နယူးယောက်တိုင်းမ် သတင်းစာက အမည် မဖေါ်လိုသော စစ်ဖက် အရာရှိ နှစ်ဦး ၏ အပြောကို ကိုးကား၍ ဖေါ်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့သော ၁၈ လခန့်ကတည်းက အကျဉ်းထောင်မှ နေပြည်တော်ရှိ နေအိမ်တစ်လုံးသို့ အမှန်တကယ် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ (ထိုစဉ်အချိန်ကပင် အပူလှိုင်းဖြတ်သန်းနေမှုကြောင့် သူမကို အကျဉ်းထောင်မှ လူမသိသောနေရာ တ ခုသို့ ပြောင်းရွှေ့ထားခြင်း ဖြစ်သည်ဟု ဆိုသည်။)
၎င်းတို့၏ အပြောအရ စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ အပြောင်းအရွှေ့နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ထိန်ချန်ထားခဲ့ခြင်းမှာ နောက်ပိုင်းတွင် သူမ၏ ကံကြမ္မာနှင့် ပတ်သက်၍ နိုင်ငံတကာ၏ ဖိအားပေးမှုများ ကြုံတွေ့လာရချိန် (အထူးသဖြင့် မြန်မာနိုင်ငံ၏ ဩဇာကြီးမားသော အိမ်နီးချင်းနှင့် ကျောထောက်နောက်ခံပြုထားသည့် တရုတ်နိုင်ငံထံမှ ဖိအားများလာချိန်) တွင် အဆိုပါသတင်းအချက်အလက်ကို အသုံးချနိုင်ရန်အတွက် ဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ကြာသပတေးနေ့က ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က "ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံရဲ့ မိတ်ဆွေဟောင်းတစ်ဦး ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ "သူမရဲ့ အခြေအနေကို ကျွန်တော်တို့ အမြဲတမ်း ဂရုတစိုက် ရှိနေပါတယ်။" ဟု ပြောခဲ့သည်။
ထိုသို့ ပြောဆို ပြီး မကြာမီမှာပင် စစ်တပ်ထိန်းချုပ်ထားသော ရုပ်မြင်သံကြားအစီအစဉ်မှနေ၍ ဒေါ်အောင်ဆန်းစုကြည်အား "သတ်မှတ်ထားသော နေအိမ်" သို့ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း အကျဉ်းချုံး ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
ယင်းနှင့် အတူ ခဏတာ ထုတ်လွှင့်ပြသသွားသည့် ဓာတ်ပုံထဲတွင် သူမသည် ရဲအရာရှိတစ်ဦး၊ စစ်ဗိုလ်တစ်ဦးတို့နှင့်အတူ ထိုင်နေသည်ကို တွေ့ရသည်။ ပုံထဲတွင် ကျန်းမာပုံရပြီး စိတ်ရွှင်လန်းနေသည့် ပုံစံရှိသည်။ အဆိုပါဓာတ်ပုံကို မည်သည့်အချိန်၊ မည်သည့်နေရာတွင် ရိုက်ကူးခဲ့သည် သို့မဟုတ် ၎င်းဓာတ်ပုံမှာ ဒီဂျစ်တယ် နည်းပညာဖြင့် ပြုပြင်ဖန်တီးထားခြင်း ရှိမရှိ ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးဟု သတင်းစာ က ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ တဦးကမူ ထောင်ပြောင်းရွှေ့မှုနှင့် ပတ်သက်၍ ပါတီကို တစ်စုံတစ်ရာ အကြောင်းကြားထားခြင်း မရှိကြောင်းနှင့် သူမကို မည်သည့်နေရာတွင် ထိန်းသိမ်းထားမည်ကိုလည်း မသိရှိကြောင်း ပြောကြားခဲ့သည်။
ကျွန်တော့် အမြင်အရမူ တရုတ် အစိုးရသည် ဒေါ်အောင်ဆန်း စုကြည်အား ဒီ အတိုင်း ဆက်ထားမည် ဆိုက ၎င်းတို့ ဩဇာခံ အစိုးရ အဖို့ ကမ္ဘာအလယ် တွင် မည်သို့မျှ လူတော တိုးနိုင်တော့ မည် မဟုတ် ဆိုသည် ကို သိထားပြီး ဖြစ်၍ ယခုလို လုပ်ရန် ခိုင်းစေခဲ့ခြင်း ဖြစ်ပုံရသည်။
မင်းအောင်လှိုင် အဖို့က မြန်မာ ပြည်သူ များကို ဒုက္ခ ပေးရမှ ကျေနပ်သူ ပီပီ ထစ်ထား သော်ငြားလည်း ၎င်းအဖို့ တရုတ် ဩဇာခံ အတုအယောင် သမ္မတ အဖြစ် နှင့် ရောင့်ရဲ တင်းတိမ် လိုက်ရပြီဆိုသည့် အဖြစ်က ထင်ထင်ရှားရှား ပေါ်လွင်သွားခဲ့ရသည်သာ အဖတ်တင်သွားခဲ့ရရှာသည်။
