နှစ်နာရီကြာပြီးနောက် နောက်ဆုံးအချောသတ် ရိုက်ကူးချိန်မှာတော့ ဂျိမ်းစ်ယွန်း တယောက် တကယ်ကို နာကျင် နေရ၍ မျက်ရည်တွေဝဲနေရှာပြီ။ သူ့မျက်နှာတစ်ခုလုံးမှာလည်း ချွေးတွေ၊ နှပ်တွေ၊ အန်ဖတ်တွေနဲ့ မျက်ရည်တွေ ပေကျံနေတော့သည်။ ဤသည်က ကျွန်တော် အရင်က မြင်ဖူးခဲ့သည့် ကွန်မြူနစ်သူလျှိုမလေး၏ မျက်နှာပင် ဖြစ်သည်။
ဤသည်ကလည်း တကယ့် အစစ်အမှန်ကြီး ဖြစ်နေခဲ့သည့် အတွက် သူမ မျက်နှာအကြောင်းကို ဆက်မတွေးမိအောင် ကျွန်တော် စိတ်ကို အတင်းထိန်းလိုက်ရသည်။ နောက်အခန်းအတွက် ဒါရိုက်တာ အလိုရှိနေသည့် "လုံးဝဥဿုံ ပျက်စီးယိုယွင်းနေတဲ့ အခြေအနေ" အတုအယောင်ပေါ်မှာပဲ ကျွန်တော် အာရုံစိုက်ထားလိုက်သည်။ ထို အခန်းကိုလည်း အကြိမ်ကြိမ် ပြန်ရိုက်ခဲ့ကြသေးသည်။
ရုပ်ရှင်ထဲမှာ ဂျိမ်းစ်ယွန်းအတွက် နောက်ဆုံးအခန်းဖြစ်သည့် အခန်းတွင်တော့ ဗီယက်ကောင်းများသည့် သူ့ကို စိတ်ဓာတ်ကျဆင်းအောင် မလုပ်နိုင်တာ၊ အပြစ်တွေကို ဝန်ခံခိုင်းလို့မရတာ တွေ ကြောင့် စိတ်ပျက်ဒေါသထွက်ပြီး ခေါင်းကို ဂေါ်ပြားနဲ့ ရိုက်သတ်လိုက်ကြသည်။
သားကောင်ကို နှိပ်စက်ရတာ ပင်ပန်းသွားကြတာကြောင့် သူတို့လေးယောက် စလုံး မာလ်ဘိုရို စီးကရက်တွေ သောက်ရင်း ခဏနားဖို့ ဆုံးဖြတ်လိုက်ကြသည်။ သို့သော် သူတို့ ခန့်မှန်းချက် လွဲသွားသည်ကတော့ ဇာတ်ကောင် "ဘင်း" ၏ စိတ်ဓာတ်ပင် ဖြစ်သည်။ သူသည် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူပဲဖြစ်ဖြစ်၊ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်သူပဲဖြစ်ဖြစ် အခြားတောင်ပိုင်းသား ညီအစ်ကိုတွေလိုပဲ "အာဏာရှင်စနစ်ကနေ လွတ်မြောက်ရေး" ကလွဲလို့ ကျန်တဲ့ကိစ္စ များ တွင်တော့ ကာလီဖိုးနီးယားက လှိုင်းစီးသမားတစ်ယောက်လို အေးအေးဆေးဆေး နေတတ်သူမျိုး ဖြစ်သည်။
သူ့ခေါင်းမှာ ပတ်ထားသည့် တဘက်ကို ဖယ်လိုက်သည့် အခါတွင်တော့ သူသည် ကိုယ့်လျှာကိုယ် ကိုက်ဖြတ်ပြီး သွေးအတုများကြားမှာ နစ်မြုပ်သေဆုံးပြီး လွတ်လပ်သွားခဲ့သည့် တော်လှန်ရေး သမား တယောက် အဖြစ် ထွက် ပေါ်လာခဲ့သည်။ သွေးအတုများသည် တဂါလံကို ၃၅ ဒေါ်လာ ပေးခဲ့ရသည့် လူသုံး ကုန်များ ဖြစ်ပြီး ဂျိမ်းစ်ယွန်းနှင့် အနီး ပတ်ဝန်းကျင် မြေသားကို ဆေးခြယ်ဖို့ နှစ်ဂါလံလောက် သုံးထားရသည်။
