အမျိုးသားစာပေဆုရှင် အသက် ၇၁ နှစ်အရွယ် စာရေးဆရာ ဦးတင်ညွန့်အား ဖမ်းဆီးလိုက်ခြင်းက မြန်မာနိုင်ငံ၏ အရပ်သားအစိုးရဟု ဆိုထားသော အစိုးရသစ်နှင့် ပတ်သက်၍ ရိုးရှင်းသည့် အချက်တစ်ချက်ကို ဖော်ပြနေပါသည်။ ၎င်းမှာ စစ်ဗိုလ်ချုပ်များသည် အဝတ်အစား၊ ရာထူးနှင့် ပြကွက်များကိုသာ ပြောင်းလဲနိုင်သော်လည်း ၎င်းတို့၏ မူလသဘာဝ ကိုမူ ပြောင်းလဲခြင်း မရှိကြသေး ဆိုသည်ပင် ဖြစ်သည်။
ဦးတင်ညွန့်နှင့် သားဖြစ်သူတို့အား ဧပြီလ ၂၃ ရက်နေ့ အစောပိုင်း အရုဏ်ဦး တွင် သန်လျင်မြို့နယ်ရှိ ၎င်းတို့၏ နေအိမ်၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ဤကဲ့သို့ အရုဏ်ဦးအချိန်တွင် ဝင်ရောက်ဖမ်းဆီးခြင်းမျိုးသည် မြန်မာပြည်သူအများစုအတွက် စစ်အာဏာရှင်စနစ်၏ အဆိုးရွားဆုံးနှစ်ကာလများကို ပြန်လည်သတိရစေသည့် လုပ်ရပ်မျိုး ဖြစ်သည်။
သတင်းများအရ ယခုဖမ်းဆီးမှုသည် စာရေးဆရာ၏ မကြာသေးမီက လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည့် "ပညာတတ် အောက်တန်းစား" အမည်ရှိ ဆောင်းပါးနှင့် ထွက်ရှိခဲ့သော စာအုပ်သုံးအုပ်နှင့် ဆက်စပ်နိုင်သည်ဟု ထင်ကြေးများ ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် ယင်းစာအုပ်များကို လူမှုကွန်ရက်ပေါ်တွင် ကြော်ငြာရောင်းချပေးသည့် အမျိုးသမီးတဦးလည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။ လေ့လာစောင့်ကြည့်သူများ၏ အဆိုအရ ၎င်းတို့သည် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့် မှန်သမျှကို ပြစ်မှုအဖြစ် သတ်မှတ်ရန် အသုံးပြုလေ့ရှိသည့် အာဏာသိမ်းပြီးနောက် ပြင်ဆင်ထားသော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ကဲ့သို့သော နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပုဒ်မများဖြင့် တရားစွဲဆိုခံရနိုင်ခြေ ရှိနေပါသည်။
သို့သော် ထို စာအုပ်များသည် မြေအောက်တွင် ပုန်းလျိူး ကွယ်လျိုး ထုတ် ဝေခဲ့ခြင်း မဟုတ်၊ လက်နက်ကိုင်တော်လှန်ရန် လှုံ့ဆော် နေသည့် စာပေ မျိုးလည်း မဟုတ်။ ယခင်အစိုးရအဆက်ဆက်လက်ထက်ကတည်းက တရားဝင်ထုတ်ဝေခဲ့သော စာအုပ်များသာ ဖြစ်ပါသည်။ တအုပ်မှာ အာဏာရှင်ဟောင်း ဦးသန်းရွှေအကြောင်း ဖြစ်ပြီး၊ ကျန်စာအုပ်များမှာ စာရေးဆရာကိုယ်တိုင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်စဉ်က စစ်ဗိုလ်ချုပ်များ၊ ၎င်းတို့၏ ပတ်ဝန်းကျင်လောကနှင့် ထိတွေ့ဆက်ဆံခဲ့ရပုံများကို ကိုယ်တွေ့ခံစားချက်များနှင့် သရော်စာအဖြစ် ရေးသားထားခြင်း ဖြစ်သည်။
ဆရာ ဦးတင်ညွန့်တွင် စစ်တပ်၊ တပ်ရင်းတပ်ဖွဲ့ သို့မဟုတ် ဗုံး၊ လက်နက်များလည်း မရှိ။ သူ့တွင် ကလောင်တစ်ချောင်း၊ အမှတ်တရများ၊ အသိပညာ၊ ဟာသဉာဏ်နှင့် စကားလုံးများသာ ရှိ ပေသည်။
