အခန်း (၁၄)
ဘဝသည် လျင်မြန်စွာ စီးဆင်းနေ၏။ နေ့ရက်တိုင်းသည် ထူးခြားဆန်းသစ်မှုတို့ဖြင့် အရောင်အသွေး စုံလင်နေသည်။ နေ့သစ်တိုင်းက အသစ်အဆန်းတခုခုကို ယူဆောင်လာလေ့ရှိပြီး ထိုအသစ်အဆန်းများကလည်း အမေ့အတွက် ထိတ်လန့်စရာ မကောင်းတော့ပြီ။ ညနေခင်းများတွင် အိမ်သို့ သူစိမ်းများ ခပ်စိပ်စိပ် ရောက်လာတတ်ကြသည်။ သူတို့သည် အန်ဒရေးနှင့်အတူ လေးနက်တည်ကြည်သော အမူအရာများဖြင့် တိုးတိုးတိတ်တိတ် စကားပြောကြ၏။ ညဉ့်နက်သော်အခါမှ အင်္ကျီကော်လာများကို ထောင်၊ ဦးထုပ်များကို မျက်နှာပေါ်အုပ်မိုးလျက် အမှောင်ထုထဲသို့ တိတ်တဆိတ်၊ ဝင်ရောက် ပျောက်ကွယ်သွားကြလေ၏။
သူတို့အားလုံးသည် ရင်ထဲက ဖျတ်ဖျတ်လူး နေပုံရသော စိတ်လှုပ်ရှားမှုတစ်ခုကို ထိန်းချုပ်ထားရပုံရှိပြီး အချိန်သာရလျှင် သီချင်းဆို၍ ရယ်မောပစ်လိုက်ချင်သည့် အသွင်မျိုး ရှိကြသည်။ သူတို့ကြည့်ရသည်မှာ အမြဲလို လော လော ဖြစ်နေကြ၏။ နောက်ပြောင်တတ်သူဖြစ်စေ၊ တည်ကြည်သူဖြစ်စေ၊ ခွန်အားသစ်များ ပြည့်လျှံနေသည့် ပွင့်လင်းရွှင်ပျသော လူငယ်ဖြစ်စေ၊ သို့မဟုတ် အတွေးပွားတတ်ပြီး ငြိမ်သက်သူဖြစ်စေ... သူတို့အားလုံးသည် အမေ့မျက်စိထဲတွင်တော့ ခိုင်မာလှသော ယုံကြည်ချက်ချင်း တူညီနေကြသူများသာ ဖြစ်သည်။
သူတို့တစ်ဦးချင်းစီတွင် ကိုယ်ပိုင်ရုပ်ရည် အသွင်အပြင်များ ရှိကြသော်လည်း အမေ့အတွက်မူ ထိုမျက်နှာအားလုံးသည် တခုတည်းအဖြစ် ရောယှက်သွားတော့သည်။ ထိုမျက်နှာမှာ ခိုင်မာပြတ်သားပြီး တည်ငြိမ်လှပြီး နက်မှောင်သော မျက်လုံး အစုံတွင်လည်း အမ္မဦး (Emmaus) သို့ ကြွမြန်းစဉ်က ခရစ်တော်၏ မျက်ဝန်းများကဲ့သို့ ကြင်နာမှုနှင့် လေးနက်မှု တို့ ရောယှက်နေသည့် နက်ရှိုင်းသော အမူအရာများ ကိန်းအောင်းနေလေသည်။
အမေသည် သူတို့ကို ရေတွက်ကြည့်ပြီးနောက် စိတ်ကူးထဲတွင် ပါဗယ်လ်၏အနား၌ တစုတဝေးတည်း စုစည်းပေးလိုက်သည်။ ထိုလူအုပ်ထဲ ရောက်သွားသော ပါဗယ်လ်သည် ရန်သူတို့၏မျက်စိအောက်မှ ပျောက်ကွယ်သွားလေတော့သည်။
တနေ့သော် မြို့ထဲမှ တက်ကြွဖျတ်လတ်ပြီး ဆံပင်ကောက်ကောက်နှင့် မိန်းကလေးတစ်ယောက် ရောက်လာသည်။ သူမက အန်ဒရေးအတွက် ပါဆယ်ထုပ်တခု ယူဆောင်လာခဲ့ခြင်းဖြစ်ပြီး၊ ပြန်ခါနီးတွင် သူမ၏ ရွှင်ပျနေသော မျက်ဝန်းများ ဖြင့် အမေကို ကြည့်ကာ "သွားတော့ မယ် ရဲဘော်!" ဟု ပြောလိုက်သည်။ "နှုတ်ဆက်ပါတယ်ကွယ်ဟု အမေက ပြုံးမိတော့မလို ဖြစ်သွားသည့် အမူအရာကို ထိန်းရင်း ပြန်ပြောလိုက်၏။
ထိုမိန်းကလေးကို တံခါးဝအထိ လိုက်ပို့ပြီးနောက်၊ အမေသည် ပြတင်းပေါက်နားသို့ လျှောက်သွားပြီး ပြုံးလျက် လမ်းပေါ်သို့ ငေးကြည့်နေမိသည်။ နွေဦးပေါက်ပန်းကလေးတစ်ပွင့်ကဲ့သို့ လန်းဆန်းကာ လိပ်ပြာကလေးတစ်ကောင်လို ပေါ့ပါးလှသော၊ ရဲဘော်မလေးသည် ခြေလှမ်းကျဲကျဲ၊ သွက်လက်မြန်ဆန်စွာဖြင့် ထွက်ခွာသွားသည်ကို ကြည့်ကာ ကျန်ရစ်ခဲ့လေသည်။
ရဲဘော်..." ဟု အမေသည် သူမ၏ ဧည့်သည် မြင်ကွင်းမှ ပျောက်ကွယ်သွားသောအခါ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ "အို... ကလေးမ လေး ရယ်၊ တစ်သက်လုံး မင်းကို ဖေးမကူညီမယ့် ရဲဘော်ကောင်း တစ်ယောက်ကို ဘုရားသခင် ပေးသနားပါစေတော်..."