ဘင်းရဲ့ ဦးနှောက်အစိတ်အပိုင်းတွေအတွက်ကတော့ ဟယ်ရီ က သူကိုယ်တိုင် စပ်ထားသည့် ဦးနှောက်သားအတုများကို သုံးထားသည်။ အုတ်ဂျုံ ကို အာဂါး နှင့် ရောစပ် ထားသည့် ချက်ပြုတ်နည်း ဖြစ်သည်။ ထွက်လာသည့် မီးခိုးရောင် ခဲပျစ်ပျစ် အတုံးအခဲကြီးများ ကို ဂျိမ်းစ်ယွန်း၏ ခေါင်းဘေးက မြေပြင်ပေါ်တွင် သူက တယုတယ နှင့် တို့ဖတ် ပေးထားခဲ့သည်။
ဘင်း ၏ မျက်လုံးထဲက အရိပ်အယောင်များကို အမိအရ ရိုက်ကူးနိုင်ရန် အတွက် ရုပ်ရှင်ဓာတ်ပုံဆရာက အနီးဆုံးအထိ ရောက် အောင်ချဉ်းကပ်သွားသည်။ ကျွန်တော် ရပ်ကြည့်နေ
သည့်နေရာမှ ထိုမျက်လုံးများကို မမြင်ရ။
သို့သော်လည်း ထို မျက်လုံးများ ထဲ တွင်တော့ ကြည်နူးဖွယ်ကောင်းသည့် နာကျင်မှုများ နှင့် နာကျင်ဖွယ်ကောင်းသည့် ကြည်နူးမှုများ အပြန်အလှန် ရောယှက်နေသည့် မြင့်မြတ်သူတို့၏ အမူအရာမျိုး ရှိနေလိမ့်မယ်ဟု ကျွန်တော် တွေးမိလိုက်သည်။ သူ့အပေါ်တွင် မည်မျှပင် ပြင်းပြင်းထန်ထန် နှိပ်စက်ညှင်းပန်းခဲ့ စေကာမူ သူ့ အနေနှင့် စကားတစ်လုံးမှ မဟခဲ့သလို၊ နားလည်နိုင်သည့် စကားသံမျိုး တခွန်းတလေမျှပင် ထွက်မလာခဲ့ပေ။
***************
အခန်း (၁၄)
ကျွန်တော် ရုပ်ရှင် ဇာတ်ကား အတွက် ဝင်ရောက် လုပ်ကိုင် ပေးနေသည့် အချိန်ကြာလာလေလေ၊ ကျွန်တော်သည် အနုပညာပရောဂျက်တခုတွင် နည်းပညာပိုင်းဆိုင်ရာ အကြံပေးရုံသက်သက်မဟုတ်ဘဲ ဝါဒဖြန့်ချိရေးလုပ်ငန်းတခုအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေသူတစ်ဦးသာဖြစ်ကြောင်း ပို၍ ယုံကြည်လာမိလေသည်။
ရုပ်ရှင်ဒါရိုက်တာ ကဲ့သို့သော လူမျိုးကမူ သူ၏ရုပ်ရှင်ကို အနုပညာသန့်သန့်အဖြစ်သာ ရှုမြင်သည်ဟု ဆိုကာ ငြင်းဆို မည်သာ ဖြစ်သည်။ သို့သော် မည်သူက မည်သူ့ကို လှည့်စားနေသနည်း။
