ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ(19)

by Hla Soewai - May 04 2026

(၁၉)

 

၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ပြုပြင်ပြောင်းလဲမှုနှင့် တိုးတက်မှု

 

မော်စီတုန်း အလွန် တရုတ်ပြည်၏ စီးပွားရေးသမိုင်းကို ရေးသားကြသူ အများစုက “တဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲသည့်နည်းလမ်း” သည် အစောပိုင်းကာလတွင် ကြီးမားသောအမှားအယွင်းများကို ရှောင်ရှားရန် ခေါင်းဆောင်များက ရည်ရွယ်ချက်ရှိရှိ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အဖြစ် ဖော်ပြလေ့ရှိကြသည်။ ယေဘုယျအမြင်များ အရ ဆိုလျင် ဤလေ့လာတွေ့ရှိချက်သည် တစ်စိတ်တစ်ပိုင်းအားဖြင့် မှန်ကန်ပါသည်။

 

သို့သော်လည်း ဤသို့တင်ပြချက်မျိုးသည် ပါတီအတွင်းရှိ သဘောထားတင်းမာသူများ၏ ကန့်ကွက်မှုများကြောင့် ပိုမိုပြင်းထန်သော ပြုပြင်ပြောင်းလဲမှုများကို မလုပ်ဆောင်နိုင်ခဲ့ဘဲ၊ အစိုးရအနေဖြင့် သတိကြီးစွာဖြင့် တဖြည်းဖြည်းချင်းသွားရသည့် လမ်းစဉ်ကို ရွေးချယ်ခဲ့ရသည်ဟူသော အချက်ကို လျှော့တွက်ထားခြင်း ဖြစ်သည်။

 

 ပို၍အရေးကြီးသည်မှာ တိန့်ရှောင်ဖိန် အနေဖြင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) ကို ကယ်တင်ရန် အရင်းရှင်စနစ်ဆိုင်ရာ နည်းနာများကို အသုံးပြုဖို့ ဆုံးဖြတ်ပြီးနောက်တွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် သူရွေးချယ်နိုင်သည့် နယ်ပယ်မှာ အကန့်အသတ်ရှိခဲ့သည်။

 

ရိုးရိုးရှင်းရှင်း ပြောရလျှင် စျေးကွက်စီးပွားရေးစနစ်ကို အပြည့်အဝနှင့် အကန့်အသတ်မရှိ လက်ခံလိုက်ခြင်းမှာ နိုင်ငံရေးအရ မဖြစ်နိုင်သောကိစ္စဖြစ်သည်။ အကြောင်းမှာ ထိုသို့လုပ်ဆောင်ခြင်းသည် တပါတီအာဏာရှင်စနစ်၏ စီးပွားရေးအခြေခံအုတ်မြစ်များကို ဖြိုဖျက်ပစ်သလို ဖြစ်နေသောကြောင့်ပင်။ 

 

မော်စီတုန်း၏ ဆယ်စုနှစ် သုံးစု ကြာ မှားယွင်းသောအုပ်ချုပ်မှုကြောင့် ပျက်စီးနေသော အစိုးရယန္တရားကို ကယ်တင်ရန်အတွက် တိန့်ရှောင်ဖိန် သည် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း အရင်းရှင်စနစ်ကို အသုံးပြုရန် မတွန့်ဆုတ်ခဲ့ပေ။ သို့သော်လည်း ဆယ်စုနှစ်များစွာ ကြာလာပြီးနောက်တွင် ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံပိုင်ကဏ္ဍထက် ပိုမိုအားကောင်းလာပြီး အင်တိုက်အားတိုက် ဖြစ်လာသည့်အခါတွင်တော့ ဗဟိုချုပ်ကိုင်မှုမရှိသော စျေးကွက်စီးပွားရေးစနစ်သည် တပါတီအုပ်ချုပ်ရေးအတွက် ခြိမ်းခြောက်မှုကြီး အဖြစ် ထွက်ပေါ် လာခဲ့လေတော့သည်။

 

၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ကံကောင်းထောက်မစွာဖြင့် စီစီပီ ၏ နိုင်ငံရေးလက်ဝါးကြီးအုပ်မှုကို အရင်းရှင်စနစ်က ဖြိုဖျက်နိုင်လိမ့်မည်ဟူသော အလားအလာမှာ အလွန်ပင် မဖြစ်နိုင်သလောက်ဟု ယူဆလာခဲ့ကြသည်။ ထို့ကြောင့် ပါတီအတွင်းရှိ ရှေးရိုးစွဲဝါဒီများ၏ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများ ရှိနေသည့်ကြားမှပင် ပါတီသည် တိန့်ရှောင်ဖိန်နှင့်အတူ ရှေ့ဆက်ခဲ့ပြီး ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် တံခါးဖွင့်ပေးခဲ့သည်။ 