ယင်းအချက်များကပင် မိမိကိုယ်ကိုယ် အရပ်သားသမ္မတအဖြစ် ဟန်ဆောင်ရန် ကြိုးပမ်းနေသည့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ထိတ်လန့်စေခဲ့ပုံရသည်။ ဤသည်မှာ အာဏာရှင်စနစ်မဟုတ်တော့ဟု ဟန်ဆောင်နေသော အာဏာရှင်တဦး၏ အထိမခံသည့် အရေခွံပင် ဖြစ်သည်။
စစ်ကောင်စီသည် စီစဉ်ထားသည့် ရွေးကောက်ပွဲများကို ကျင်းပနိုင်သည်၊ စစ်ဗိုလ်ချုပ်များကို ရုပ်သေးလုပ်ငန်းစဉ်တခုမှတဆင့် အရပ်ဝတ်များ ဝတ်ပေးနိုင်သည်၊ ကမ္ဘာကြီးကိုလည်း ပုံမှန်အခြေအနေကဲ့သို့ ဆက်ဆံရန် တောင်းဆိုနိုင်ပါသည်။ သို့သော်လည်း အသက်ကြီးရင့်သော စာရေးဆရာတစ်ဦးကို စာအုပ်များနှင့် လူမှုကွန်ရက်ပို့စ်များကြောင့် ဖမ်းဆီးခြင်းကမူ တရားဝင်ထုတ်ပြန်ချက်များထက် အမှန်တရားကို ပိုမိုပေါ်လွင်စေသည်။
မိမိ၏ တရားဝင်မှုအပေါ် ယုံကြည်မှုရှိသော အစိုးရသည် စာအုပ်တအုပ် သို့မဟုတ် သရော်စာတပုဒ်ကို မကြောက်ရွံ့တတ်ပေ။
ဆရာ ဦးတင်ညွန့်ကို ဖမ်းဆီးလိုက်ခြင်းက စကားလုံးများအလှည့်အပြောင်းဖြင့် ရေးသားခြင်း၊ တိုက်ရိုက်ရင်ဆိုင်မှုကို ရှောင်ရှားခြင်း၊ သရော်စာများအသုံးပြုခြင်း သို့မဟုတ် ယခင်စစ်အာဏာရှင်ဟောင်းများအကြောင်း ရေးသားခြင်းတို့သည်ပင် မည်သူ့ကိုမျှ အကာအကွယ်မပေးနိုင်တော့ကြောင်း ဖော်ပြနေခြင်းပင် ဖြစ်သည်။
လူမှုရေးလုပ်ငန်းများတွင်လည်း လူသိများသည့် လေးစားအပ်သော အသက်ကြီးရင့်သည့် စာရေးဆရာကြီးနှင့် ဆရာတစ်ဦးသည် ယခင်စာအုပ်ဟောင်းများကြောင့်ပင် ဖမ်းဆီးခံရနိုင်သည်ဆိုပါက၊ ယင်းလုပ်ရပ်သည် မြန်မာနိုင်ငံအတွင်း တိတ်ဆိတ်စွာ နေထိုင်နေကြဆဲဖြစ်သော လူငယ်စာရေးဆရာများ၊ ထုတ်ဝေသူများ၊ စာအုပ်ရောင်းချသူများနှင့် အယ်ဒီတာများထံသို့ မည်ကဲ့သို့သော သတင်းစကားကို ပေးပို့လိုက်ခြင်း ဖြစ်ပါသနည်း။
တိတ်ဆိတ်ငြိမ်သက်နေခြင်းသည်ပင် လုံခြုံမှုမရှိတော့သလို ခံစားရစေသည်။ စစ်ကောင်စီသည် ပြောဆိုမှုကိုသာ အပြစ်ပေးနေခြင်း မဟုတ်ဘဲ ပြောဆိုနိုင်ခြေရှိသည့် အခွင့်အလမ်းကိုပါ အပြစ်ပေးနေခြင်း ဖြစ်သည်။
လက်ရှိစစ်ကောင်စီသည် အနည်းငယ်မျှသော လွတ်လပ်ခွင့် အခွင့်အရေးလေးများကိုပင် ပိတ်ပင်ရန် ဆုံးဖြတ်ထားပုံရသည်။ ထုတ်ဝေသူများ၊ ပုံနှိပ်တိုက်ပိုင်ရှင်များ၊ စာအုပ်ရောင်းချသူများနှင့် လူမှုကွန်ရက် အသုံးပြုသူများကိုလည်း စံနမူနာပြအဖြစ် အရေးယူလျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံရေးစာပေများ ပြန်လည်ထုတ်ဝေမှုကြောင့် တိုးမြစ်စာပေနှင့် ၎င်းနှင့်ဆက်စပ်နေသော ပုံနှိပ်တိုက်တခုတို့ကို စစ်ကောင်စီက လိုင်စင်ရုပ်သိမ်းခဲ့သည်။ ၎င်းတို့ပေးလိုသော သတင်းစကားမှာ ရှင်းလင်းပါသည် - ပြည်သူများ၏ မျက်စိကို ပွင့်စေနိုင်မည့် မည်သည့်အရာကိုမျှ ပုံနှိပ်ခြင်း မပြုကြရန်ပင် ဖြစ်သည်။