မြို့က လာသည့် ထိုလူငယ်များတွင် ကလေးဆန်သော အမူအရာလေးများကို အမေ မကြာခဏ သတိပြုမိတတ်သည်။ ထိုအခါမျိုးတွင် လူကြီးသူမတို့၏ စာနာနားလည်သော အပြုံးဖြင့် သူမ ပြုံးမိတတ်သော်လည်း တစ်ဖက်တွင်မူ ထိုသူတို့၏ ယုံကြည်ချက် ခိုင်မာပုံကို ပို၍ပို၍ ရှင်းလင်းစွာ မြင်တွေ့လာရသည့်အတွက် ကြည်နူးအံ့သြမိရပြန်သည်။
တရားမျှတမှုက အောင်ပွဲခံရမည်ဟူသော သူတို့၏ စိတ်ကူးအိပ်မက်များက အမေ့ကို ဆွဲဆောင်ညှို့ယူထားပြီး သူမ၏ နှလုံးသားကိုလည်း နွေးထွေးစေခဲ့သည်။ အနာဂတ်တွင် ရရှိမည့် အောင်ပွဲများအကြောင်း သူတို့ ပြောပြသည်ကို နားထောင်နေရင်းဖြင့် အမေသည် မသိစိတ်ထဲမှ လေးလံသော သောကတစ်ခုဖြင့် သက်ပြင်းကို အလိုလို ချမိတတ်သည်။
သို့သော် သူမစိတ်ကို အထိမိဆုံးဖြစ်စေသည်မှာ ထိုသူတို့၏ ရိုးသားဖြူစင်မှု၊ မိမိကိုယ်ကျိုးအတွက် လုံးဝထည့်မတွက်ဘဲ အရာရာကို ရက်ရက်ရောရော စွန့်လွှတ်ရဲသည့် သူတို့၏ မြင့်မြတ်သော လှပသည့် စိတ်ထားများပင် ဖြစ်လေတော့သည်။
သူတို့ ဘဝအကြောင်း ပြောဆိုဆွေးနွေးနေကြသည်များကို သူမသည် များစွာနားလည်သဘောပေါက်လာခဲ့ပြီ ဖြစ်သည်။ လူတို့ ဆင်းရဲဒုက္ခများ၏ တကယ့်အရင်းအမြစ်ကို သူတို့ရှာဖွေတွေ့ရှိသွားကြပြီဟုလည်း သူမခံစားရသည်။ ထို့ကြောင့်ပင် သူတို့၏ အတွေးအခေါ်များကို သဘောတူလက်ခံခြင်းသည် သူမအတွက် အလေ့အထတစ်ခုလို ဖြစ်လာခဲ့သည်။
သို့သော်လည်း သူမ၏ ရင်ထဲ၌မူ သူတို့၏ စိတ်ကူးစိတ်သန်းများအတိုင်း လောကကြီးတခုလုံးကို ပြောင်းလဲပစ်နိုင်မည်၊ သို့မဟုတ် အလုပ်သမားထုကြီးတရပ်လုံးကို သူတို့၏ မီးပုံဘေးသို့ စုရုံးရောက်ရှိလာအောင် စွမ်းဆောင်နိုင်မည်ဟု လုံးလုံးလျားလျား မယုံကြည်နိုင်သေးပေ။ လူတိုင်းသည် ယနေ့တွင် ဗိုက်ဝချင်ကြသူများသာဖြစ်ကြောင်း သူမ သိထားသည်။ မည်သူကမျှ မိမိတို့၏ ထမင်းဝိုင်းကို တပတ်လောက်အထိ အောင့်အည်းသည်းခံပြီး ရွှေ့ဆိုင်းထားချင်ကြမည်မဟုတ်ဘဲ ရသမျှကို ချက်ချင်းသာ စားပစ်ချင်ကြသူများ ဖြစ်သည်။
