ရှီကျင့်ဖျင်က ဖုန်းတွေ ဘေးချပြီး "မှန်ကန်သော" ဂန္တဝင်စာအုပ် များ ဖတ်စေချင်

by Hla Soewai - May 04 2026

တရုတ်နိုင်ငံ၏ အလှပဆုံးစာကြည့်တိုက်ဟု မကြာခဏဆိုလေ့ရှိကြသည့် ဘင်ဟိုင် စာကြည့်တိုက်မှာ အံ့မခန်းဖွယ် ဖြစ်သည်။ အလင်းရောင်များ ဖြာကျနေသော အခန်းကျယ်ကြီးထဲတွင် စာအုပ်စင်များမှာ ဆွဲငင်အားကို အံတုလျက် အထက်မျက်နှာကြက်အထိ ခရုပတ်ပုံစံ မြင့်တက်သွားသည်မှာ ပညာဗဟုသုတ တို့ သိုမှီးရာ ခေတ်မီ ဘုရားကျောင်းကန်တစ်ခုနှယ်ပင်။ 

 

ထို့ကြောင့်လည်း အရှေ့ပိုင်းမြို့တမြို့ဖြစ်သည့် တီယန်ကျင်း ရှိ ထိုစာကြည့်တိုက်သည် ဆိုရှယ်မီဒီယာပေါ် တင်ရန် လာရောက်ကြသည့် လူငယ်များကြား ရေပန်းစားသော ဓာတ်ပုံရိုက်ကွင်းတစ်ခု ဖြစ်လာခဲ့ခြင်းမှာ မဆန်းလှပေ။

 

သို့သော် ထိုစာကြည့်တိုက်ထဲတွင် အချိန်အနည်းငယ် ကြာကြာလေ့လာကြည့်ပါက မြင်တွေ့ရသမျှမှာ အပေါ်ယံသာဖြစ်ကြောင်း သိသာလာသည်။ စာအုပ်အများစုမှာ နံရံတွင် ကပ်ထားသည့် စာအုပ်ကျောရိုးပုံစံ ပန်းချီကားများသာ ဖြစ်သည်။ ထို့ပြင် လာရောက်လည်ပတ်သူ အများစုမှာလည်း စာအုပ်များကို ဖတ်ရှုလေ့လာနေကြခြင်း မဟုတ်ဘဲ သူတို့၏ ဖုန်းများပေါ်တွင်သာ အာရုံစိုက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။

 

ဤမြင်ကွင်းသည် ဓာတ်ပုံရိုက်ရန်အတွက်သာမက တရုတ်အစိုးရ၏ အသစ်တဖန် အထူးအာရုံစိုက်လာသည့် အကြောင်းအရာတစ်ခုအတွက်လည်း အကောင်းဆုံး နောက်ခံကားချပ်တခု ဖြစ်လာသည်။ ထိုအရာမှာ လူထုကို စာပိုဖတ်လာစေရန်နှင့် စာကို အပေါ်ယံမဟုတ်ဘဲ ပိုမိုနက်နက်ရှိုင်းရှိုင်း ဖတ်ရှုလာစေရန် မည်သို့တွန်းအားပေးမည်နည်း ဆိုသည့်အချက်ပင် ဖြစ်သည်။

 

တရုတ်ကွန်မြူနစ်ပါတီသည် စတင်တည်ထောင်စဉ်ကတည်းက စာတတ်မြောက်ရေးကို အဓိကရည်မှန်းချက်တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ တော်လှန်ရေးခေါင်းဆောင် မဖြစ်လာမီက စာကြည့်တိုက်မှူးအဖြစ် ခေတ္တလုပ်ကိုင်ခဲ့ဖူးသော မော်စီတုံးအတွက်မူ ထိုတွန်းအားမှာ စာပေထူးချွန်ရန်သက်သက် မဟုတ်ခဲ့။ မော် သည် မြေရှင်ပဒေသရာဇ်စနစ်ကို တိုက်ဖျက်ချေမှုန်းနိုင်လောက်သည့် အသိပညာရှိသော အလုပ်သမားလူတန်းစား တစ်ရပ်ကို တည်ဆောက်လိုသူ ဖြစ်သည်။

