ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် အကျပ်အတည်းကြောင့် မြန်မာတွင် စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာပြီး ဆီပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း နေပြည်တော်ရှိ စစ်အုပ်စု၏ နက်ရှိုင်းစွာ အမြစ်တွယ်နေသော ဘဏ္ဍာရေးမူဝါဒများသည်သာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကို ဖြစ်ပေါ်စေသည့် အဓိကနှင့် ရေရှည်အကြောင်းအရင်းများဖြစ်ကြောင်း ဖွံ့ဖြိုးမှု ဆိုင်ရာ စီးပွားရေးပညာရှင် ဂျဲရက်ဒ် ဘစ်ဆင်းဂျာ က DVB နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သတိပေးလိုက်သည်။
ပြင်ပမှလာသော ရိုက်ခတ်မှုများသည် စစ်ကောင်စီ၏ စီမံခန့်ခွဲမှု အလွဲများနှင့် ပေါင်းဆုံလာသည့် အတွက် စစ်အာဏာသိမ်းပြီး (၅) နှစ်အကြာတွင် မြန်မာ့စီးပွားရေးမှာ အလွန်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေပြီး သန်းနှင့်ချီသော ပြည်သူ များမှာ ထိုဒဏ်ကို အလူးအလဲ ခံစားနေကြရသည်ဟု ဆိုသည်။
ပြည်ပမှ စက်သုံးဆီ တင်သွင်းမှုအပေါ် အလွန်အမင်း မှီခိုနေရ သော မြန်မာတွင် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာခြင်း၊ လေကြောင်းနှင့် ခရီးသည်တင် ဘတ်စ်ကားလိုင်းများ ဖျက်သိမ်းခံရခြင်းနှင့် ဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းရခြင်းတို့မှာ သမားရိုးကျ ဖြစ်ရပ်များ ဖြစ်လာခဲ့သည်။
ယင်းကို တုံ့ပြန်သည့်အနေဖြင့် စစ်အုပ်စု သည် စျေးကွက်နည်းလမ်းအရ ဖြေရှင်းမည့်အစား တင်းကျပ်သော စီမံခန့်ခွဲမှု ထိန်းချုပ်ရေးစနစ်များကိုသာ အသုံးပြုခဲ့သည်။ ဥပမာအားဖြင့် ယာဉ်နံပါတ် စုံ/မ စနစ်ဖြင့် မောင်းနှင်စေခြင်း၊ QR ကုဒ်များ အသုံးပြုခြင်းနှင့် ကီလိုမီတာ အကွာအဝေးအပေါ် မူတည်၍ ဆီခွဲတမ်း သတ်မှတ်ခြင်းတို့ကို လုပ်ဆောင်လာသည်။
တစ်ချိန်တည်းမှာပင် စစ်ကောင်စီ၏ ကြီးမားလှသော ဘဏ္ဍာရေး အရှုံးပေါ်မှုများကြောင့် ပြည်သူများအတွက် စက်သုံးဆီ ထောက်ပံ့ကြေး ပေးရန် လုံးဝ အခွင့်အလမ်း မရှိတော့ပေ။
စစ်ကောင်စီ၏ တုံ့ပြန်ပုံများသည် ၎င်းတို့ မည်သည်ကို ဦးစားပေး လုပ်ဆောင်နေ ကြောင်း သိသာထင်ရှားလာသည်ဟု ဘစ်ဆင်ဂျာ က ဆိုသည်။ စစ်တပ်သည် ရန်ကုန်မြို့တစ်ဝိုက်ရှိ အဓိက သိုလှောင်ရုံများအပါအဝင် နိုင်ငံ၏ ဘဏ္ဍာရေးနှင့် စက်သုံးဆီ အခြေခံအဆောက်အအုံများကို ထိန်းချုပ်ထားသည်။
စက်သုံးဆီကို စစ်ရေးအရ အသုံးပြုဖို့အတွက်ပဲ ဆက်လက်ပြီး ဦးစားပေးသွားမည် ဖြစ်သည် “အကယ်၍ စစ်တပ်က ဆီလိုချင်တယ်ဆိုရင် သူတို့အရင်ရမှာပဲ။ ဒါကြောင့် ဒါဟာ ဈေးကွက်စနစ် မဟုတ်ဘူး။ အလွှာနှစ်ခုခွဲထားတဲ့ စနစ်ဆိုတာ အတော်လေးကို ရှင်းလင်းနေပါတယ်။ အဓိပ္ပာယ်ကတော့ အရပ်သားတွေဟာ ပိုလျှံတာကိုပဲ ရကြမယ်ဆိုတဲ့ သဘောပါပဲ။”
စွမ်းအင်ဆိုင်ရာ ရိုက်ခတ်မှုများကြောင့် မြေဩဇာစျေးနှုန်းများသည် ၈၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာပြီး စိုက်ပျိုးရေးကဏ္ဍကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။ ဤကဲ့သို့ စျေးနှုန်းများ ထိုးတက်သွားခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ယခင်ပမာဏအတိုင်း ရရှိရန်အတွက် ပိုမိုပေးချေရမည် သို့မဟုတ် တင်သွင်းမှုပမာဏကို လျှော့ချရတော့မည် ဖြစ်သည်။
