ပြီးခဲ့သည့် သင်္ကြန်ကာလ၏ ပျော်ပွဲရွှင်ပွဲများနှင့် ဇာတ်သဘင်များတွင် ပြည်သူတို့ ကြက်ပျံမကျ စည်ကားခဲ့မှုကို ကြည့်၍ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သွေးနားထင် ရောက်နေပုံရသည်။ လူထုက မိမိကို ထောက်ခံလာပြီ၊ စစ်ဖိနပ်အောက်တွင် နေသားတကျ ရှိလာပြီဟု ထင်မြင်လာသည်။
သို့သော် အမှန်တကယ်တွင်မူ ထိုစည်ကားမှုများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုမွန်းကျပ်လာသော ဖိနှိပ်မှုများကြားမှ လူထု၏ ခဏတာ "စိတ်ထွက်ပေါက်" ရှာ ရုန်းကန်မှုများသာ ဖြစ်သည်။
ထိုအတိုင်းပင် ဆက်ရှိနေစေရန် ဖိနှိပ်ထားမှ ဖြစ် မည် ဆိုကာ အာဏာရှင်သည် လူထုကို ၎င်းတို့၏ အနှစ်မရှိသော အတွေးအခေါ်များအောက်သို့ အဓမ္မသွတ်သွင်းရန် ပြင်ဆင်လာသည်။ ၎င်းတို့၏ အာဏာတည်မြဲရေးကို ခြိမ်းခြောက်နိုင်သည့် အရာမှန်သမျှ၊ လူထုကို အလင်းပြနိုင်သည့် အသိပညာမှန်သမျှကို ရန်သူဟု သတ်မှတ်ကာ အမြစ်ပြတ်ချေမှုန်းရန် ကြိုးပမ်းလာသည်။
အသိပညာရှင်၊ အတတ်ပညာရှင်များကို ပစ်မှတ်ထားလာခြင်းမှာ ယင်း၏ ပြယုဒ်ပင် ဖြစ်သည်။ အသက် (၇၁) နှစ်အရွယ်ရှိပြီဖြစ်သော စာရေးဆရာ ဦးတင်ညွန့်ကို လက်ရဲဇက်ရဲ ဖမ်းဆီးလိုက်ခြင်းမှာ "ငါတို့သတ်မှတ်ထားသည့် ဘောင်အတွင်း၌သာ တွေးခေါ်ရမည်" ဟူသော သတိပေးချက်ကို လူထုထံ သွေးအေးအေးဖြင့် ပေးပို့လိုက်ခြင်းဖြစ်သည်။
သမိုင်းကို ပြန်ကြည့်လျှင် ၁၉၃၃ ခုနှစ် နာဇီဂျာမနီလက်ထက်က စာအုပ်များကို မီးပုံရှို့ခဲ့သည့် ဖြစ်ရပ်သည် အသိလိမ္မာ တရား အား သင်းကွပ်မှု၏ အထင်ကရ ပြယုဒ်တခု ဖြစ်ခဲ့သည်။ ထိုစဉ်က ဂျာမန်စာရေးဆရာ ဟိန်းနရစ် ဟိုင်းနား သတိပေးခဲ့ဖူးသည့် "စာအုပ်များကို မီးရှို့သောနေရာတွင် နောက်ဆုံး၌ လူသားများကိုပါ မီးရှို့ကြလိမ့်မည်" ဆိုသော စကားမှာ အခုထက်ထိ တုန်လှုပ်စရာကောင်းလောက်အောင် မှန်ကန်နေဆဲ ဖြစ်သည်။
စာအုပ်များကို ဖျက်ဆီးခြင်းသည် အသိပညာကို သတ်ခြင်းဖြစ်ပြီး၊ အသိပညာကို သတ်ခြင်းသည် လူသားမျိုးနွယ်၏ ဝိညာဉ်ကို သတ်ခြင်းပင် ဖြစ်သည်။ မြန်မာ့မြေပေါ်တွင်လည်း အသိပညာရှင်များကို ဖမ်းဆီးနှိပ်စက်ခြင်းဖြင့် စာအုပ်မီးရှို့ပွဲများ၏ နိဒါန်းကို စတင်နေပြီလားဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ စာအုပ်များ မီးရှို့ခံရပြီးနောက်တွင် လူသားများကိုပါ မီးရှို့မည့် အနိဋ္ဌာရုံများ နောက်ဆက်တွဲ ပါလာတတ်သည်မှာ အာဏာရှင်စနစ်တိုင်း၏ သမိုင်းဆိုးပင် ဖြစ်တော့သည်။
ဩစတေးလျှ နိုင်ငံ ထုတ် The Interpreter စာစောင်မှ ယခုလို သတိပေး ရေးသားလာသည်။
စစ်အုပ်စု သည် ၎င်းတို့၏ ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ ရာထူးရယူမှုကို အပြီးသတ်အတည်ဖြစ်ပြီးသော ကိစ္စရပ် (Fait accompli) အဖြစ် လက်ခံခိုင်းခြင်းဖြင့် ၎င်းတို့၏ ရာဇဝတ်မှုများကို လူထု အား မေ့ပျောက်စေလိုပြီး အသာတကြည် ရှေ့ဆက်သွားစေချင်နေသည်။
သို့သော် ယင်းမှာ စစ်မှန်ပြီး အခွင့်အရေးများကို လေးစားသော ဒီမိုကရေစီကို လိုလားသည့် မြန်မာပြည်သူတို့၏ ဆန္ဒကို ထောင်ဟပ်ခြင်း မရှိပေ။ ဖိနှိပ်မှုကို တွန်းလှန်နေသူများဘက်မှ ရပ်တည်ခြင်းနှင့် စစ်တပ်၏ ဝါဒဖြန့်မှုများကို ပိုမိုပြင်းထန်စွာ တုံ့ပြန်ခြင်းတို့မှာ ကျွန်ုပ်တို့ အလေးထား လုပ်ဆောင်ရမည့် အရာများ ဖြစ်ကြောင်း သတိရသင့်ပါသည်။
ယနေ့တွင် ဥရောပ သမဂ္ဂ အီးယူ မှ မြန်မာ အပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် ထားမှု များ အားလုံးကို ၂၀၂၇ မေလ အထိ ထပ်မံ သက်တမ်း တိုးမြှင့် လိုက်ကြောင်း ကြေညာလိုက်ခြင်းဖြင့် မင်းအောင်လှိုင်၏ သမ္မတ အတု အဖြစ် ဖန်တီးလာသည်ကို ပယ်ချလိုက်ပြီ ဖြစ်သည်။
The beginning is always today.
Mary Wollstonecraft
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!