နိုင်ငံတကာ နှင့် အာဆီယံ ကပါ လူရာ သွင်း မခံခဲ့ရသည့် မင်းအောင်လှိုင်သည် ပြီးခဲ့သည့် နှစ် ဩဂုတ်လတွင် ရှီကျင့်ပင် နှင့် ပထမ ဆုံးအကြိမ် တွေ့ဆုံခွင့် ရရှိခဲ့ရာမှ ၎င်းအတွက် ပထမဆုံး အကြိမ် သံတမန်ရေး အရ ထိုးဖောက် သွား နိုင်ခဲ့ခြင်း ပင် ဖြစ်သည်။
ထိုသို့ တွေ့ဆုံခွင့် ရအောင်လည်း စစ်အုပ်စုဖက်က တနိုင်ငံလုံး ကန့်ကွက်နေသည့် မြစ်ဆုံဆည် စီမံကိန်းကို ပြန်လည် အသက်သွင်း ပေးပါမည် ဆိုသည့် မက်လုံး ပေးလာခဲ့ရသည်။
သို့ပေသိ ဘီဂျင်းကတော့ သတိကြီးစွာ ထားပြီး တုံ့ပြန်လာသည်ကို တွေ့ရသည်။ တရုတ်နိုင်ငံဘက်က စီမံကိန်းကို ရှေ့ဆက်မတိုးခင် "တည်ငြိမ်တဲ့ နိုင်ငံရေးအချိန်ကာလ" တစ်ခုကို စောင့်ကြည့်သွားမယ်လို့ အချက်ပြ လာခဲ့သည်။ စစ်အုပ်စု ကတော့ စီမံကိန်းကို ဖွံ့ဖြိုးရေးလုပ်ငန်းတခု အဖြစ် ပြန်လည်စတင်ဖို့ အဆိုပြု လာခဲ့သည်။
စိတ်တော်သိ ဗောင်းတော်ညိမ့်များကလည်း ထုံးစံ အတိုင်း ကော်မရှင် ချက်ခြင်းလို ဖွဲ့ပြီး မည်သည့် နည်း နှင့် ပြန်လည် အသက်သွင်းရမည် ဆိုသည့် လမ်းကြောင်းများကို ရှာဖွေနိုင်ရန် တရုတ် အစိုးရပိုင် စွမ်းအင်း ရင်းနှီးမြုပ်နှံမှု ကော်မရှင် ကို စတင် ချဉ်းကပ်လာခဲ့ကြသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မေခနှင့် မလိခ မြစ်နှစ်သွယ်ဆုံရာ (မြစ်ဆုံ) ၏ တောင်ဘက် ၃.၂ ကီလိုမီတာအကွာတွင် တည်ရှိသည့် မြစ်ဆုံဆည်စီမံကိန်းသည် လျှပ်စစ်ဓာတ်အား ၆,၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန် အကြီးစားစီမံကိန်းတစ်ခု ဖြစ်သည်။
အဆိုပါစီမံကိန်းသာ အကောင်အထည်ပေါ်လာပါက စင်ကာပူနိုင်ငံ၏ အကျယ်အဝန်းနှင့် ညီမျှသော ဧရိယာတခုလုံး ရေလွှမ်းမိုးသွားနိုင်ပြီး လူဦးရေ ၁၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ပြောင်းရွှေ့ရမည့်အပြင်၊ ဇီဝမျိုးစုံ မျိုးကွဲများနှင့် ဧရာဝတီမြစ် ရေ စီးကြောင်း စနစ်ကိုပါ ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။ ထိုကဲ့သို့သော စိုးရိမ်ရသည့် အန္တရာယ်များကြောင့်ပင် သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ်တွင် ဤစီမံကိန်းကို ရပ်ဆိုင်းခဲ့ခြင်းလည်း ဖြစ်သည်။