ရုပ်ရှင်ဆိုသည်မှာ အမေရိကန်တို့အတွက် ကျန်ကမ္ဘာ့နိုင်ငံများကို နူးညံ့ပျော့ပြောင်းသွားအောင် ပြုလုပ်သည့် နည်းလမ်းတစ်ခုပင် ဖြစ်သည်။ ဟောလိဝုဒ်သည် ပရိသတ်များ၏ စိတ်ဓာတ်ခံစစ်တံတိုင်းများကို အောင်မြင်ကျော်ကြားသော ဇာတ်ကားများ၊ ခမ်းနားထည်ဝါသော ပြကွက်များ၊ အထူး ပြုလုပ်ချက်များနှင့် ငွေကုန်ကြေးကျများသော ဇာတ်ကားကြီးများဖြင့် မနားတမ်း ထိုးနှက်တိုက်ခိုက်နေခဲ့သည်။
ပရိသတ်များ မည်သည့်ဇာတ်လမ်းကို ကြည့်သည်ဆိုသည်မှာ အရေးမကြီးပေ။ အရေးကြီးသည်မှာ သူတို့ကြည့်ရှုပြီး နှစ်သက်သဘောကျနေသည်မှာ "အမေရိကန်တို့၏ ဇာတ်လမ်း" ဖြစ်နေခြင်းပင် ဖြစ်သည်။ သူတို့ကိုယ်တိုင် အမေရိကန်ရုပ်ရှင်များထဲတွင် မြင်တွေ့ခဲ့ရသော လေယာဉ်များ၏ ဗုံးကြဲခြင်းကို မခံရမီနေ့အထိ ထိုဇာတ်လမ်းများကို ချစ်ခင်နေကြလိမ့်မည်။
ထူးဆန်းသည်တော့မဟုတ်ပါ၊ 'မန်း' သည် ဟောလိဝုဒ်၏ လုပ်ရပ်များကို အမေရိကန်ပုံစံသွင်းရန် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များကို ပစ်လွှတ်ရာ နေရာအဖြစ် နားလည်ထားသည်။ ကျွန်တော်က ဤရုပ်ရှင်တွင် လုပ်ကိုင်နေရသည့် အလုပ်၏ ဆီလျော်မှုနှင့် ပတ်သက်၍ စိုးရိမ်တကြီး စာတစောင် ရေးခဲ့ဖူးရာ၊ သူက ယခင်ကထက် ပိုမိုအသေးစိတ်သော စာပြန်စာများကို ရေးခဲ့သည်။
ပထမဦးစွာ သူက ဒုက္ခသည်များနှင့် ပတ်သက်၍ ကျွန်တော့်၏ စိုးရိမ်မှုများကို ဤသို့ ရှင်းပြခဲ့သည်— "ဒီက အခြေအနေတွေက ဟိုမှာတော့ ချဲ့ကားပြောဆိုနေကြတာပါ။ ငါတို့ပါတီရဲ့ မူဝါဒတွေကို မှတ်ထားစမ်းပါ။ ပါတီရဲ့ ရန်သူတွေကို အမြစ်ပြတ်အောင် ရှင်းပစ်ရမယ်" ဟူ၍ ဖြစ်သည်။
ဒုတိယ စာတွင် ကျွန်တော်သည် ဒါရိုက်တာ နှင့် ကြံရာပါ ဖြစ်နေပြီလား ဆိုသည်ကို စိုးရိမ်ထိတ်လန့် နေမှု နှင့် သက်ဆိုင်သည်။ စာထဲတွင် "အဆိုးဆုံး အခြေအနေမှသည် အောင်ပွဲသို့ ပြန်လည်တက်လှမ်းနိုင်ခြင်း" ဆိုသည့် သဘော ဖြင့် မော်စီတုန်း ၏ ခရီးရှည် ချီတက်ပွဲ အဆုံး ယန်အန်သို့ ရောက်ရှိသွားပုံကို အမှတ်ရပါဟု ပါရှိလာခဲ့၍ ကျွန်တော့် ပုခုံးထက်တွင် တောက်လျှောက် နားခိုနေသော သံသယ ဆိုသည့် ကျီးမဲ ကြီး ကို အပြီးအပိုင် မောင်းထုတ်ပစ် လိုက် နိုင်သကဲ့သို့ ခံစားခဲ့ရသည်။