 

၎င်း ၏ စာတတ်မြောက်‌ ရေး လှုပ်ရှားမှု သည် ရုပ်လုံးကြွလာခဲ့သည်။ ၁၉၄၉ ခုနှစ် ပြည်သူ့သမ္မတနိုင်ငံတော် စတင်ချိန်တွင် တရုတ်နိုင်ငံ၏ စာတတ်မြောက်မှုနှုန်းမှာ ၂၀ ရာခိုင်နှုန်းအောက်သာ ရှိခဲ့ရာမှ၊ မော်ကွယ်လွန်ချိန် ၁၉၇၆ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်းခန့်အထိ ရောက်ရှိလာအောင် တွန်းတင်ပေးခဲ့ပြီး ယနေ့အချိန်တွင်မူ ၉၉ ရာခိုင်နှုန်းနီးပါးအထိ ရှိနေပြီဖြစ်သည်။

 

ရှီကျင့်ဖျင်သည် စာတတ်မြောက်ရေး ရည်မှန်းချက်ကို အသွင် သစ်တခုဖြင့် ပြန်လည်အသက်သွင်းလာသည်။ ဖေဖော်ဝါရီလအတွင်းက စာဖတ်ခြင်းကို မြှင့်တင်ရန် ရည်ရွယ်သည့် စည်းမျဉ်းသစ်တခုကို စတင်ကျင့်သုံးခဲ့ပြီး၊ ဧပြီလ ၂၆ ရက်နေ့တွင် နိုင်ငံ၏ ပထမဦးဆုံးသော အမျိုးသားစာဖတ်ပတ်လမ်း အစီအစဉ်ကို အဆုံးသတ်ခဲ့သည်။ နိုင်ငံပိုင်မီဒီယာများတွင်လည်း လူထုအနေဖြင့် ဖုန်းများကိုချပြီး စာအုပ်များကို မည်သို့ကိုင်စွဲလာအောင် လုပ်ဆောင်မည်နည်းဟူသည့် ဆွေးနွေးမှုများဖြင့် ပြည့်နှက်လာသည်။

 

ဤလှုပ်ရှားမှုအားလုံးကို ရှီကျင့်ဖျင်ကိုယ်တိုင် အတည်ပြုထောက်ခံထားသည်။ ပါတီ၏ အဓိက သဘောတရားရေးရာ ဂျာနယ်ဖြစ်သော ချိုရှီ ၏ နောက်ဆုံးထုတ်စာစောင်တွင် သူက စာဖတ်ခြင်း၏ တန်ဖိုးကို မိန့်ကြားခဲ့ပြီး မော်စီတုံး ပြောခဲ့သည်ဟု ဆိုကြသော "လူတစ်ယောက်သည် တရက်တာ အစာမစားဘဲ နေနိုင်သည်၊ တရက်တာ အိပ်စက်ခြင်းမရှိဘဲ နေနိုင်သည်၊ သို့သော် စာမဖတ်ဘဲမူ တရက်မျှ မနေနိုင်ပါ" ဆိုသည့် စကားကို ကိုးကားဖော်ပြခဲ့သည်။

 

ယခုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ဒစ်ဂျစ်တယ်ခေတ်၏ ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်လာမှု အပေါ် တရုတ်နိုင်ငံ၏ တုံ့ပြန်မှုတစိတ်တပိုင်းလည်း ဖြစ်သည်။ နိုင်ငံအဝှမ်း စစ်တမ်းတခုအရ အရွယ်ရောက်သူ တရုတ် နိုင်ငံသား တဦးသည် တစ်နှစ်လျှင် ဝတ္ထုစာအုပ် ပျမ်းမျှ ၄.၈ အုပ်ခန့်သာ ဖတ်ရှုကြသည်။ အလားတူစစ်တမ်းများအရ အမေရိကန် တို့သည် တနှစ်လျှင် ၁၃ အုပ်ခန့် ဖတ်ကြသည်ဟု ဆိုသည်။ အမေရိကန်၏ ကိန်းဂဏန်းအပေါ် သံသယဖြစ်စရာ ရှိသော်လည်း၊ တရုတ်နိုင်ငံတွင် စာအုပ်အထူကြီးများ လက်ကိုင် ဖတ်ရှုမှုနှုန်းမှာ သိသိသာသာ ကျဆင်းသွားသည်ကတော့ အမှန်ပင်ဖြစ်သည်။

