အိုက်ခမန်းကို ခြေရာခံမိပြီ (၇)
ဘာလင်မြို့ကြီး ပျက်သုဉ်းနေပြီး ပရမ်းပတာ ဖြစ် နေချိန်၊ မှောင်မိုက်သော ညဉ့်ဦးယံတခု တွင် ရန်သူများ ဝိုင်းရံထားခြင်း ခံနေရသည့် ကြားမှ မာတင် ဘောမန်း တယောက် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။ ဟစ်တလာ လူငယ်လှုပ်ရှားမှု ၏ အသက် ၃၂ နှစ်အရွယ် ခေါင်းဆောင် အာသာ အက်စ်မန်း ကမူ ဘောမန်း မြေပြင်ပေါ်တွင် သေဆုံးလျက်သား လဲနေသည်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်ဟု ကျိန်တွယ် ပြောကြားခဲ့သည်။
သို့သော် ထိုအုပ်စုထဲမှ အခြားသူများကမူ ဘောမန်း လဲကျသွားသည့်နေရာသို့ အနီးကပ်သွားရောက်နိုင်ခြင်း မရှိသည့်အတွက် "အညိုရောင် ဩဇာရှင်" တစ်ယောက် အသက်ရှင်နေသလား သို့မဟုတ် သေဆုံးသွားပြီလား ဆိုသည်ကို အတည်မပြုနိုင်ကြောင်း ထွက်ဆိုကြသည်။ သူတို့သည် ဘောမန်း၏ ရုပ်အလောင်း ကို မမြင်တွေ့ခဲ့ကြပေ။
အက်စ်အက်စ် အဖွဲ့ဝင် နောက်တဦး၏ ပြောပြချက်အရ ထိုညနှောင်းပိုင်းတွင် ဘာလင်မြို့ပြင် ၁၂ မိုင်အကွာ ‘ကိုးနစ် ဝတ်စတာဟော်ဆန်’ ရှိ ဂျာမန်စစ်မြေပြင်ဆေးရုံတခု၌ ဘော်မန်နှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ ထိုလူငယ်တပ်ကြပ်ကြီးသည် ပေါက်ကွဲမှုကြောင့် ခြေထောက်ဒဏ်ရာရနေသော ဘော်မန်ကို မှတ်မိသွားသည်။ ၎င်းတို့နှစ်ဦးသည် ဟစ်တလာ၏ ခွဲစိတ်ဆရာဝန်ဖြစ်သူ ဒေါက်တာ လူဒဝစ် စတမ့်ဖက်ဂါ နှင့် ပူးပေါင်းပြီး၊ သေဆုံးသွားပြီဖြစ်သော တပ်ကြပ်ကြီး၏ ဦးလေးဖြစ်သူပိုင်ဆိုင်သည့် ဘေးကင်းလုံခြုံရာအိမ် Safe house တခု သို့ သွားရောက်ရန် စီစဉ်ကြသည်။ အခြားအရာရှိတဦးကလည်း ၎င်းတို့၏စကားဝိုင်းက ပြောနေသည်များကို ကြားသွားခဲ့သည်။
ထို့ကြောင့် သူတို့ လေးဦးသည် ‘ဘာလင် ဒါးလန်း’ ရှိ ဖွန်တန်းနက်စ်လမ်း၊ အိမ် အမှတ် ၉ သို့ သွားရောက်ကာ လူမရှိသော ထိုနေအိမ်အတွင်းသို့ ဝင်ရောက်နေထိုင်ခဲ့ကြသည်။ အပြင်ဘက် လမ်းမများပေါ်တွင်မူ ရုရှားတပ်ဖွဲ့များက ကင်းလှည့်နေကြသည်။ “ကျွန်တော်တို့ အဲဒီအိမ်ထဲမှာ နောက်ထပ် သုံးရက်ကြာအောင် အောင်းနေခဲ့ကြတယ်။ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး” ဟု အမည်မဖော်လိုသူ ထို အက်စ်အက်စ် စစ်သားက ၁၉၇၁ နှင့် ၁၉၇၇ ခုနှစ် လူတွေ့မေးမြန်းခန်းများတွင် ယခုလို ပြန်လည်ပြောပြခဲ့သည်။