အမေရိကန် သမ္မတတဦး သည် စာပေ နှင့် အနုပညာ ၏ အရေးပါပုံကို မိန့်ခွန်းထဲတွင် ဘယ်အချိန်ကများ တကူးတက ထည့်ပြောခဲ့ပေသနည်း၊ ကျွန်တော် မမှတ်မိ၊ သို့သော် မော်ကတော့ ယန်အန် တွင် စာပေ နှင့် အနုပညာသည် တော်လှန်ရေး အတွက် အခရာ ကျသည်ဟု ပြောခဲ့သည်။ တဆက်တည်း မှာပင် ထို အခြင်းအရာ နှစ်ရပ်သည် လူထု ၏ အတွေး အခေါ် နှင့် ယဉ်ကျေးမှု ကို ပြိုင်ဖက်မရှိ လွှမ်းမိုးထားနိုင်ရန် ကိရိယာ တန်ဆာပလာများ အဖြစ်လည်း သုံးနိုင်သည်ဟု သတိပေးခဲ့သည်။
အနုပညာ နှင့် နိုင်ငံရေး ဆိုသည်က ခွဲခြား၍ မရ စကောင်းပေ။ နိုင်ငံရေးသည် လူတို့ နေထိုင်ရာ နေရာများတွင် ဖျော်ဖြေရေး အသွင် ဖြင့် ဆန့်ထုတ်နိုင်ရန် အနု ပညာ ကို လိုအပ်သည်။
ကျွန်တော့်ကို မန်းက မော်စီတုန်းအကြောင်း သတိရဖို့ တိုက်တွန်းခြင်းသည်၊ ဒီရုပ်ရှင်နှင့် ပတ်သက်ပြီး ကျွန်တော်လုပ်ဆောင်နေသည့် တာဝန်သည် မည်မျှ လောက် အရေးပါ နေသည် ဆိုသည်ကို သတိပေးနေခြင်း ဖြစ်သည်။ ရုပ်ရှင်ကိုယ်နှိုက်က ပြောပလောက်အောင် အရေးမကြီးလှ သော်လည်း ရုပ်ရှင်က ကိုယ်စားပြုနေသည့် အရာ၊ ပြောရမည် ဆိုကအမေရိကန်ရုပ်ရှင်' ဖြစ်နေခြင်းက အလွန်အရေးကြီး နေသည်။
ကြည့်ရှုသူတစ်ယောက်အနေနှင့် ဒီရုပ်ရှင်ကို နှစ်သက်တာ၊ မုန်းတီးတာ ဒါမှမဟုတ် ပုံပြင်တစ်ပုဒ်ပဲလို့ သတ်မှတ်ပြီး ပယ်ချလိုက်တာမျိုးတွေ ရှိနိုင်ပေသည်၊ သို့သော်လည်း ထိုကဲ့သို့ ခံစားချက်မျိုး များက အရေးမပါလှ။ တကယ်တမ်း အရေးကြီးသည်က ရုပ်ရှင်လက်မှတ်အတွက် ငွေပေး ဝယ်ယူ ကြည့်ရှုသူ များသည် အမေရိကန်တို့၏ အယူအဆ များ နှင့် တန်ဖိုးထားမှု များကို သူတို့တွင်ရှိ အားနည်းလွယ်သည့် ဦးနှောက်ဆဲလ်များ နှင့် စုပ်ယူမှုအားကောင်းသော နှလုံးသားမြေဆီလွှာတွေထဲအထိ စိမ့်ဝင်ခွင့်ပြုဖို့ မည်မျှ လောက်အသင့်ဖြစ်နေပြီဆိုသည့် အချက်ပင် ဖြစ်သည်။