 

တရုတ်နိုင်ငံရှိ ရထားများ၊ လေယာဉ်များနှင့် မြေအောက်ရထားများပေါ်တွင် စာအုပ်တအုပ်ကိုင်ထားသူကို မြင်တွေ့ရခဲလှသည်။ လူများသည် စာများကို ဆက်လက်ဖတ်ရှုနေကြဆဲ ဖြစ်သော်လည်း အများစုမှာ သူတို့၏ ဖုန်းများပေါ်တွင်သာ ဖြစ်သည်။ တရုတ်နိုင်ငံ စာပေထုတ်ဝေသူများအသင်းမှ ဝူရှုလင်း က အွန်လိုင်းမှ စာဖတ်ခြင်းကို အသိပညာဗဟုသုတ တည်ဆောက်ခြင်းထက် "အချိန်ဖြုန်းခြင်း" အဖြစ်သာ သတ်မှတ်ခဲ့သည်။ ဤသည်မှာ လည်း ဆရာများနှင့် မိဘများ ညည်းတွား နေကျ အသံမျိုးပင် ဖြစ်သည်။

 

တရုတ်နိုင်ငံ၏ စာဖတ်ခြင်းဆိုင်ရာ လှုပ်ရှားမှုသည် အခြားနိုင်ငံများနှင့် မတူဘဲ ထူးခြားနေရခြင်းမှာ ရှီကျင့်ဖျင် အထူးအလေးထားသည့် အချက်နှစ်ချက်ကို ပေါ်လွင်စေသောကြောင့် ဖြစ်သည်။

 

ပထမအချက်မှာ နည်းပညာဆိုင်ရာ အမျိုးသားရေးဝါဒ ဖြစ်ပြီး၊ တရုတ်နိုင်ငံ၏ အနာဂတ်သည် စက်မှုကဏ္ဍများကို ကျွမ်းကျင်ပိုင်နိုင်မှုအပေါ်တွင် မူတည်နေသည်ဟူသော ယုံကြည်ချက်ဖြစ်သည်။ လူသိများသော ဆောင်းပါး တပုဒ်တွင် တရုတ်စာပေနှင့် ထုတ်ဝေရေးအကယ်ဒမီမှ ဆွေဟိုင်ကျောင်း က စာကို နက်နက်ရှိုင်းရှိုင်း ဖတ်ရှုခြင်းသည် တီထွင်ဆန်းသစ်မှုများကို ဖြစ်ထွန်းစေသည်ဟု ဆိုထားသည်။ ရှီကျင့်ဖျင် ကိုယ်တိုင်ကလည်း အရာရာသည် အဘယ်ကြောင့် ဤသို့ဖြစ်ပျက်နေရသနည်းဆိုသည်ကို နားလည်သဘောပေါက်ရန် ဂန္ထဝင်စာပေများကို ဖတ်ရှုကြရန် တိုက်တွန်းထားသည်။ တရုတ်နိုင်ငံရှိ စာပေမြတ်နိုးသူ အများစုမှာ နိုင်ငံတကာစာပေများကို ဖတ်ရှုရန် အားပေးကြပြီး၊ တန် ခေတ် ကဗျာများမှသည် မတ်တွန်း နှင့် တော်စတွိုင်း တို့၏ လက်ရာများအထိ အားလုံးကို တန်ဖိုးထားဖတ်ရှုစေလိုကြသည်။

 