ယခုအခါတွင်တော့ တရုတ်နိုင်ငံဖက်က မြစ်ဆုံဆည်ကို တကယ်ပဲ လိုအပ်သလားဆိုသည့် မေးခွန်း ထွက်ပေါ်လာခဲ့သည်။ ဘီဂျင်း အဖို့က တော့ မင်းအောင်လှိုင် ဖန်တီးထားသည့် အရှုပ်တော်ပုံ ကြီးကို ထမ်းရွက်ထားရသည့် အပြင် မြန်မာ ပြည်တွင်း တွင်လည်း နိုင်ငံရေးအရ အဆိပ်အတောက် ဖြစ် နေ သေးသည့် စီမံကိန်းလည်း ဖြစ်နေသည်။
စွမ်းအင် ရှုထောင့်ကနေ ကြည့်မည် ဆိုက အဖြေက ရှင်းလင်းလှသည် - တရုတ်နိုင်ငံသည် မြစ်ဆုံက ထွက်မည့် လျှပ်စစ်ဓာတ်အားကို မလိုအပ် တော့။
တရုတ်နိုင်ငံ၏ လက်ရှိ စွမ်းအင်ထုတ်လုပ်နိုင်စွမ်းမှာ 3,000 မှ 3,900 GW ကျော်ရှိနေပြီး၊ အမြင့်ဆုံး လိုအပ်ချက်မှာ 1,400 မှ 1,600 GW ဝန်းကျင်သာ ရှိသောကြောင့် အမြောက်အမြား ပိုလျံ နေပြီ ဖြစ်၍ မြစ်ဆုံစီမံကိန်းသည် စွမ်းအင် လုံခြုံရေးအတွက် လိုအပ်သည့် စီမံကိန်းတစ်ခု မဟုတ်တော့ပေ။
ဒုတိယ မေးခွန်းကတော့ တရုတ်နိုင်ငံအနေနှင့် မြန်မာပြည်သူများ၏ သဘောထားဆန္ဒကို ဂရုစိုက်သလားဆိုသည်ပင် ဖြစ်သည်။
ဘီဂျင်းသည် အာဏာ လက်ဝယ်ရှိသူများနှင့် ထိတွေ့ ဆက်ဆံလေ့ရှိသည် ဆိုသော်လည်း အမြန်မာနှင့် ပတ်သက်လာလျင်တော့ ပိုမိုလက်တွေ့ကျသည့် ပုံစံမျိုးကို တွေ့နိုင်သည်။
နှစ်အတော်ကြာအောင် ဘီဂျင်းသည် မင်းအောင်လှိုင်နှင့် နိုင်ငံရေးအရ အပြည့်အဝ ပုံမှန်ဆက်ဆံရေး ထူထောင်ဖို့ကို ရှောင်ကြဉ်ခဲ့သလို၊ အာဏာသိမ်းပြီးနောက်ပိုင်း နှစ်အတော်ကြာတဲ့အထိ အဆင့်မြင့်တွေ့ဆုံမှုတွေ မလုပ်ဘဲ နေလာခဲ့သည်။ ယင်းသည် တရုတ်နိုင်ငံ အနေနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာ အပေါ် ပြည်သူများ၏ တုံ့ပြန်မှုကို အကဲဆတ်စွာ ထည့်သွင်းစဉ်းစားခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။
မင်းအောင်လှိုင်သည် ၎င်းအား တရုတ်မှ အပြည့်အဝ အသိအမှတ် ပြုခံရဖို့ တိုင်းပြည်ကို ရောင်းစားရန် ဝန်မလေးသော်လည်း တရုတ်ဖက်က မြစ်ဆုံစီမံကိန်းကို ပေါ်ပေါ်ထင်ထင် ရှေ့တိုးဆောင်ရွက်ခြင်းသည် နိုင်ငံရေးအရ ကိုယ့်ကိုယ်ကိုယ် သတ်သေသည်နှင့် အတူ တူပဲ ဆိုသည်ကို နားလည်ထားသည်။ မြန်မာပြည်သူများ ကြား ၎င်းတို့၏ ပုံရိပ်ကို ထိခိုက်စေရုံတင်မက ရေရှည် မဟာဗျူဟာမြောက် အကျိုးစီးပွားတွေကိုပါ မတည်မငြိမ် ဖြစ်လာနိုင်သည်သာမက ပြန်ကန်ထွက်လာမည့် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်ဟု တွက်ချက်ခဲ့ပုံ ရှိသည်။