စထရိတ်တိုင်းမ် သတင်းစာက ရိုက်တာ သတင်းကို ကိုးကား ဖေါ်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့သည် ယခုသီတင်းပတ်ကုန်တွင် သူမ နှင့် တွေ့ဆုံရန် စီစဉ်နေကြောင်း ကိုယ်စားလှယ်တစ်ဦးက သောကြာနေ့တွင် ပြောကြားခဲ့သည်။ သူမသည် လောလောဆယ်တွင် နေပြည်တော်တွင် ရှိနေဆဲ ဖြစ်သည်ဟု ဆိုသည်။
သူမ၏ အခြေအနေကို ဆွေးနွေးရန်နှင့် အစားအသောက်၊ ဆေးဝါးစသည့် ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန်အတွက် တနင်္ဂနွေ နေ့တွင် တွေ့ဆုံရန် စီစဉ်ခဲ့ကြသည်။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ခြင်းမှာ ရှေ့နေအဖွဲ့၏ ပုံမှန်လုပ်ဆောင်နေကျ အလေ့အထဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ပိတ်ပင်ခံရပြီးနောက်တွင်မူ အဆိုပါပစ္စည်းများကို သူမထံ ထပ်ဆင့်ပေးပို့နိုင်ရန် ရဲစခန်းတွင် ထားရှိခဲ့ရကြောင်း ကိုယ်စားလှယ်က ပြောကြားခဲ့သည်။
သတင်းက စီစဉ်နေသည်ဟုဟာ ပါရှိပြီး အကြမ်းဖက် စစ်ခေါင်းဆောင်က ခွင့်ပြုထားခြင်း ရှိမရှိ ဆိုသည်ကိုမူ ဖေါ်ပြထားခြင်း မရှိပေ။
ဂျပန် ၏ နီကီ အေးရှား သတင်းက ဖေါ်ပြရာတွင် ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည့် အသက် ၈၀ အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်အား ယူနီဖောင်းဝတ်အရာရှိ နှစ်ဦးနှင့်အတူ ထိုင်နေဟန် ပြသထားသည့် ဓာတ်ပုံမှာ ၂၀၂၂ ခုနှစ်က ရိုက်ကူးခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယူဆလျက် ရှိကြသည်ဟု ဆိုသည်။
နှစ်ရှည်လများ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပိုင်းဆိုင်ရာ ကျဆင်းလာမှုကို ဖုံးကွယ်ရန်အတွက် ဓာတ်ပုံဟောင်းကို အသုံးပြုခဲ့ခြင်း ဖြစ်နိုင်ကြောင်းနှင့် ထို့ကြောင့်ပင် ကြာသပတေးနေ့က သူမအား နေရာသစ်တွင် ရောက်ရှိနေကြောင်း အသေအချာ သက်သေပြနိုင်သည့် ပုံရိပ်များ မရှိသည် အပေါ် သံသယ ပွားနေကြသည်။
"အကျဉ်းထောင်ထဲမှာ ဒီလောက်ကြာအောင် နေခဲ့ရပြီးနောက်ပိုင်း မေမေရဲ့ဆံပင်တွေ အနက်ရောင် ကျန်နေဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ" ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကို ထိန်လင်းက လန်ဒန်မြို့မှနေ၍ နစ်ကေးအေးရှား သို့ သောကြာနေ့တွင် ပြောကြားခဲ့သည်။ "သူမ ဆံပင်ဆိုးဆေး သုံးခဲ့မှာမဟုတ်ဘူးဆိုတာ ကျွန်တော် သေချာပေါက် သိပါတယ်" ဟု ၎င်းက ဆိုသည်။
"ကျွန်တော် လိုချင်တာက လွတ်လပ်တဲ့ အတည်ပြုချက် တခုပဲ၊ ဘယ် စစ်တပ်ပြောရေးဆိုခွင့်ရှိသူကမှ ကျွန်တော့် ယုံကြည်လာအောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး။"
ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဟောင်းဖြစ်သူ သြစတြေးလျနိုင်ငံသား ရှောင်တာနယ်လ်က ပြောကြားရာတွင် "ဒီဓာတ်ပုံနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာတွေ အများကြီး ရှိနေပုံရပါတယ်" ဟု ဆိုသည်။
"တကယ်လို့ နေအိမ်အကျယ်ချုပ်ကို အမှန်တကယ် ပြောင်းရွှေ့လိုက်တာဆိုရင် ဘာလို့ ခိုင်မာတဲ့ သက်သေအထောက်အထား မပြတာလဲ?၊ ပြင်ပနဲ့ ဆက်သွယ်ခွင့် ဖြတ်တောက်ထားတယ် ဆိုရင်တောင်မှ သူမဟာ ပိုကောင်းတဲ့နေရာမှာ ရှိနေတယ်ဆိုတာကို သံသယဖြစ်စရာမလိုအောင် ဘာလို့ မပြနိုင်ရတာလဲ?"