ယင်းအခြေအနေသည် အကျိုးအမြတ် နည်းပါးမှုဒဏ်ကို ခံစားနေကြရသည့် မြန်မာ့စပါးစိုက်တောင်သူများအတွက် ၂၀၂၅ ခုနှစ် အတွင်း ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပြီးနောက် ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။ မြေဩဇာအသုံးပြုမှု ၅၀ ရာခိုင်နှုန်း လျော့ကျသွားပါက စပါးထွက်နှုန်းကို ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းစေနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မကြာသေးမီက သတိပေးချက်များကို ကိုးကား၍ ဘစ်ဆင်ဂျာ က ပြောကြားခဲ့သည်။
ကမ္ဘာ့ဆန်စျေး မြင့်တက်လာခြင်းသည် အချို့သော တောင်သူများအတွက် ရေရှည်တွင် အကျိုးရှိနိုင်သော်လည်း စက်ရုံအလုပ်သမားများမှာမူ ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။ အခြေခံလစာများမှာ ကုန်စျေးနှုန်းနှင့်အညီ တက်လာခြင်းမရှိသည့်အပြင်၊ စားသောက်ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်လာခြင်း၊ ကုန်စည်စီးဆင်းမှု ပြတ်တောက်ခြင်းနှင့် စက်ရုံမီးစက်များမောင်းနှင်ရန် ဒီဇယ်ဆီ ပြတ်လပ်ခြင်းတို့သည် မြို့ပြအလုပ်သမားလူတန်းစားကို ပျက်စီးစေမည့် ခြိမ်းခြောက်မှုများ ဖြစ်လာနေသည်။
မြန်မာနိုင်ငံအတွက် ၂၀၂၅ ခုနှစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်နှင့် တုံ့ပြန်ရေး အစီအစဉ်အရ လူဦးရေ သန်း ၂၀ ကျော်သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း ဘစ်ဆင်ဂျာ က ထောက်ပြခဲ့ပြီး ယခု စက်သုံးဆီ အကျပ်အတည်းကြောင့် စားနပ်ရိက္ခာနှင့် အလုပ်အကိုင် မလုံခြုံမှုများ ပိုမိုနက်ရှိုင်းလာမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
လက်ရှိဖြစ်ပေါ်နေသော စွမ်းအင်ဆိုင်ရာ ရိုက်ခတ်မှုများအပြင်၊ စစ်ပွဲများ တိုက်ရိုက်ဖြစ်ပွားခြင်းမရှိသည့် ဒေသများတွင်ပင် ဆင်းရဲမွဲတေမှုမှာ စစ်ကောင်စီ၏ တမင်တကာ ချမှတ်ထားသော မူဝါဒများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ဆိုသည်။
ရန်ကုန်နှင့် ဧရာဝတီကဲ့သို့သော ဒေသများတွင် လူသန်းပေါင်းများစွာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေရခြင်းမှာ စီးပွားရေးဆိုင်ရာ ထိန်းချုပ်မှုများကြောင့်သာ ဖြစ်သည်။ အထူးသဖြင့် စစ်အုပ်စု က ငွေလဲလှယ်နှုန်းကို စိတ်ကြိုက်ခြယ်လှယ်နေခြင်းကြောင့် ကုန်သည်များသည် ၎င်းတို့၏ သီးနှံများအတွက် ရရှိမည့် မြန်မာကျပ်ငွေပမာဏ လျော့နည်းသွားခဲ့ရသည်။
မြန်မာကျပ်ငွေ တန်ဖိုးကို အရှိထက် ပို၍ သတ်မှတ်ထားခြင်း အားဖြင့် စစ်အုပ်စု သည် နိုင်ငံ၏ ပို့ကုန်လုပ်ငန်းပိုင်းများကို တက်ကြွစွာ ဖျက်ဆီးနေသည်။ ၎င်းသည် တရားဝင်ဘဏ်စနစ်အတွင်းသို့ ဝင်ရောက်လာမည့် နိုင်ငံခြားငွေ ပမာဏကို လျော့နည်းစေသည့်အပြင် ပို့ကုန်များကိုလည်း စျေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့အောင် ပြုလုပ်နေသလို ဖြစ်နေသည်။
