မင်းအောင်လှိုင် သည် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အစီအစဉ် မရှိ ခဲ့၊ သို့သော် တရုတ် သည် မေလ မှ စ၍ ကုလ လုံခြုံရေး ကောင်စီ ဥက္ကဌ ဖြစ်လာချိန်တွင်တော့ ထို အရေး အတွက် မင်းအောင်လှိုင်အား အနည်းဆုံး တခုခု လုပ်ပေးရန် ညွှန်ကြားလာခဲ့သည်။
ထိုသို့ အစီအစဉ် မရှိ ကမန်းကတန်း ကြံစည်လာခဲ့ရ၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သတင်းများနှင့် ပတ်သက်၍ လူထုအတွင်း ဝေဖန်ဆွေးနွေးမှုများ မြင့်တက်လာနေပြီး ၎င်းတို့အတွက် လွန်စွာ အရေးကြီးသည့် အခြေအနေတရပ် ဖန်တီးလိုက်သလို ဖြစ်လာသည်။
မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ အတု ဖြင့် သမ္မတ ဟု လုပ်လာပြီး နိုင်ငံကို ဒီမိုကရေစီ ပြန်လည် ရရှိလာပြီဟု ကြွေးကြော်နေရင်း ၎င်းတယောက် တည်း ဇာတ်ရှုပ်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည် သည်သာ မြန်မာတို့၏ ဒီမိုကရေစီ အရေး ရုန်းကန်နေမှု ကြီး တွင် အဓိက နေရာ မှ ဆက်လက်ရပ်တည် နေဆဲ ဖြစ်သည်ကို လူထု တရပ်လုံး က လက်ခံထားကြသည်။ မိမိတို့၏ တခုတည်း သော မျှော်လင့်ချက် အဖြစ် ခံယူထားကြသည်။
နေရာတကာ တွင် အလွဲလွဲ အချော်ချော် လုပ်လေ့ရှိသော စစ်ခေါင်းဆောင်များ ကြောင့်လည်း ယခု အခါ သူမအား အကျယ်ချုပ် အဖြစ် ပြောင်းရွှေ့လိုက်ခြင်း နှင့် ပတ်သက်၍ လက်ရှိတွင် သတင်းရင်းမြစ် အမျိုးမျိုးမှ ထွက်ပေါ်နေသော သတင်းများသည် တရားဝင် အတည်ပြုချက်ထက် ခန့်မှန်းချက်များ၊ တဆင့်စကားများ ဖြစ်နေတတ်သဖြင့် လူထုအတွင်း စိုးရိမ်စိတ်နှင့် စိတ်မရှည်မှုများကို ဖြစ်စေသည်။ သတင်းများမှာ မရေမရာ ဖြစ်နေလေလေ၊ လူထု၏ ပေါက်ကွဲလွယ်မှု မှာ ပိုမိုမြင့်တက်လာလေလေ ပင် ဖြစ်သည်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ လက်ရှိတွင် စစ်ရေးပဋိပက္ခများနှင့် ဒွန်တွဲနေပါသည်။ အကယ်၍ လွတ်မြောက်မှု သတင်းသည် "အပေးအယူ" သို့မဟုတ် "နိုင်ငံရေးထွက်ပေါက်" တစ်ခုခုအတွက် အသုံးချခံရသည်ဟု လူထုက ယူဆပါက စိတ်ကျေနပ်မှု မရှိခြင်းမှတဆင့် ဆန္ဒပြမှုများ သို့မဟုတ် ဆန့်ကျင်မှုများ ဖြစ်ပေါ်လာနိုင်ခြေ ရှိ နေသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့် လူထု၏ ယုံကြည်ကိုးစားမှုမှာ အလွန်မြင့်မားဆဲ ဖြစ်သည်။ ထို့ကြောင့် အမှန်တကယ် ဆိုက တင်းမာမှုများကို လျော့ကျစေနိုင် သော်လည်း ၎င်းတို့၏ လုပ်ရပ် သည် သတင်းအမှားများ နှင့် လှည့်စားမှုများဖက် ဦးတည် နေသည်ဟု ယူဆစရာ ဖြစ်လာ၍ လူထု၏ ဒေါသကို ပိုမိုဆွပေးသကဲ့သို့ ဖြစ်လာခဲ့သည်။