ဒုတိယအချက်မှာ ရှီကျင့်ဖျင်အနေဖြင့် တရုတ်ရိုးရာယဉ်ကျေးမှုကို အထူးတန်ဖိုးထားခြင်းဖြစ်ပြီး၊ ထိုယဉ်ကျေးမှုတွင် စာဖတ်ခြင်းသည် တရုတ်လူမျိုးဖြစ်ရခြင်း၏ အနှစ်သာရနှင့် အဓိကမဏ္ဍိုင်တခု ဖြစ်သည်။ အမှန်စင်စစ် ဤအချက်မှာ သမိုင်းကြောင်းအရလည်း အခိုင်အမာရှိခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း တထောင်ခန့်က (ဥရောပတိုက်တွင် စာအုပ်များမှာ ဘုန်းကြီးကျောင်းများ၌ လက်ရေးဖြင့် ကူးယူထားရသည့် သားရေစာများ အဆင့်သာ ရှိနေသေးချိန်တွင်) ဧကရာဇ်တစ်ပါး ရေးသားခဲ့သည်ဟု ဆိုကြသော ကျော်ကြားသည့် ကဗျာတပုဒ်တွင် "စာအုပ်များထဲတွင် ရွှေဖြင့်ဆောက်လုပ်ထားသော အိမ်ဂေဟာများ ရှိသည်" ဟု ဖော်ပြထားသည်။ 

 

ရှီကျင့်ဖျင်သည် ၂၀၃၅ ခုနှစ်တွင် တရုတ်နိုင်ငံကို "ယဉ်ကျေးမှုအင်အားကြီးနိုင်ငံ" တစ်ခုဖြစ်လာစေရန် ရည်မှန်းထားပြီး၊ စာဖတ်ခြင်းကို ပြန်လည်အသက်သွင်းခြင်းမှာ ထိုရည်မှန်းချက်အတွက် အခြေခံဒေါက်တိုင်လည်း ဖြစ်သည်။

 

ရည်ရွယ်ချက် ကောင်းသော်လည်း လက်တွေ့တွင် ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရသည်။ လူထုကို စာဖတ်လာအောင် အတင်းအကျပ် ဖိအားပေး၍ မရနိုင်ကြောင်း ပါတီက သိရှိထားသည်။ ထို့ကြောင့် စည်းမျဉ်းသစ်မှာ စာပိုဖတ်လာစေမည့် အခြေအနေများကို ဖန်တီးပေးရန်သာ အဓိကထားလာသည်။ ဥပမာအားဖြင့် အရာရှိများအနေဖြင့် ပိုမိုကောင်းမွန်သော အများပြည်သူဆိုင်ရာ စာဖတ်ခန်းများကို တည်ဆောက်ရန် တိုက်တွန်းထားသည်။ သို့သော်လည်း အုတ်မြစ်ချ၊ ကွန်ကရစ်လောင်းရမည့် အခွင့်အရေးဆိုလျှင် အမြဲဝမ်းသာတတ်ကြသော ကေဒါ အရာရှိများသည် စာကြည့်တိုက်များကိုသာ ဆောက်လုပ်ပြီးနောက်ပိုင်းတွင် စိတ်ဝင်စားမှု လျော့နည်းသွားကြသည်မှာ ထုံးစံလို ဖြစ်နေသည်။

 

ဘင်ဟိုင် စာကြည့်တိုက်မှာ သာဓကတစ်ခုပင် ဖြစ်သည်။ သတင်းစာဖတ်ခန်းတွင် ရွေးချယ်စရာ အနည်းငယ်သာရှိပြီး ညနေစောင်းသည့်တိုင် ထိုနေ့ထုတ် သတင်းစာများပင် ရောက်မလာသေးပေ။ စည်းမျဉ်းသစ်တွင် ပြင်ပစာအုပ်ဆိုင်များကို ထောက်ပံ့ကူညီရန် အရိပ်အယောင်များ ပြသထားသော်လည်း လက်တွေ့တွင်မူ များစွာ မလုပ်ဆောင်နိုင်သေး။ ဆိုင်ပိုင်ရှင်တဦးကမူ အွန်လိုင်းမှ ဈေးလျှော့ရောင်းချမှုကို တားဆီးပေးသည့် ဂျပန်နိုင်ငံ၏ "သတ်မှတ်ဈေးနှုန်းစနစ်" ကဲ့သို့သော ပိုမိုပြတ်သားသည့် အစီအမံများ မရှိခြင်းအပေါ် ညည်းတွားခဲ့သည်။