 

သို့သော် ပါတီအနေဖြင့် ကြိုတင်မျှော်လင့်မထားခဲ့သည်မှာ ရန်လိုမှုအနည်းငယ်ရှိနေသော ပတ်ဝန်းကျင် အတွင်း၌ပင် အရင်းရှင်စနစ်က မည်မျှ မြန်မြန်ဆန်ဆန် ကြီးထွားရှင်သန်လာသည် ဆိုသည်ကို သိမြင်လာခဲ့ ကြခြင်း ပင် ဖြစ်သည်။

 

ဝမ်းနည်းစရာကောင်းသည်မှာ "လမ်းကြောင်းအပေါ် မှီခိုနေရခြင်း" (Path dependence) ဟူသော ယုတ္တိဗေဒအရ ပါတီ၏ အရင်းရှင်စနစ်အပေါ် စိတ်ပါလက်ပါမရှိဘဲ လက်ခံကျင့်သုံးမှုသည် ဈေးကွက်၏ အတိုင်းအတာကို တင်းကျပ်သော ကန့်သတ်ချက်များအတွင်း၌သာ ရှိနေစေခဲ့သည်။ ထို့အပြင် ဗလာဒီမာ လီနင် ခေါ်ဆိုခဲ့သည့် စီးပွားရေး၏ "အချက်အချာကျသော ကဏ္ဍကြီးများ" (Commanding Heights) ကိုလည်း အစိုးရက ဆက်လက်ထိန်းချုပ်ထားနိုင်ခဲ့သည်။ ရလဒ်အနေဖြင့် ပေါ်ထွက်လာသော ဤ "စပ်ကြားစီးပွားရေးစနစ်" (Hybrid economy) သည် နောက်ဆုံးတွင် ၎င်း၏ ကနဦးတက်ကြွမှုများကို ကုန်ခမ်းသွားစေပြီး စတင်အေးခဲကာ တန့်သွားတော့မည့် အခြေအနေသို့ ဆိုက်ရောက်လာတော့သည်။

 

၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ပေါ်ပေါက်လာခဲ့သော တရုတ်နိုင်ငံ၏ ‘ဟိုက်ဘရစ်’ စပ်ကြား စီးပွားရေးစနစ် ဖြစ်ပေါ်လာပုံကို အဆင့်နှစ်ဆင့် ခွဲခြားနိုင်သည်။

 

၁၉၇၉ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ ပထမအဆင့်၏ အရေးကြီးဆုံးသော အောင်မြင်မှုမှာ စိုက်ပျိုးရေးကဏ္ဍတွင် စုပေါင်းလုပ်ကိုင်သည့်စနစ်ကို လျင်မြန်စွာ ဖျက်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ဤအောင်မြင်မှုသည် ကျေးလက်ဒေသ၏ ကုန်ထုတ်စွမ်းအားနှင့် ထွက်ကုန်ကို သိသိသာသာ မြင့်တက်စေခဲ့ရုံသာမက တက်ကြွလှုပ်ရှားသော ပုဂ္ဂလိကကဏ္ဍ ထွန်းကားလာစေရန် လမ်းခင်းပေးခဲ့ပြီး တရုတ်နိုင်ငံ၏ ‘လမ်းကြောင်းနှစ်သွယ် စီးပွားရေးစနစ်’ (Dual-track economy) အခြေခံကို ချမှတ်ပေးခဲ့သည်။ 

 

၎င်းမှာ စွမ်းဆောင်ရည်မြင့်မားသော ပုဂ္ဂလိကကဏ္ဍနှင့် စွမ်းဆောင်ရည်နိမ့်ပါးသော နိုင်ငံပိုင်ကဏ္ဍတို့ ယှဉ်တွဲတည်ရှိလာခြင်း ဖြစ်သည်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ကြီးစိုးထားသည့် မြို့ပြစီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုကိုမူ ဤကာလအတွင်း စတင် စမ်းသပ်ခဲ့သော်လည်း သိသာထင်ရှားသော တိုးတက်မှု မရှိခဲ့ပေ။

 

ဤအဆင့်တွင် တိန့်ရှောင်ဖိန် ဦးဆောင်သော ပြုပြင်ပြောင်းလဲရေးသမားများသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခြင်းနှင့် နိုင်ငံခြားကုန်သွယ်မှုကို မြှင့်တင်ခြင်းတို့မှတစ်ဆင့် ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက်သည့် “တံခါးဖွင့်ဝါဒ” ကိုလည်း စတင်ခဲ့ကြသည်။

 