မင်းအောင်လှိုင်သည် သူ၏ "အကူးအပြောင်း" ကာလကို နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုလာစေရန် အသည်းအသန် လိုလားနေပါသည်။ နိုင်ငံခြားသံတမန်များနှင့် မီဒီယာများက သူ့ကို သမ္မတဟု ခေါ်ဝေါ်စေချင်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု၊ ကျဆုံးသွားခဲ့သည့် ဆန္ဒပြသူများ၊ မီးရှို့ခံခဲ့ရသည့် ကျေးရွာများ၊ လေကြောင်းတိုက်ခိုက်မှုများ သို့မဟုတ် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် သတင်းထောက်များကို မေ့လျော့သွားစေချင်နေသည်။
သို့သော် ၎င်းတို့၏ သရုပ်မှန်ကို ဖော်ပြခြင်းကိုမူ မထိန်းချုပ် နိုင်ကြပေ။ ၎င်းတို့သည် စာအုပ်တအုပ်ကိုပင် သည်းမခံနိုင်ကြ။ သရော်စာတပုဒ်ကို သည်းမခံနိုင်။ အသက်ကြီးရင့်သော စာရေးဆရာတစ်ဦး၏ အမှတ်တရများကိုလည်း သည်းမခံနိုင်ကြ။
ထို့ကြောင့်ပင် ဆရာ ဦးတင်ညွန့်အား ဖမ်းဆီးခြင်းသည် လူတဦးတယောက်၏ ကိစ္စထက် ပိုမိုအရေးပါနေခြင်း ဖြစ်သည်။ ယင်းလုပ်ရပ်က မြန်မာနိုင်ငံ၏ "အကူးအပြောင်း" ဆိုသည်မှာ စစ်ဗိုလ်ချုပ်များက ဝတ်စုံများသာ လဲလှယ်ထားပြီး ဇာတ်ညွှန်းဟောင်းအတိုင်း ကပြနေသည့် ရုပ်သေးပြပွဲတစ်ခုသာဖြစ်ကြောင်း ဖော်ပြနေပါသည်။ စင်မြင့်မှာ ပုံစံပြောင်းသွားနိုင်သော်လည်း ရုပ်သေးရုပ်အတွင်းမှ ကြိုးကိုင်နေသည့် လက်မှာမူ မူလလက်ပင် ဖြစ်ပါသည်။
နိုင်ငံအတွင်း ကျန်ရှိနေသေးသော စာရေးဆရာများနှင့် သတင်းထောက်များအတွက် ယနေ့ရင်ဆိုင်နေရသော အန္တရာယ်မှာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆို၍ ဖမ်းဆီးခံရနိုင်ခြင်းမျိုးသာ မဟုတ်တော့။ တိုက်ရိုက်ပြောဆိုမှုများကို တတ်နိုင်သမျှ ရှောင်ရှားနေသည့်တိုင်အောင် သန်းခေါင်ယံအချိန်တွင် အချိန်မရွေး ဆွဲခေါ်ဖမ်းဆီးခံရနိုင်ခြင်းပင် ဖြစ်သည်။
အာဏာရှင်စနစ် ၏ ဆိုးရွားခဲ့သည့် နှစ်ကာလများက ဟာသတစ်ခု ရှိခဲ့ဖူးသည် - "ပြည်သူတွေမှာ စကားပြောခွင့် (Freedom of speech) တော့ ရှိတယ်၊ ဒါပေမဲ့ စကားပြောပြီးနောက်မှာတော့ လွတ်လပ်ခွင့် (Freedom after speech) မရှိတော့ဘူး" ဟူ၍ ဖြစ်သည်။
မင်းအောင်လှိုင်၏ အရပ်သားအစိုးရ ရုပ်ပြပွဲအောက်တွင် ထိုဟာသသည် နိုင်ငံတော်၏ မူဝါဒဖြစ်လာခဲ့သည်။ အစိုးရတစ်ရပ်သည် စာအုပ်ဟောင်းများနှင့် သက်ကြီးစာရေးဆရာတဦးကို ရန်သူသဖွယ် တိုက်ခိုက်နေပြီဆိုလျှင် ထိုအစိုးရသည် ဒီမိုကရေစီဆီသို့ ဦးတည်ချီတက်နေခြင်း မဟုတ်ဘဲ မြောက်ကိုရီးယားစတိုင် အကြောက်လွန်ပြီး အကြွင်းမဲ့ထိန်းချုပ်သည့် အာဏာရှင်စနစ်ဆီသို့ နောက်ပြန်ဆုတ်နေခြင်းသာ ဖြစ် ပေ တော့သည်။
Flies will easily fly into the honey; their problem is how to get out.
“ယင်ကောင်တွေဟာ ပျားရည်အိုးထဲကို အလွယ်တကူ ပျံဝင်သွားတတ်ကြပေမဲ့၊ တကယ့် အခက်အခဲက အဲဒီထဲကနေ ဘယ်လိုပြန်ထွက်ရမလဲဆိုတာပဲ ဖြစ်တယ်။
Persian Proverb
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!