တတိယမြောက် မေးခွန်းသည်က တရုတ်ဖက်က ဒီစီမံကိန်းကို လက်ခံလာအောင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ဖိအားပေးနိုင်မလားဆိုသည်ပင် ဖြစ်သည်။
သမိုင်းကြောင်းအရ ကြည့်ရင် KIA သည် စစ်ရေးအရ အားနည်း နေသည့် အချိန်များတွင်ပင်ကချင်လူထု၏ သဘောထားဆန္ဒနှင့် တသားတည်းရပ်တည်ပြီး မြစ်ဆုံစီမံကိန်းကို တစိုက်မတ်မတ် ကန့်ကွက်လာခဲ့သည်။
KIA သည် ယခုအခါ မဟာဗျူဟာကျသည့် နယ်မြေ များ နှင့် အဓိက သယံဇာတ များဖြစ်သည့် ရှားပါး မြေသား ထွက်ရှိရာ ဇုန်များကို ထိန်းချုပ်ထားနိုင်သလို၊ နိုင်ငံအထက်ပိုင်း တခွင် တွင်လည်း မဟာမိတ်ဆက်ဆံရေးတွေကို အခိုင်အမာ တည်ဆောက်ထားပြီး ဖြစ်သည်။ မြစ်ဆုံစီမံကိန်းအပေါ် ရပ်တည်ချက်သည်လည်း ပြောင်းလဲသွားခြင်း မရှိခဲ့။ ၎င်းတို့ ကန့်ကွက်မှုသည် ဖွဲ့စည်းပုံအရ၊ သဘောတရားရေးရာအရ ရော လူမှုအဖွဲ့အစည်းဆိုင်ရာ ယုံကြည်ချက်အရပါ ခိုင်ခိုင်မာမာ ရပ်တည်နေခြင်း ဖြစ်သည်။
စစ်အုပ်စုသည် စီမံကိန်း ဧရိယာအနီးက အချို့နေရာများကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သော်လည်း ပတ်ဝန်းကျင်နယ်မြေ အတော်များများသည်က KIA ၏ သြဇာသက်ရောက်မှုအောက်မှာ ရှိနေသည်။ ထို့အတွက် ဘီဂျင်း အနေနှင့် အောက်ခြေမှာ အမိန့်အာဏာတည်အောင် လုပ်ဖို့ သို့မဟုတ် အထက်ဆီးက ဖိအားပေးမှု များ နှင့် ပုံဖော်ဖို့ဆိုသည်က မဖြစ်နိုင်တော့။
မြစ်ဆုံကို အတင်းအကျပ် ရှေ့တိုးဖို့ ကြိုးစားမှုမှန်သမျှသည် စစ်အုပ်စု အနေနှင့် တိုက်ပွဲသစ်များ ဖော်ဆောင်ဖို့ လိုအပ်လာသည့် အတွက် မတည်ငြိမ်မှုများသာ ဖြစ်လာပေလိမ့်မည်။ ထိုသို့ ဖြစ်လာမည့် အရေးသည် တရုတ်နိုင်ငံ၏ ရေရှည်ဒေသတွင်း မဟာဗျူဟာနဲ့ ကိုက်ညီမှု ရှိမည် မဟုတ်ပေ။
ထို့အပြင် မြစ်ဆုံစီမံကိန်းသည် မေခ-မလိခ မြစ်အထက်ပိုင်းမှာ တည်ဆောက်ဖို့ လျာထားသည့် ဆည် ၇ ခု ၏ အဓိက အစိတ်အပိုင်း ဖြစ် နေသည်။ ထို ဒေသ တခုလုံးသည် ယခုအခါ KIA မှ ထိထိရောက်ရောက် ထိန်းချုပ် ထားပြီး ဖြစ် နေသည်။ တရုတ်သည် ဒီစီမံကိန်းကို KIA လက်ခံလာအောင် အတင်းအကျပ် ဖိအားပေး၍ မရနိုင် မှန်း ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။