သုံးရက်မြောက်နေ့တွင် ဘော်မန်း နှင့် အတူရှိနေသော အရာရှိတဦးနှင့် တတိယမြောက် အရာရှိတဦးတို့သည် ထိုနေရာမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြသည်။ တတိယမြောက် အရာရှိမှာ အခြားလမ်းတစ်ခုသို့ သွားခဲ့သည်။ ဘော်မန်းနှင့် သူ၏ သူငယ်ချင်းဖြစ်သူမှာမူ မက်ကလန်ဘတ်ခ် ရှိ ရာ အနောက်မြောက်ဘက်သို့ ဦးတည်ထွက်ခွာသွားကြသည်။ ထိုနေရာတွင် သူတို့ထွက်ပြေးရန်အတွက် လဲလှယ်ဝတ်ဆင်ရန် အဝတ်အစားများ၊ ရွှေအချို့နှင့် နိုင်ငံခြားငွေမျိုးစုံကို လျှို့ဝှက်သိုဝှက်ထားသည်ဟု ဆိုကြသည်။
ဆိုဗီယက်ယူနီယံသည်လည်း ၎င်းတို့ကိုယ်ပိုင် နှစ်နှစ်ကြာ စုံစမ်းစစ်ဆေးမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ကေဂျီဘီ ဗိုလ်မှူးကြီး အယ်လ် ဘီဇီမန်စကီး က ဘော်မန်းသည် "တောင်အမေရိကသို့ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်" ဟု သူ၏အထက်လူကြီးများထံ အစီရင်ခံခဲ့သည်။ ထို့အပြင် ဝါရင့်သတင်းတင်ဆက်သူ အက်ဒဝပ် အာရ် မူရိုး နှင့်အတူ စီဘီအက်စ် သတင်းဌာန အတွက် စစ်ပွဲသတင်းများကို ယူခဲ့သော အမေရိကန် သတင်းထောက် ပေါလ် မန်းနင်း သည်လည်း မာတင် ဘော်မန်းကို ရှာဖွေရန် စေ့စေ့စပ်စပ် စုံစမ်းမှုများ ပြုလုပ်ခဲ့သည်။
မန်းနင်းက သူရေးသားခဲ့သော မာတင် ဘော်မန်း အကြောင်း စာအုပ်တွင် "ဒုတိယကမ္ဘာစစ်အတွင်းက ထင်ရှားတဲ့ စာရွက်စာတမ်းတွေကို ရှာဖွေဖို့ ဂျာမန်နဲ့ အမေရိကန် မော်ကွန်းတိုက်တွေမှာ ပင်ပန်းကြီးစွာ သုတေသနပြုလုပ်ခဲ့ပြီး၊ လူပေါင်းများစွာကို မေးမြန်းခဲ့ပြီးတဲ့နောက်မှာတော့... ဘော်မန်းရဲ့ ငွေကြေးတွေနဲ့အတူ တောင်အမေရိကကို ထွက်ပြေးလွတ်မြောက်သွားတဲ့ ဇာတ်လမ်းဟာ တကယ်ပဲ မှန်ကန်တယ်ဆိုတာကို ကျွန်တော် သိလိုက်ရပါတယ်" ဟု နိဂုံးချုပ် ရေးသားခဲ့သည်။
"ထိုသို့ ဖြစ်ခဲ့သည်များကို မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍ မရလောက်သည့် လှည့်ဖြား ခြယ်လှယ်မှုများဖြင့် လူထုသဘောထားနှင့် မီဒီယာများကို လက်ဝါးကြီးအုပ် ဖုံးကွယ်ထားခဲ့ကြသည်။ ကျွန်ုပ်သည် အမှန်တရားနှင့် နီးကပ်လာလေလေ၊ မာတင် ဘောမန်းကို ဝန်းရံကာကွယ်ပေးထားသည့် အင်အားစုများအပြင် ကျွန်ုပ်၏ စုံစမ်းစစ်ဆေးမှုကို ရပ်တန့်ပစ်ရန် တိုက်ရိုက်အကျိုးစီးပွားရှိနေသူများ၏ တိတ်တဆိတ် စောင့်ကြည့်မှုကို ပိုမိုခံလာရလေလေ ဖြစ်သည်။
