သမ္မတတု မင်းအောင်လှိုင်က ယနေ့ ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း ထုတ်ပြန်ကြေညာသွားသည်။
စစ်တပ် သတင်း ပြန်ကြား ရေး အဖွဲ့မှ သတင်းထောက်များအတွက် ထုတ်ပြန်သောကြေညာချက် နှင့် အတူ ဓါတ်ပုံကိုပါ ထုတ်ပြန်သွားသော်လည်း မည်သည့် အချိန်တွင် ရိုက်ကူးထားခြင်း ဆိုသည်ကိုမူ သဲသဲကွဲကွဲ မသိ နိုင် ဖြစ်နေဆဲပင်။
၎င်းတို့ အဖို့က မြန်မာ နှစ်သစ်ကူးတွင် သမ္မတကြီး ဦးဝင်းမြင့် နှင့် အတူ ယခု လို လုပ်၍ ရနိုင်ပါလျက် နှင့် တင်းခံနေခဲ့ခြင်းကြောင့် ယခုလို ဝမ်ယီ မှ မနေသာတော့၍ အမိန့်ပေးသွားမှသာ လုပ်ရသည့် အဖြစ် ရောက်သွားခဲ့ရသည်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်ကလည်း အချိန်ကိုက်ပင် မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၏ ကာလရှည်ကြာ မိတ်ဆွေဟောင်းတစ်ဦးဖြစ်ပြီး သူမ၏ အခြေအနေက ကျွန်ုပ်တို့ စိတ်ထဲမှာ အမြဲတမ်း ရှိနေတဲ့ အတွက် ယင်းနှင့် ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများကို တရုတ်နိုင်ငံက အစဉ်တစိုက် စောင့်ကြည့်လျက်ရှိကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
အိမ်နီးချင်းကောင်း ပီပီ မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်အတိုင်း လျှောက်လှမ်းခြင်းကို တရုတ်နိုင်ငံက ထောက်ခံကြောင်းနှင့် ပိုမိုကျယ်ပြန့်၍ ခိုင်မာကာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးကို ကူညီပံ့ပိုးပေးရန် အသင့်ရှိကြောင်း လင်းကျန့်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်ဟု ဆင်ဟွာ သတင်းဌာနတွင် ဖေါ်ပြထားသည်။
တရုတ် အစိုးရသည် စစ်အုပ်စု အာဏာသိမ်းပြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို ပထမ ဆုံးအကြိမ် တရားဝင် ထည့်သွင်း ပြောဆိုခဲ့ခြင်းဟု ယူဆ၍ ရပေသည်။
ထိုသို့ ပြောပြီး နာရီပိုင်း အကြာတွင် ယခုလို အကျယ်ချုပ် ဖြင့် ထားရှိမည်ဟု ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်ပြီး မည်သည့် နေရာ တွင် ထားရှိမည်ကို အတိအကျ ပြောဆိုခြင်း မရှိသေးပေ။
သားဖြစ်သူ ကိုထိန်လင်းကမူ ၎င်း၏ မိခင်ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို လျှို့ဝှက်ထားခြင်းအပေါ် စိုးရိမ်ပူပန်လျက် ရှိသည်ဟု ဆိုသည်။ ထိုသတင်းထုတ်ပြန်ချက်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမှတ်တမ်းဓာတ်ပုံတပုံ ပါဝင်လာသော်လည်း ယင်းမှာ ၂၀၂၂ ခုနှစ် တရားရုံးစစ်ဆေးစဉ်ကာလက ရိုက်ကူးခဲ့သည့် ပုံဟောင်းသာဖြစ်သည်ဟု ကိုထိန်လင်းက ယူဆထားသည်။