 

စာဖတ်ခြင်းအကြောင်း ဆွေးနွေးရာတွင် မည်သည့်စာအုပ်များကို ဖတ်ရှုနေကြသနည်းဟူသည့် အချက်ကိုလည်း ထည့်သွင်းစဉ်းစားရဖို့ ဖြစ်လာသည်။ စည်းမျဉ်းသစ်တွင် "စာအုပ်ကောင်း" များကို ပိုမိုဖတ်ရှုကြရန် တိုက်တွန်းထားသည်။ တီယန်ကျင်းမြို့တွင် မကြာသေးမီက ပြုလုပ်ခဲ့သော စာအုပ်ပွဲတော်တခုတွင် အရောင်းဆိုင် အတော်များများသည် စာအုပ်များထက် တရုတ်တိုင်းရင်းဆေး၊ ကလေးကစားစရာများနှင့် လက်မှု လက်ဝတ်ရတနာများ ရောင်းချရန်သာ အာရုံစိုက်နေကြသည်ကို တွေ့ရသည်။ ဆိုင်တာဝန်ခံတစ်ဦး၏ ပြောကြားချက်အရ လူများသည် စာအုပ်များအတွက် ငွေမသုံး လိုကြကြောင်း၊ ဤသည်မှာ အွန်လိုင်းတွင် အခမဲ့ဖတ်ရှုနိုင်သော အကြောင်းအရာ များစွာ ရှိနေသောကြောင့်ဖြစ်ကြောင်း သိရသည်။

 

ဤသည်ကလည်း အမှန်ပင် ဖြစ်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံ၏ အဆန်းသစ်ဆုံးသော စာပေအချို့မှာ အွန်လိုင်းတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ပြင်ပလေ့လာသူများက ဤသည်မှာ နိုင်ငံရေးအရ ဆင်ဆာဖြတ်တောက်မှုများကို ရောင်ပြန်ဟပ်နေခြင်းဟု ယူဆနိုင်သည်။ ပါတီအပေါ် ဝေဖန်ထားသည့် စာအုပ်များ သို့မဟုတ် တရားဝင်သတ်မှတ်ချက်နှင့် ကွဲလွဲနေသည့် သမိုင်းကြောင်းဆိုင်ရာ စာအုပ်များကို ပုံနှိပ်ထုတ်ဝေခွင့် ပိတ်ပင်ထားသည်မှာ အမှန်ပင်ဖြစ်သည်။

 

အရာရှိအချို့မှာ ထိုကဲ့သို့သော စာပေများကို ဖတ်ရှုမိခြင်းကြောင့် ကိုယ်တိုင်ထိခိုက်နစ်နာမှုများနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။ မကြာသေးမီနှစ်များအတွင်း ပြုလုပ်ခဲ့သော အမှုစစ်ဆေးဖယ်ရှားခဲ့မှု အတော်များများတွင် "ပြင်းထန်သော နိုင်ငံရေးပြဿနာများ" ပါဝင်သည့် စာပေများကို ဖတ်ရှုခြင်းကို အကြောင်းပြချက်တစ်ခုအဖြစ် ကိုးကားဖော်ပြခဲ့ကြသည်။ သို့သော် စာဖတ်သူအများစုမှာမူ ခွင့်ပြုချက်မရရှိထားသော်လည်း အလွန်ရေပန်းစားနေသည့် စာပေအမျိုးအစားများ (အထူးသဖြင့် အမျိုးသားအချင်းချင်း ချစ်ကြိုက်မှုကို ဖော်ပြသည့် တန်းမေ စာအုပ်များနှင့် သဘာဝလွန် ဖြစ်ရပ်ဆန်း စိတ်ကူးယဉ်စာပေများ) ကို နှိမ်နင်းခြင်းကြောင့် ပိုမိုထိခိုက်ခဲ့ကြသည်။ "ခင်ဗျားအနေနဲ့ စာအုပ်ကို ပုံနှိပ်ထုတ်ဝေချင်တယ်ဆိုရင်၊ အချို့အချက်အလက်တွေကို ဖြတ်တောက်ပစ်တာ ဒါမှမဟုတ် ပြောင်းလဲပစ်တာမျိုးတွေ လုပ်ရဖို့ ရှိတယ်" ဟု စာအုပ်ရောင်းချသူတဦးက ဆိုသည်။