လက်ရှိ နယ်မြေအခြေအနေများ၊ လုံခြုံရေး တင်းကျပ်မှုများနှင့် ဖြတ်တောက်မှုများကြောင့် ယခင်ကာလများကဲ့သို့ လမ်းပေါ်ထွက် အုံကြွမှုမျိုး ဖြစ်ရန် ခက်ခဲနိုင်သော်လည်း၊ အသွင်သဏ္ဌာန်မျိုးစုံ ဖြင့် ပေါက်ကွဲထွက်လာနိုင်သည်။
လက်ရှိ အနေအထားသည် သတင်းအချက်အလက် မည်မျှအထိ မှန်ကန်တိကျသလဲ ဆိုသည့်အချက်နှင့် ထိုသတင်းအပေါ် လူထုက မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသလဲ ဆိုသည့်အချက်အပေါ်တွင် များစွာ မူတည်နေပါသည်။ ရှုပ်ထွေးမှုများ များပြားလာခြင်းသည် စိတ်မချရသော အခြေအနေ ကို ဖန်တီးနေခြင်းပင် ဖြစ်သည်။
ယခု အချိန်အထိ ထိုင်း နှင့် တရုတ်မှလွဲ၍ မြန်မာ အရေး စိတ်ဝင်စားသော နိုင်ငံတိုင်းက သတိကြီးစွာ နှင့် စောင့်ကြည့်နေကြပြီး ဒေါ်အောင်ဆန်းစုကြည် အရေး ကို "တိုးတက်မှု" ဆိုသော စကားကို မည်သူမျှ သုံးစွဲ ကြခြင်း မရှိ၊ အာဆီယံထံမှလည်း ကြေညာချက် ထွက်မလာသေး၊ မင်းအောင်လှိုင် အတွက် အခံရ အခက်ဆုံးက ကုလ အတွင်းရေးမှုး ချုပ်၏ ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် အတိုင်ပင်ခံ အဖြစ် ခေါ်ဝေါ်သုံးနှုန်းခဲ့ခြင်းပင် ဖြစ်သည်။ အလားတူ နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်သည့် အီးယူ နှင့် ကနေဒါ တို့က သမ္မတ ဦးဝင်းမြင့်ဟုသာ ဆက်လက် အသိအမှတ်ပြု သုံးနှုံးထားခဲ့သည်။
ဤသည်ကလည်း DVB တွင် ဆောင်းပါးရှင်တဦး ရေးသားခဲ့သလို လူထု ၏ ရွေးကောက်ခံအစိုးရကို ဖယ်ရှားခဲ့သည့် စစ်ဗိုလ်ချုပ်ကပဲ ယခုအခါမှာ "သမ္မတ" ဘွဲ့ခံယူပြီး လွှတ်တော်ထဲ ဝင်ထိုင် နေကာ သူကိုယ်တိုင်ပဲ မတရားဖမ်းဆီးချုပ်နှောင်ခဲ့သည့် သမ္မတကို ပြန်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလာမှုသည် ဟန်ပြသဘောသက်သက် ဖြစ်သလို တဖက်တွင်လည်း မဟာဗျူဟာမြောက် ကစားကွက်တခု အဖြစ် အခန်းကျဉ်း မှ အခန်းကျယ် သို့ ရွှေ့ပေးခြင်းသာ ဖြစ်နေသည်ကို သိရှိနေကြသော ကြောင့်ပင် ဖြစ်သည်။
မြန်မာ့ အရေး လေ့လာသုံးသပ်သူ ဦးဂျိမ်းရွှေက လက်ရှိ အမှန်တရားသည်က ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံနေရသရွေ့ သူမသည် လွတ်လပ်သူ မဟုတ်။ ပြည်သူ တရပ်လုံးကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိရုန်းကန်လှုပ်ရှားမှုသည်လည်း နိုင်ငံသစ်တစ်ခုကို တည်ဆောက်ရန် မျှော်လင့် ချက် အပြည့်ဖြင့် ကြိုးပမ်းနေကြချိန် ဖြစ်ပြီး၊ တဖက်တွင် စစ်ခေါင်းဆောင်များသည် ၎င်းတို့၏ ဟောင်းနွမ်းနေသည့် စာအုပ် ဟောင်းကြီး