မိခင်ဖြစ်သူ၏ ကျန်းမာရေးနှင့် ပတ်သက်၍ တာဝန်ရှိသည့် ခိုင်လုံသော အရင်းအမြစ်တစ်ခုထံမှ မည်သည့် အတည်ပြုချက်မျိုးကိုမျှ ယခုအချိန်အထိ မရရှိသေးကြောင်း ကိုထိန်လင်း က ပြောကြားခဲ့သည်။
မည်သို့ပင် ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက် ရှိသေးလား ဆိုသည့် စိုးရိမ်ပူပန်သည့် ပြည်သူများ၏ Proof of Life ကမ်ပိန်း အောင်မြင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။
ယခုအခါ ဒေါ်အောင်ဆန်းစုကြည် အား မတရား ဖမ်းဆီး အကျဉ်းချထားမှုသည် ၁၈ နှစ် ကျန်နေပေသေးသည်ဟု သူမ၏ ရှေ့နေ အဖွဲ့က အတည်ပြု ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်အပတ်က မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးမှ မေးမြန်းလာသည့် အတွက် သူမကို "ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း" နှင့် ၎င်း၏အစိုးရအနေဖြင့် အသေးစိတ် ဖော်ပြမထားသော "ကောင်းမွန်သည့် အရာများ" ကို စဉ်းစားဆောင်ရွက်နေကြောင်း ထည့်သွင်း ပြောဆိုခဲ့မှု မျိုးသာ ရှိ သေးသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာက အသိအမှတ်ပြုထားသော အကျဉ်းသားတဦး၏ အခြေခံအခွင့်အရေးများအဖြစ် ကုလသမဂ္ဂမှ ချမှတ်ထားသော "နယ်လ်ဆင် မန်ဒဲလား စည်းမျဉ်းများ" (The Nelson Mandela Rules) ကို ငါးနှစ်လုံးလုံးပြောင်ပြောင် တင်းတင်း လျစ်လျု ရှုထားခံခဲ့ရသည်။
ထိုစည်းမျဉ်းများ ထဲတွင် လူသားတဦးဖြစ်သည်နှင့်အညီ ဂုဏ်သိက္ခာရှိစွာ ဆက်ဆံရမည်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးရမည်၊ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် စာရေးသားဆက်သွယ်ခြင်း သို့မဟုတ် လူကိုယ်တိုင် တွေ့ဆုံခွင့် (Visitation Rights) ရှိရမည်။ မိမိ၏ အမှုကိစ္စအတွက် ရှေ့နေနှင့် လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးခွင့်ရှိရမည်။ ပြင်ပလောကတွင် ဖြစ်ပျက်နေသော သတင်းများကို သတင်းစာ၊ ရေဒီယို သို့မဟုတ် စာအုပ်စာစောင်များမှတစ်ဆင့် သိရှိခွင့် ရှိရမည် အစရှိသည်တို့ ပါဝင်သည်။
ဒေါ်အောင်ဆန်းစုကြည်အား ပြစ်မှု ကျူးလွန်၍ အကျဉ်းချထားသည် ဟု သာ ပြော နေသော်လည်း ထိုသို့ အခွင့် အရေး များ တခုတလေ မျှပင် မရခဲ့သည်ကို ကြည့်ကာ သူမအား နိုင်ငံရေး အရ ရည်ရွယ်ချက် ရှိရှိ လက်စား ချေ နေခြင်းသာ ဖြစ်သည် ဆိုသော အချက်သည် ငြင်းမရ အောင် ပေါ်လွင်လာမှု နှင့် အတူ ၎င်းတို့၏ ဂုဏ်သိက္ခာ ဆိုသည်ကလည်း ကုန်း ကောက်စရာ မရှိ အောင် ဖြစ်လာခဲ့ရပေသည်။