ကျွန်တော်တို့၏ လေ့လာရေး စကားဝိုင်းတွင် ‘မန်း’ က ထိုကဲ့သို့ အကြောင်းအရာများကို ပထမဆုံးအကြိမ် စတင်ဆွေးနွေးစဉ်က၊ သူ၏ ထက်မြက်လှသော ဉာဏ်ရည်နှင့် မော်စီတုန်း၏ အတွေးအခေါ်များကြောင့် ကျွန်တော် ကြောင်တောင်တောင်တောင် ဖြစ်သွားခဲ့ရဖူးသည်။
ထိုစဉ်က ကျွန်တော်သည် မော်စီတုန်း၏ စာများကို တခါမှ မဖတ်ဖူးသေး၊ အနုပညာ နှင့် စာပေသည် နိုင်ငံရေးနှင့် ပတ်သက်မှု ရှိသည်ဟု တခါမှ မတွေးမိခဲ့ဘူးသည့် အထက်တန်းကျောင်းသားလေး သာသာ ရှိ သေးသည်။ မန်းသည် မော်စီတုန်း၏ ဟောပြောချက်များကို တက်တက်ကြွကြွ ဆွေးနွေး ပေးခဲ့ပြီး ကျွန်တော်နှင့် ကျွန်တော်တို့ ဆဲလ် ၏ တတိယမြောက်အဖွဲ့ဝင်ဖြစ်သည့် ‘ငို’ ဆိုတဲ့ မျက်မှန်နဲ့ လူငယ်လေးအား သင်ခန်းစာများကို ပို့ချပေးခဲ့သည်။
အနုပညာနှင့် ပတ်သက်ပြီး ‘မဟာပဲ့ကိုင်ရှင်’ (မော်စီတုန်း) ၏ အယူအဆများက ကျွန်တော်တို့ကို စိတ်လှုပ်ရှားစေခဲ့သည်။ အနုပညာဆိုသည် လူထုအတွက် ရည်ရွယ်ရာတွင် လူပြိန်းကြိုက်လည်း ဖြစ်နိုင်သလို၊ တစ်ဖက်မှာလည်း အနုပညာရသ စံနှုန်းဖြင့် လူထု၏ ခံစားမှု အရသာကို မြှင့်တင်ပေးနိုင်သည့် အဆင့်မြင့် အနုပညာလည်း ဖြစ်နိုင်သည်ဟု ဆိုသည်။
လက်တွေ့ မည်သို့ အသုံးချမလဲဆိုသည်ကို ငို ၏ ခြံဝင်းထဲမှာ ဆယ်ကျော်သက်အရွယ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဆွေးနွေးခဲ့ကြသည်။ တခါတခါတွင် ငို၏ အမေက မုန့်လာကျွေးရင် ခဏနားလိုက်ကြပါဦး ဟု ပြောတတ်သည်။ ငို သည် နောက်ပိုင်းတွင် အစိုးရဆန့်ကျင်ရေး လက်ကမ်းစာစောင်များ လက်ဝယ်တွေ့ရှိမှုနှင့် အဖမ်းခံရပြီး နယ်မြို့တမြို့ရှိ စစ်ဆေးရေးစခန်းတခုမှာပင် သေဆုံးသွားခဲ့ရှာသည်။ တကယ်တမ်းတွင် ဘိုဒလဲလ် ၏ ကဗျာများကို ရူးရူးမူးမူး ချစ်မြတ်နိုးခဲ့သည့် ကောင်လေးတယောက်သာ ဖြစ်သည်။
မန်းနဲ့ ငို တို့လို ကျွန်တော်သည် စည်းရုံးရေးသမား ဒါမှမဟုတ် လှုံ့ဆော်သူတယောက် မဟုတ်ခဲ့။ ထိုအချက် ကြောင့်ပင် နောက်ပိုင်း မန်းပြောပြသလို... အထက် ကော်မတီများက ကျွန်တော့်ကို သူလျှို တယောက်အဖြစ် တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့ရသည့် အကြောင်းရင်းတစ်ခု ဖြစ်ခဲ့သည်။