 

နောက်ထပ် လမ်းကြောင်းသစ်တခု အဖြစ် တရုတ်နိုင်ငံ ပြင်ပ၌ လွတ်လပ်သော တရုတ်စာအုပ်ဆိုင်များ ပေါ်ထွက်လာခြင်းဖြစ်သည်။ လွတ်လပ်သောအတွေးအခေါ်ကို အားပေးသည့် ကျိဖုန်း စာအုပ်ဆိုင်သည် ၂၀၁၈ ခုနှစ်တွင် ရှန်ဟိုင်းမြို့၌ အတင်းအကျပ် ပိတ်ခိုင်းခြင်းခံခဲ့ရပြီး ၂၀၂၄ ခုနှစ်တွင် ဝါရှင်တန်ဒီစီ၌ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ နိုင်ငံရေးအရ ပိတ်ပင်ထားသောစာအုပ်များကြောင့် လူသိများသည့် Causeway Bay စာအုပ်ဆိုင်သည်လည်း ဝန်ထမ်းငါးဦး အဖမ်းခံရပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် ဟောင်ကောင်မှ ထိုင်ပေသို့ ပြောင်းရွှေ့ခဲ့သည်။ ထို့ပြင် ပြည်မကြီးမှ ပညာတတ်များသည်လည်း တိုကျို၊ ချင်းမိုင်၊ အမ်စတာဒမ်နှင့် အခြားမြို့ကြီးများတွင် လွတ်လပ်သော စာအုပ်ဆိုင်ငယ်လေးများကို ဖွင့်လှစ်ခဲ့ကြသည်။

 

ခြုံငုံသုံးသပ်ကြည့်မည် ဆိုလျှင် တရုတ်တို့၏ စာဖတ်ခြင်းအလေ့အထမှာ (အများစုမှာ အွန်လိုင်းနှင့် ပြည်ပတွင် ဖြစ်နေသော်လည်း) အခြေအနေကောင်းသည်ဟု ဆိုနိုင်ပါသည်။ သို့သော် တရုတ်နိုင်ငံ၏ စာဖတ်ခြင်းမြှင့်တင်ရေး လှုပ်ရှားမှုသစ်တွင် စာဖတ်ခြင်းကို အမှန်တကယ် တန်ဖိုးရှိစေမည့် အချက်များဖြစ်သော—လွတ်လပ်စွာ ထုတ်ဝေခွင့်၊ ပုံစံကွဲမျိုးစုံရှိမှုနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာ စိန်ခေါ်စွန့်စားမှုများ—စသည်တို့မှာ ပျောက်ဆုံးနေသည်။

 

ပါတီသည် လူထုကို စာများများဖတ်စေချင် သော်လည်း အမြင်ကျယ်ကျယ်နှင့် ဘက်စုံ ဖတ်ရှုကြမည်ကိုမူ မလိုလားပေ။

 

(၂၀၂၆ ဧပြီ ၂၇ အီကောနော်မစ် မဂ္ဂဇင်းပါ Xi Jinping wants China to read more—as long as it’s the right books ဆောင်းပါးကို ပြန်လည် တင်ပြသည်။)