"အခုလို မပြနိုင်တာကပဲ သူမ ဘယ်လိုအခြေအနေမျိုးမှာ ရှိနေမလဲဆိုတာကို ကျွန်တော့်ကို စိုးရိမ်စေပါတယ်။ သူမ နေမကောင်းဖြစ်နေသလား၊ ဒါမှမဟုတ် အဲဒီလို အခြေအနေက ထင်ထင်ရှားရှား ဖြစ်နေလို့လား ဆိုတာမျိုးပေါ့။"
ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖူးကျန်ကေအော က သောကြာနေ့တွင် ဘန်ကောက်မြို့ရှိ သတင်းထောက်များကို ပြောကြားရာတွင် "အားလုံး သိကြတဲ့အတိုင်း မနေ့ညက ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ ပိုမိုကောင်းမွန်တဲ့ နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့လိုက်ပြီဆိုတဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ပါတယ်၊ ဒါဟာ အပြုသဘောဆောင်တဲ့၊ စနစ်တကျ ပြန်လည်ထိတွေ့ဆက်ဆံမှုရဲ့ အစလို့ ကျွန်တော်တို့ ခေါ်ဆိုနိုင်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ခံစားရပါတယ်။ တစ်ချိန်တည်းမှာပဲ ဒါဟာ တဖက်သတ်မဟုတ်ဘဲ နှစ်ဖက်စလုံးက လုပ်ဆောင်ရမှာဖြစ်ပြီး မြန်မာစစ်တပ် အနေနဲ့ အာဆီယံရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း ဖြေရှင်းပေးဖို့ လိုအပ်တယ်ဆိုတာကို ပြသရပါလိမ့်မယ်။"
ရှောင်တာနယ်လ်က မြန်မာနိုင်ငံမှာ ဒီလောက်ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မတရားမှုတွေ ဖြစ်နေပေမယ့် ကမ္ဘာ့နိုင်ငံအတော်များများကတော့ ဟန်ပြသံတမန်ရေးရာ ကြေညာချက်လေးတွေ ထုတ်ရုံကလွဲရင် တကယ့်တကယ် ထိထိရောက်ရောက် ဘာမှမလုပ်ပေးကြဘဲ၊ ဒေါ် အောင် ဆန်းစုကြည် ပြဿနာကို အမြန်မေ့ဖျောက်ပြီး တခြားကိစ္စတွေဆီ အာရုံလွှဲချင်နေကြတယ် ဟု ထောက်ပြခဲ့သည်။
မင်းအောင်လှိုင် အဖို့ကလည်း ဒေါ်အောင်ဆန်းစုကြည် ကိစ္စ တခုခု လုပ်မှ ရှေ့ဆက် ရမည် ဆိုသည်ကို သိထား၍ ပြီးလွယ်စီးလွယ် လုပ်လာခြင်းလည်း ဖြစ်ပေသည်။
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က "ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက် မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဆက်လက်တောင်းဆို ကြောင်း နှင့် သူမ၏ ကျန်းမာရေး အခြေအနေမကောင်းဘူးဆိုတဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေတာကြောင့် လုံလောက်တဲ့ ဆေးဝါးကုသမှုကို ရရှိစေဖို့အတွက် စစ် ကောင်စီ ကို ကျွန် တော် တို့ တိုက်တွန်းပါတယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း ဒေါ် အောင်ဆန်းစုကြည်၏ လက်ရှိ ရာထူး အမည်ကို သုံးစွဲပြီး ယခုလို ကြေညာချက် ထုတ်လာခဲ့သည်။
"နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သတ်မှတ်ထားသော နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့လိုက်ခြင်းကို မှတ်တမ်းတင် သိရှိထားပါသည်။ ခိုင်လုံစိတ်ချရသော နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန်အတွက် အခြေခံကျသော ခြေလှမ်းတစ်ရပ်အနေဖြင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို အမြန်ဆုံးနှင့် အခြေအနေတစ်ရပ်ရပ်မပါဘဲ ပြန်လွှတ်ပေးရန် အထွေထွေအတွင်းရေးမှူးချုပ်က တိုက်တွန်းနှိုးဆော်ထားပါသည်။" ဟု ပါရှိခဲ့သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!