော ဗဟိုကော်မတီ တွင် ပါဝင်ခဲ့ဖူးခြင်း မရှိသော်လည်း ပါတီ၏ ထိပ်သီးခေါင်းဆောင် ၂၅ ဦး ပါဝင်သည့် ပေါလစ်ဗျူရိုအဖွဲ့ထဲသို့ တိုးမြှင့်ခန့်အပ်ခြင်း ခံခဲ့ရသည်။
ထို့နောက် သူသည် ဘီဂျင်းမြို့တော်ဝန် ဖြစ်လာခဲ့ပြီး နောက်ပိုင်းတွင် ဘီဂျင်း ပါတီအကြီးအကဲ ဖြစ်လာခဲ့သည်။ ထိုတာဝန်ယူစဉ်ကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားများကို မြို့ပြင်သို့ ဖယ်ထုတ်ခြင်း၊ လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ကပ်ရောဂါကာလအတွင်း မြို့တော်ကို စီမံခန့်ခွဲခြင်းတို့တွင် ရှီ၏ စိတ်ကျေနပ်မှုကို ရရှိခဲ့ပုံရသည်။ သူသည် ရှီအပေါ် အကြွင်းမဲ့ သစ္စာစောင့်သိကြရန် တက်တက်ကြွကြွ လှုံ့ဆော်စည်းရုံးသူတစ်ဦးလည်း ဖြစ်ခဲ့သည်။
ထိုအချက်များအားလုံးကို ကြည့်ခြင်းအားဖြင့် သမ္မတသည် သူ့ကို ပြတ်ပြတ်သားသား အကောင်အထည် ဖော်တတ်သူနှင့် စီမံခန့်ခွဲသူတဦးအဖြစ် တန်ဖိုးထားကြောင်း သိသာစေသည်။ ထို့ထက် ပို၍အရေးကြီးသည်မှာ သူ့ကို ခြိမ်းခြောက်မှုတခု အဖြစ် မရှုမြင်ကြခြင်းပင်ဖြစ်သည်။ အကြောင်းမှာ လူသိနည်းသည့် အခြေအနေမှနေ၍ လျင်မြန်စွာ ရာထူးတိုးလာခဲ့သူဖြစ်သဖြင့် သူ့တွင် ကိုယ်ပိုင်နိုင်ငံရေး အခြေခံ အင်အားစု Power base မရှိခြင်းကြောင့် ဖြစ်သည်။ ယင်းအစား သူသည် သူ၏အာဏာကို ရှီနှင့် ဆက်ဆံရေးမှ တဆင့်သာ အလုံးစုံရယူထားခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ၂၀၂၃ ခုနှစ်တွင် ပေါလစ်ဗျူရို အမြဲတမ်းကော်မတီဝင် ဖြစ်လာပြီး မကြာမီမှာပင် အထွေထွေရုံးကို ဦးဆောင်ရန် ထူးထူးခြားခြား ခန့်အပ်ခံခဲ့ရခြင်းကို အဆန်းတကြယ် တော့ မဟုတ်ပေ။
၁၉၇၇-၇၈ ခုနှစ်က ဝမ်ဒေါင်ရှင်းပြီးလျှင် မစ္စတာချိုင်သည် ထိုရာထူးနှစ်ခုကို တပြိုင်တည်း ရယူထားနိုင်သည့် ဒုတိယမြောက် ပုဂ္ဂိုလ်ဖြစ်လာသည်။ မော်စီတုံး၏ သက်တော်စောင့်ဟောင်းဖြစ်သူ ဝမ်သည် မော်ကွယ်လွန်ပြီးနောက် အာဏာသိမ်းယူခဲ့သည့် 'လေးဦးဂိုဏ်း' (Gang of Four) ကို ဖြုတ်ချရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။
အထွေထွေရုံး၏ နိုင်ငံရေးအရ ထိရှလွယ်မှုမှာ ၂၀၁၅ ခုနှစ်တွင် တကျော့ပြန် ထင်ရှားလာခဲ့သည်။ ထိုစဉ်က ရှီ မတိုင်မီ ခေါင်းဆောင် ဟူကျင်း ထောင် လက်ထက်တွင် အထွေထွေရုံးကို ဦးဆောင်ခဲ့သည့် လင်းကျိဟွာ သည် လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစားမှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက်များကို တရားမဝင်ရယူမှုတို့ဖြင့် ပြစ်ဒဏ်စီရင်ခြင်း ခံခဲ့ရသည်။ ထိုအချိန်ဝန်းကျင်မှာပင် မစ္စတာလင်း၏ ညီဖြစ်သူသည် အမေရိကန်နိုင်ငံသို့ ဘက်ပြောင်းခိုလှုံသွားခဲ့သည်။
ထို့ကြောင့် ရှီအနေဖြင့် မစ္စတာချိုင်၏ အနာဂတ်ကို ကိုင်တွယ်ရာတွင် အထူးသတိထား ရွေးချယ်ရမည်ဖြစ်သည်။ အကူအညီပေးသူများနှင့် အကြံပေးများကို အလွယ်တကူ အစားထိုး၍ ရနိုင်သော်လည်း၊ 'ယုံကြည်မှု' ကိုမူ အစားထိုး၍ မရနိုင်ပေ။
(၂၀၂၆ ဧပြီ ၃၀ အီကောနော်မစ် မဂ္ဂဇင်းပါ Cai Qi may be China’s second-most powerful man ဆောင်းပါးကို ပြန်လည် တင်ပြသည်။)