စစ်အုပ်စု အတွက် က မြစ်ဆုံ စီမံကိန်းကို တရုတ်နိုင်ငံ၏ သံတမန်ရေးရာ အကာအကွယ်ရရှိဖို့၊ စီးပွားရေးနဲ့ နိုင်ငံရေးအရ အလျှော့အတင်းလုပ်ယူဖို့၊ နိုင်ငံတကာရဲ့ ဖယ်ကျဉ်မှုကို ခံထားရချိန်မှာ တရားဝင်မှု ပြန်လည်တည်ဆောက်ဖို့နှင့် ဘီဂျင်း၏ မျက်နှာသာပေးမှုကို ပြန်လည်ရရှိဖို့အတွက် အပေးအယူလုပ်စရာ ဖဲချပ်တခုအဖြစ် အသုံးပြုနေခြင်း ဖြစ်သည်။ ၎င်းတို့ အတွက် မြစ်ဆုံအား လျှပ်စစ်ဓာတ်အားရရှိဖို့ထက် သံတမန်ရေးရာနှင့် အာဏာတည်မြဲရေးအတွက် အသုံးချစရာ အဖြစ် ယူဆထားကြသည်။
ဒုတိယရည်ရွယ်ချက် သည်က ပြည်တွင်းရေးပင် ဖြစ်သည်။ မင်းအောင်လှိုင်သည် တနိုင်ငံလုံး မီးမှောင် ကျနေခြင်းသည် ထို စီမံကိန်းကို ရပ်ဆိုင်းခဲ့တာကြောင့် ဖြစ်သည်ဟု ၂၀၂၃ နှင့် ၂၀၂၅ တွင် ထပ်ခါတလဲလဲ ပြောလာခဲ့သည်။ မြစ်ဆုံကထွက်မည့် ၆,၀၀၀ မဂ္ဂါဝပ်သာ ရရှိမည်ဆိုကနိုင်ငံတွင်း လိုအပ်ချက်ကို ဖြေရှင်းနိုင်ရုံတင်မကဘဲ ပိုလျှံနေမှာဖြစ်သည်ဟု မြူဆွယ် ပြောဆိုနေခဲ့သည်။
ပထမဆုံးနဲ့ အရေးအကြီးဆုံး လက်ငင်းရင်ဆိုင်ရမည်က ငလျင်အန္တရာယ်ပင် ဖြစ်သည်။ စစ်အုပ်စု က ရစ်ချာ စကေး ၈-၈.၅ အထိ ခံနိုင်ရည် ရှိပါသည်ဟု ပြောဆိုနေသော်လည်း စီမံကိန်း နေရာသည် ငလျင်လှုပ်ခတ်မှု အလွန်အားကောင်းသည့် စစ်ကိုင်းပြတ်ရွေ့ကြောကြီး (Sagaing Fault) နှင့် ၃၀ ကီလိုမီတာ အကွာတွင်သာ ရှိနေသည်။
နောက်ထပ် အန္တရာယ်တခုက စီမံကိန်း အကောင်အထည် ဖေါ်နိုင်ရန် စစ်ရေး အရှိန်ကို မြှင့်တင်လာရမည့် အရေးပင် ဖြစ်သည်။ ထို့အပြင် တနိုင်ငံလုံးအတိုင်းအတာနှင့် လူထုဒေါသကို ပြန်လည်ဆူပွက်လာစေဖို့၊ ဆန္ဒပြကန့်ကွက်မှုတွေ ပေါ်ပေါက်လာစေဖို့နှင့် ခုခံတွန်းလှန်စစ် ဆင်နွှဲမှုများ ပိုမိုအားကောင်းလာစေဖို့သာ ဦးတည်သွားစေနိုင်သည့် အန္တရာယ်ရှိနေသည်။
နောက်ဆုံးရင်ဆိုင်ရမည်က ဘဏ္ဍာရေးနှင့်ဥပဒေရေးရာ ကိစ္စရပ်များပင် ဖြစ်သည်။ မူလစာချုပ်အရ တရုတ်၏ နိုင်ငံပိုင်လျှပ်စစ်စွမ်းအားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (SPIC) မှ အချက်နှစ်ချက်ကို သတ်မှတ်ထား ကြောင်း သိရသည်။
ပထမအချက်မှာ အကယ်၍ မြန်မာနိုင်ငံဘက်က ဒီစီမံကိန်းကို တရားဝင် ဖျက်သိမ်းမယ်ဆိုရင် ဆောက်လုပ်ရေးစရိတ်၊ စက်ပစ္စည်း၊ သယ်ယူပို့ဆောင်ရေး၊ စီမံကိန်းရေးဆွဲမှု၊ စာချုပ်ချုပ်ဆိုမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကတိကဝတ်တွေအပါအဝင် အရှုံးပေါ်သွားသည့် ကုန်ကျစရိတ်များ အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့်ကို တကြိမ်တည်းနဲ့ လျော်ကြေးပေးရမည် ဖြစ်သည်။