 ပထမအဆင့်တွင် ရရှိခဲ့သော ကျေးလက်ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ၏ အောင်မြင်မှုများနှင့် နှိုင်းယှဉ်ပါက၊ ၁၉၈၄ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ဒုတိယအဆင့်မှာမူ ပြုပြင်ပြောင်းလဲရေး ရလဒ်များ အားနည်းခဲ့သည်။ ၎င်းမှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOEs) ကို ပြုပြင်ပြောင်းလဲရန် ခက်ခဲသော စိန်ခေါ်မှုများ၊ ရှေးရိုးစွဲဝါဒီများ၏ တိုးပွားလာသော ခုခံမှုများနှင့် ၁၉၈၇ ခုနှစ် ဇန်နဝါရီလတွင် ပါတီအထွေထွေ အတွင်းရေးမှူး ဟူယောင်ပန်းကို တိန့်ရှောင်ဖိန်က ရာထူးမှ ထုတ်ပယ်လိုက်ခြင်းတို့ကြောင့် ဖြစ်သည်။ ထိုသို့ ထုတ်ပယ်လိုက်ခြင်းသည် အထက်ပိုင်းရှိ ပြုပြင်ပြောင်းလဲရေးအုပ်စုကို များစွာ အားနည်းသွားစေခဲ့သည်။

 

တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့်တွင် ကြီးမားပြီး ထိရောက်မှုလည်းမရှိသော နိုင်ငံပိုင်ကဏ္ဍကို ပြုပြင်ပြောင်းလဲရန် ပျက်ကွက်ခဲ့သော်လည်း၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ လျင်မြန်စွာ တိုးတက်လာမှုကြောင့် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ရေရှည်တည်တံ့မည့် တိုးတက်မှု အခြေခံအုတ်မြစ်များကို တည်ဆောက်နိုင်ခဲ့သည်။

 

သရော်စာဆန်သည်မှာ ထိုသို့ တိုးတက်လာမှု၊ အထူးသဖြင့် ပြည်တွင်းပုဂ္ဂလိကကဏ္ဍ အားကောင်းလာမှုမှာ တိန့်ရှောင်ဖိန် ၏ ပြုပြင်ပြောင်းလဲရေးတွင် ကြိုတင်စီမံထားသည့် ရလဒ်မဟုတ်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေးအရ ကန့်ကွက်မှုများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (SOEs) များကို ပြုပြင်ပြောင်းလဲရာတွင် ကြုံတွေ့ရသည့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကြောင့် ပြုပြင်ပြောင်းလဲရေးသမားများသည် အတိုက်အခံ အနည်းဆုံးဖြစ်မည့် လမ်းကြောင်းကို အမျှော်အမြင်ကြီးစွာ ရွေးချယ်ခဲ့ကြသည်။ 

 

ထိုလမ်းကြောင်းများမှာ စီးပွားရေးကို လွတ်လပ်ခွင့်ပေးခြင်းဖြင့် နိုင်ငံပိုင်မဟုတ်သော၊ ပိုမိုထိရောက်သော လုပ်ငန်းများကို စီးပွားရေးတိုးတက်မှု၏ အင်ဂျင်အသစ်များအဖြစ် ဈေးကွက်အတွင်းသို့ ပိုမိုဝင်ရောက်လာစေခြင်း ဖြစ်သည်။

 

နိုင်ငံရေးအရ အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ခြင်းကို ခဏဘေးဖယ်ထားလျှင်၊ ထိုသို့သော လက်တွေ့ကျသည့် ပြုပြင်ပြောင်းလဲရေး ချဉ်းကပ်မှုမှာ နိုင်ငံတော်ပိုင် ဆိုရှယ်လစ်စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲရန် ရှင်းလင်းပြတ်သားပြီး ပြည့်စုံသော မဟာဗျူဟာ မရှိဘဲ ပြောင်းလွယ် ပြင်လွယ် သဘော နှင့် မြေစမ်းခရမ်းပျိုး လုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ယင်းကို တိန့်ရှောင်ဖိန်က "မြစ်ကိုဖြတ်တဲ့အခါ ခြေထောက်နဲ့ ခဲလုံးကို စမ်းပြီးကူးခြင်း" ဟု တင်စားခဲ့သည်။

 

 တရုတ်ပြုပြင်ပြောင်းလဲရေးသမားများသည် တင်းကျပ်သော နည်းလမ်းများကို လိုက်နာမည့်အစား "လက်တွေ့လုပ်ဆောင်ရင်း သင်ယူ" ဆိုသည့် (Learning-by-doing) နည်းလမ်းကို အသုံးပြုခဲ့ကြပြီး၊ အသွင်ကူးပြောင်းရေး အစောပိုင်းကာလတွင် တခုလုံးကို ပျက်စီးစေနိုင်သည့် ကြီးမားသော အမှားအယွင်းများကို ရှောင်ရှားနိုင်ခဲ့ကြသည်။