ထို့ကြောင့် ကုန်သည်များသည် ပိုမိုကောင်းမွန်သော ငွေလွှဲနှုန်း ရရှိရန်အတွက် ၎င်းတို့၏ ငွေကြေးအချို့ကို ပြည်ပတွင်သာ ထားရှိခြင်း သို့မဟုတ် ရွှေ့ပြောင်းအလုပ်သမားများ အသုံးပြုလေ့ရှိသည့် ဟွန်ဒီ လမ်းကြောင်းမှတစ်ဆင့် ပေးပို့ရန် တွန်းအားပေးခံနေရသည်။ ယင်းက တရားဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာသော ငွေကြေးပမာဏကို လျော့နည်းသွားစေသည်။
ထို့အပြင် စစ်ကောင်စီသည် အရပ်သားများ၏ ဓနဥစ္စာများကို လက်ဝါးကြီးအုပ်ရန်အတွက် နိုင်ငံတကာ ဘဏ္ဍာရေး စံနှုန်းများကိုပင် လက်နက်သဖွယ် အသုံးပြုလျက် ရှိသည်။
ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ လုပ်ငန်းအဖွဲ့ (FATF) ၏ စည်းမျဉ်းများကို လိုက်နာဆောင်ရွက်နေသည်ဟု အကြောင်းပြချက်ဖြင့် နေပြည်တော် ရှိ စစ်အုပ်စု သည် ဟွန်ဒီလုပ်ငန်းများကို ပြင်းပြင်းထန်ထန် နှိမ်နင်းလျက်ရှိသည်။ သို့သော်လည်း ၂၀၀၈ ခုနှစ်တုန်းကမူ ထိုငွေလွှဲစနစ်မှာ များသောအားဖြင့် တရားဝင်ကြောင်း ၎င်းတို့ကိုယ်တိုင် ပြောခဲ့ဖူးသည်။
“စစ်ကောင်စီက ဒါကို လုပ်နေတာဟာ ငွေကြေးခဝါချမှုကို ဖြေရှင်းချင်လို့ မဟုတ်ပါဘူး။ နိုင်ငံထဲကို စီးဝင်လာတဲ့ နိုင်ငံခြားငွေတွေကို သူတို့လက်ထဲ ရောက်လာအောင် လူတိုင်းကို တရားဝင်စနစ်နဲ့ ဘဏ်တွေကိုပဲ သုံးဖို့ အတင်းအကျပ် တွန်းအားပေးချင်လို့ပါ” ဟု ဘစ်ဆင်ဂျာ က DVB သို့ ပြောကြားခဲ့သည်။
စင်္ကာပူရှိ CNA က ရေးသားရာတွင် အကယ်၍ စက်သုံးဆီ ပြတ်လပ်မှုများ ဆက်လက်ဖြစ်ပေါ်နေပါက စီးပွားရေးကျပ်တည်းမှုအပြင် စားနပ်ရိက္ခာထောက်ပံ့မှု ကွင်းဆက်များပါ ပြတ်တောက်သွားနိုင်သည့် အန္တရာယ်ရှိနေသည့် အတွက် အကျပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်နေရသော နိုင်ငံအတွက် နောက်ထပ် မရေရာ မသေချာမှုတစ်ရပ်ကို ထပ်လောင်းဖြစ်ပေါ်စေပါသည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံတွင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြစ်ဒဏ်ခတ်ခြင်းမခံရဘဲ လုပ်ချင်ရာ လုပ်နေသည့် သံသရာကို အရေးယူခြင်းမပြုဘဲ ခွင့်ပြုထားခြင်းဖြင့် မြန်မာပြည်သူများကို ကူညီရန် ပျက်ကွက်ခဲ့ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူး က ဧပြီလ ၂၇ ရက်နေ့တွင် ၎င်း၏ နောက်ဆုံးအစီရင်ခံစာတွင် ပြင်းထန်စွာ သတိပေးလိုက်သည်။
တွမ် အင်ဒရူးက "ပြစ်ဒဏ်ကင်းလွတ်ခွင့်မှ တရားမျှတမှုဆီသို့" (From Impunity to Justice) ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် မြန်မာ့အကျပ်အတည်းကို အဆုံးသတ်နိုင်ရန်မှာ ပြည်သူလူထုကို နှိပ်စက်နေသည့် စစ်တပ်၏ စွမ်းဆောင်ရည်များကို ဖျက်ဆီးပစ်ရန်သာမက၊ အဆိုးရွားဆုံး ရာဇဝတ်မှုများကို ကြိုးကိုင်ဖန်တီးသူများကိုပါ ထိရောက်စွာ တရားစွဲဆို အရေးယူရန် လိုအပ်ကြောင်း အလေးအနက် ဖေါ်ပြခဲ့သည်။
“မြန်မာပြည်သူတွေအတွက်တော့ နှောင့်နှေးနေတဲ့ တရားမျှတမှုဟာ တရားမျှတမှုကို ငြင်းပယ်ခံရတာနဲ့ အတူတူပါပဲ။” ဟု ဆိုသည်။
ပြည်သူ တို့၏ တရားသော စစ် မုချ အောင်ရမည်!!!