သမ္မတ အဖြစ် နိုင်ငံတကာ ၏ အသိအမှတ် ပြုမှု ကို အလွန် အမင်း လိုလားနေသော မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည်အား ၎င်းကို အသနားခံလာ၍ လွှတ်ပေးရသည် ဟု နိုင်ငံရေး အရ အမြတ်ထုတ်လိုချင်ပုံရသည်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း တင်းခံနေပုံရ၍ ရာ ပြည့် အား လွှတ်ပြီး နားချခိုင်းနေသည်ဟု ယူဆစရာ ရှိသည်၊ မင်းအောင်လှိုင်လို sociopath စိတ်ဝေဒနာရှင် တဦး အတွက် ထိုနည်းလမ်းသာ ရှိတော့၍ အကျပ်ရိုက်နေပုံရသည်။
မင်းအောင်လှိုင် သည် လူထုကို ဓါးမိုး၍ အုပ်ချုပ်နေရသည့် အဆင့်က ယခုထိ တက်မလာနိုင်သေးသည်ကို ဆရာဦးတင်ညွန့်အား ဖမ်းဆီးခဲ့မှုက သက်သေခံနေသည်။ ၎င်း အဖို့က ဒေါ်အောင်ဆန်းစုကြည်၏ "နိုင်ငံရေးဩဇာ" နှင့် "လူထုထောက်ခံမှု" တို့သည် မည်သို့မျှ မယှဉ် နိုင် ဖြစ်နေရပြီး အကြီးမားဆုံး အန္တရာယ် ဖြစ်နေသည့်အတွက် သူမကို လုံးဝဥသုံ လွှတ်မပေးရဲဘဲ ဖြစ်နေသည်။
ဗိုလ်သန်းရွှေလည်း လွှတ်ပေးခဲ့ဖူးသည်၊ ဗိုလ်သိန်းစိန် လည်း လွှတ်ပေးဖူးသည်ပင်။ ၎င်းတို့ လင်မယားကျမှ အဘယ့်ကြောင့် အကြောက်ကြီး ကြောက်နေကြရသနည်း ဆိုသည်ကိုက နားမလည် နိုင်အောင် ဖြစ်နေရသည်။
အုပ်ချုပ်ခံ ပြည်သူများသာမက အုပ်ချုပ်သူ များ ကိုယ်တိုင် ပင် ကျီးလန့်စားစား ဖြစ်နေသည်ကို မနေသာတော့၍ ဝမ်ယီမှ ၎င်းတို့ အာဏာ ဆက်လက် တည်မြဲရေး (တနည်းအားဖြင့် အချုပ်အခြာ အာဏာ ပိုင်မှုကို) ကာကွယ်ပေးသွားမည်ဟု ကိုယ်တိုင်ကိုယ်ကျ အာမခံလာခဲ့၍ လည်း စဉ်းစားပုံ ပြောင်းလာခြင်းလည်း ဖြစ်နိုင်ပေသည်။
တရုတ်သည် နောက်လ အတွင်း ကုလလုံခြုံရေး ကောင်စီ၏ အလှည့်ကျ ဥက္ကဌ အဖြစ် တာဝန်ယူရဖို့ ရှိနေသည်။ ထိုကိစ္စ ကို လျစ်လျူ ပြုထားသည့် အထိ သိက္ခာမဲ့နေ၍ မဖြစ်တော့ ဆိုကာ ဝင်ရောက်ပတ်သက်လာခြင်းလည်း ဖြစ်နိုင်ပေသည်။
မည်သို့ပင် ဆို စေ ပြည်သူများ အဖို့ မသမာသူ အကြမ်းဖက် သမားများ လက်ဝယ် ရောက်နေရရှာသည့် နိုင်ငံတော် အတိုင်ပင်ခံ အတွက် စိုးရိမ် ပူပန်မှု များက အတန်ငယ် လျော့ပါးသွားပြီဟု ဆိုရမည် ဖြစ်သည်။ သို့သော် ၎င်းတို့ အပေါ် မည်သို့မျှ မယုံကြည်နိုင် ဖြစ်နေကြသည့် လူထု၏ နကိုယ်ရင်းစွဲ စိတ်သည် အစိုင်အခဲ ကြီးမားစွာ တည်နေသည်ကို လည်း တွေ့မြင်ခွင့် ရလိုက်သည့် ဖြစ်စဉ်လည်း ဖြစ်နေပေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!