ယနေ့ခေတ် ကမ္ဘာ့ကြီး ၏ လျှို့ဝှက် ခြေပုန်းခုတ် လှုပ်ရှားနေသည့် လောကတွင် အထူးခြားဆုံး စီးပွားရေးအုပ်စုကြီးဖြစ်သော၊ ပြည်ပရောက် နာဇီအဖွဲ့အစည်းနှင့် မာတင် ဘောမန်းအတွက် လုံခြုံရေးကိစ္စရပ်အားလုံးကို စီမံကွပ်ကဲနေသူ 'ဂတ်စတာပို' ဗိုလ်ချုပ် ဟိန်းရစ် မူလာ တောင်အမေရိကမှ စေလွှတ်လိုက်သည့် ဂတ်စတာပို အေးဂျင့်အဖွဲ့များ၏ အမြဲမပြတ် စောင့်ကြည့်ခြင်းကိုလည်း ကျွန်ုပ် ခံခဲ့ရသည်။
မန်းနင်း က ထပ် ပြောသည်မှာ - "မာတင် ဘောမန်းကို နောက်ဆုံးအသေအချာ တွေ့လိုက်ရတာက ၁၉၄၅ ခုနှစ်၊ မေလ ၁ ရက်နေ့ည၊ ဘာလင်မြို့က ဝိုင်ဒန်ဒမ်တံတားကို ဖြတ်ကူးနေတဲ့ တင့်ကားတစီးပေါ်မှာပါ။ အဲဒီနောက်မှာတော့ တကမ္ဘာလုံး ရှာလို့ မရအောင် အစအနမရှိ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ပါတယ်။"
မာတင် ဘောမန်းသည် စစ်ကြီးပြီးခါနီး နောက်ဆုံးရက်များတွင် ဂျာမနီမှ လွတ်မြောက်သွားခဲ့သည်ဟု ယုံကြည်လျက်နှင့်ပင် ပေါလ်မန်းနင်း ကွယ်လွန်သွားခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ၎င်း၏စာအုပ်ဖြစ်သော Martin Bormann: Nazi in Exile ကို ထုတ်ဝေပြီး မကြာမီမှာပင် မန်းနင်း၏ စာအုပ်ထုတ်ဝေသူသည် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ခံရပြီး ခြေထောက်နှစ်ဖက်စလုံး ကျိုးသွားခဲ့သည်။
ထိုထက်ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်မှာ ၎င်း၏ သားဖြစ်သူ ဂျယ်ရီ သည်လည်း ရက်ရက်စက်စက် အသတ်ခံခဲ့ရခြင်းပင် ဖြစ်သည်။ ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် နယူးယောက်မြို့၊ ၂၁ လမ်းရှိ သူ၏ ဒုတိယထပ် တိုက်ခန်း ထဲတွင်ပင် အသက် ၃၉ နှစ်အရွယ်ရှိ အလားအလာရှိသော အနုပညာရှင် လူငယ်သည် လုယက်မှုတစ်ခုအတွင်း သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
ပေါလ် မန်းနင်းကမူ ဤတိုက်ခိုက်မှု နှစ်ခုစလုံးသည် မာတင် ဘောမန်း ရှိနေနိုင်သည့် နေရာအား သူ ဆက်လက်စုံစမ်းနေခြင်းကို ရပ်တန့်သွားစေရန် ကြိုးပမ်းမှုများဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် သေချာ သည့် အချက်တခု ထွက်ပေါ်လာ ခဲ့သည် - ၎င်းမှာ "အညိုရောင် လွှမ်းမိုးရှင်" (The Brown Eminence) ဟု တင်စားခေါ်ဝေါ်ကြသည့် ဘောမန်းသည် အစအန မကျန် ပျောက်ကွယ်သွားခဲ့ခြင်းပင် ဖြစ်သည်။