အတိုင်း လူသား မျက်နှာဖုံး စွပ်ကာ ၎င်းတို့ အသက်ရှု ပေါက် ချောင်မည့် အစဉ်အလာဟောင်းကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းနေခြင်းသာ ဖြစ်သည်။ သို့သော် ပြည်သူများ တသက်လုံး ကျုံးရုံး ခံနေကြရသည့် မတရားမှုများကတော့ ယခင် အတိုင်းပင် ဆက်ရှိနေဦးမည် ဖြစ်သည်ဟု အေးရှားတိုင်းမ် တွင် ထောက်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဘေးကင်းလုံခြုံရေးနှင့် နောက်ဆုံး တွင် ၎င်းတို့ လက်မှလွတ်မြောက် လာရေး အတွက် ကြိုးပမ်းပေး သွားခြင်းသည်၊ သူမကို ဂုဏ်ပြုရာရောက်သလို၊ သမိုင်းစာမျက်နှာထက် တွင် ကဗ္ဗည်း မတင် နိုင်လောက် အောင် များပြားလွန်းလှသည့် စွန့်လွှတ် စွန့်စား အနစ်နာခံခဲ့ကြသူများကို မျက်ကွယ်ပြုရာလည်း ရောက်မည် မဟုတ်ဟု ဆိုသည်။
သတင်းစာမျက်နှာ များတွင် နောက်ထပ် ပွက်လော ရိုက်လာသည်က တရုတ် သည် မြန်မာ နယ်နမိတ်ကို ကျူးကျော်ပြီး ခြံစည်းရိုး ကာလာခြင်းပင် ဖြစ်သည်။
တရုတ်အာဏာပိုင်များသည် နယ်စပ်တစ်လျှောက် “တောင်ဘက် မဟာတံတိုင်း” (Southern Great Wall) ဟု အမည်ပေးထားသည့် အကြီးစား အခြေခံအဆောက်အအုံ စီမံကိန်းတစ်ရပ်ကို စတင်ခဲ့သည်။ ၂၀၂၁ ခုနှစ်အရောက်တွင် ခိုင်ခံ့သော နယ်စပ်ခြံစည်းရိုး ကီလိုမီတာ ၆၀ဝ ကျော်ကို အလျင်အမြန် တည်ဆောက်ခဲ့ပြီး၊ ယင်းလုပ်ရပ်သည် ၁၉၆၀ ပြည့်နှစ် တရုတ်-မြန်မာ နယ်နိမိတ်စာချုပ်နှင့် ၁၉၆၁ ခုနှစ် နောက်ဆက်တွဲစာချုပ် (Protocol) တို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်သည်။
အဆိုပါ စာချုပ်များအရ နယ်နိမိတ်မျဉ်းတစ်လျှောက်တွင် ၁၀ မီတာ (၃၃ ပေခန့်) အကျယ်ရှိသော ကြားခံဇုန် (Buffer Zone) ထားရှိရန်နှင့် အမြဲတမ်း အဆောက်အအုံများ မဆောက်လုပ်ရန် တားမြစ်ထားသည်။
ယခုအခါ ခြံစည်းရိုးများမှာ ဝ (UWSA) နှင့် ကိုးကန့် (MNDAA) နယ်မြေများအတွင်းအထိ သိသာထင်ရှားစွာ ရောက်ရှိနေသော်လည်း ၎င်းတို့ထဲမှ တဖွဲ့ တလေကမျှ ကန့်ကွက်ခြင်း မပြုရဲကြ။ ထို့အတူပင် နေပြည်တော်ရှိ စစ်ခေါင်းဆောင်များလည်း ရေငုံနှုတ်ဆိတ်နေကြရ၍ ယင်းသည် ဘီဂျင်း အပေါ် အလုံးစုံ မှီခိုနေရမှုကြောင့် တရုတ်၏ ကျူးကျော်ဝင်ရောက်မှုများကို တုံ့ပြန်ရန် အစွမ်းအစ ကင်းမဲ့နေခြင်းကို မီးမောင်းထိုးပြနေသည်ဟု ဧရာဝတီ တွင် ရေးသားထားသည်။
ပုံတွင် ဖေါ်ပြထားသည်က နယူးယောက် တိုင်းမ် သတင်းစာ ဆောင်းပါးတွင် ပူးတွဲ ဖေါ်ပြထားသော သတင်း ဓါတ်ပုံ ပင် ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!