ဒုတိယအချက်မှာတော့ မြန်မာနိုင်ငံက စီမံကိန်းကို ဖျက်သိမ်းခြင်းမပြုဘဲ ရပ်ဆိုင်းထားမယ်ဆိုရင် ချေးငွေအတိုး၊ ဘဏ္ဍာရေးဆိုင်ရာ အဆင်သင့် စောင့်ဆိုင်းခ၊ ပိုင်ဆိုင်မှု ထိန်းသိမ်းစရိတ်နဲ့ စာချုပ်ပါ ဒဏ်ကြေးတွေအပါအဝင် တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့် "စောင့်ဆိုင်းစရိတ်" ပေးဆောင်ဖို့ တာဝန်ရှိသည်ဟူ၍ ဖြစ်သည်။
၂၀၁၁ ခုနှစ်က စတင်ပြီး စီမံကိန်းကို ရပ်ဆိုင်းခဲ့တာဖြစ်လို့ ရင်းနှီးမြှုပ်နှံသူဘက်က အခိုင်အမာဆိုထားတဲ့ အချက်အလက်တွေအရဆိုရင် ၂၀၂၆ ခုနှစ်မှာ စုစုပေါင်း ရပ်ဆိုင်းစရိတ်ဟာ အမေရိကန်ဒေါ်လာ ၇၅၀ သန်းခန့် အထိ ရှိနေနိုင်သည်။ ယင်းသည် တရုတ် ကုမ္ပဏီဘက် က တွက်ချက် တင်ပြ တောင်းဆိုထားသည့် ကိန်းဂဏန်း များ ဖြစ်သည်။
မြန်မာသည် စီမံကိန်းကို ဖျက်သိမ်းလိုက်မည် ဆိုက တကြိမ်တည်းနဲ့ ပေးလျော်ရမည့် လျော်ကြေး ဝန်ထုပ်ဝန်ပိုးကြီးကို ရင်ဆိုင်ရမှာဖြစ်သလို၊ အကန့်အသတ်မရှိ ဆက်လက်ရပ်ဆိုင်းထားမယ်ဆိုရင်လည်း ရေရှည်ဘဏ္ဍာရေးယိုစိမ့်မှု များနှင့် ကြုံတွေ့ရမည့် အကြပ်အတည်းထဲကို ရောက်ရှိနေပြန်သည်။
စီမံကိန်းကို ပြန်လည်စတင်မည် ဆိုကလည်း ဒီထောင်ချောက်ကနေ လွတ်မြောက် နိုင်မှာမဟုတ်ဘဲ ပိုမိုနက်ရှိုင်းသွားစေမည်သာ ဖြစ်သည်။ အထူးသဖြင့် စစ်အုပ်စုသည် ဆောက်လုပ်ရေးလုပ်ငန်းများကို ကိုယ်တိုင် ငွေကြေးစိုက်ထုတ်နိုင်စွမ်း မရှိသည့် အတွက် တရုတ် မှ ချေးငွေအသစ်များ ထပ်မံရယူရမှာဖြစ်ပြီး ဘီဂျင်းအပေါ် မှီခိုရမှုကလည်း ပိုမိုကြီးမားလာ ဝောာ့မည် ဖြစ်သည်။
မြစ်ဆုံသည် ဆည်တစ်ခုသက်သက် မဟုတ်တော့ဘဲ နောင်တက်လာမယ့် အစိုးရအဆက်ဆက်ကိုပါ ရေရှည်ဘဏ္ဍာရေး၊ ဥပဒေရေးရာနဲ့ စာချုပ်ပါ ကတိကဝတ်များနှင့် တရုတ်မှ ရစ်ပတ်ထားမည့် ကြွေးမြီလက်နက် ကြီးသာ ဖြစ်ပေတော့သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!
(၂၀၂၆ ဖေဖေါ်ဝါရီ ၂၃ ရက် နေ့ ဧရာဝတီ တွင် ပါရှိသည့် Myitsone’s Dangerous Return: Does Beijing Need the Dam? ဆောင်းပါးကို ကောက်နှုတ်တင်ပြသည်။)