ရှည်လျားခက်ခဲလှသော ထိုခရီးလမ်းကို လျှောက်လှမ်းရန် သဘောတူမည့်သူမှာ အနည်းငယ်သာ ရှိနိုင်ပေလိမ့်မည်။ ထို့ပြင် ခရီးဆုံးတွင်ရှိသော "လူသားအားလုံး ညီနောင်များဖြစ်ကြသည့် ကတိတော် ထားသည့် အရိပ်မြုံ" ကိုလည်း လူတိုင်း၏မျက်စိက မြင်နိုင်စွမ်းရှိကြသည်မဟုတ်ပေ။ ထို့ကြောင့်ပင် ထိုလူကောင်းလေးများသည် မုတ်ဆိတ်ဗရပွနှင့် ပင်ပန်းနွမ်းနယ်နေသော မျက်နှာများ ရှိကြသော်လည်း သူမ၏အမြင်တွင်မူ ကလေးသူငယ်လေးများသဖွယ်သာ ထင်မှတ်နေမိတော့သည်။
"ဪ... ချစ်ရတဲ့ ကလေးတို့ရယ်" ဟု သူမက ခေါင်းတခါခါဖြင့် တွေးနေမိသည်။
သို့သော် ယခုအခါ သူတို့အားလုံးသည် ကောင်းမွန်၍ အဓိပ္ပာယ်ရှိပြီး အသိတရားရှိသော ဘဝများကို ပိုင်ဆိုင်နေကြပြီဖြစ်သည်။ သူတို့အားလုံးသည် အများကောင်းကျိုးအတွက် ပြောဆိုလုပ်ကိုင်နေကြပြီး၊ မိမိတို့သိထားသော အသိပညာများကို တပါးသူအား သင်ကြားပြသပေးလိုသော ဆန္ဒဖြင့် မိမိကိုယ်ကိုပင် မငဲ့ကွက်ဘဲ စွမ်းဆောင်နေကြသည်။ ဘေးအန္တရာယ်များ ရှိနေသော်ငြားလည်း ထိုသို့သော ဘဝမျိုးကို ချစ်မြတ်နိုး၍ ဖြစ်နိုင်သည်ဆိုသည်ကို သူမ နားလည်သွားသည်။
ထို့နောက် သူမသည် သက်ပြင်းတစ်ချက်ချရင်း ပျင်းရိငြီးငွေ့ဖွယ်ကောင်းကာ အဓိပ္ပာယ်မဲ့သော အနက်ရောင်ချည်မျှင်တစ်မျှင်ကဲ့သို့ တရွတ်တိုက်ဖြတ်သန်းခဲ့ရသည့် သူမ၏ အတိတ်နေ့ရက်ဟောင်းများကို ပြန်လှန် သုံးသပ်မိပြန်သည်။
ယခုဘဝသစ်တွင် သူမသည် အသုံးဝင်သောသူတစ်ယောက် ဖြစ်လာသည်ဟူသော အသိစိတ်က အမေကို မသိမသာ လွှမ်းမိုးလာခဲ့သည်။ ထိုအသိစိတ်က သူမကို တည်ငြိမ်မှုနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတို့ကို ပေးစွမ်းသည်။ သူမသည် ယခင်က မည်သူတဦးတယောက်အတွက်မှ မရှိမဖြစ် လိုအပ်သော သူတစ်ယောက်အဖြစ် တခါမျှ မခံစားခဲ့ရဖူးချေ။
သူမ၏ ခင်ပွန်းနှင့်အတူ နေထိုင်ခဲ့စဉ်က သူမသာ သေဆုံးသွားခဲ့လျှင် သူသည် အခြားမိန်းမတစ်ယောက်နှင့် လက်ထပ်လိမ့်မည်ဆိုသည်ကို သူမ သိသည်။ သူနှင့်အတူနေ၍ ထမင်းဟင်းချက်ကျွေးမည့်သူမှာ ဆံပင်အမည်းရောင်ဖြစ်စေ၊ ဆံပင်အနီရောင်ဖြစ်စေ သူ့အတွက်တော့ အတူတူပင်ဖြစ်သည်။ သားဖြစ်သူ ပါဗယ်လ် အရွယ်ရောက်လာပြီး လမ်းပေါ်တွင် ပြေးလွှားဆော့ကစားနိုင်လာသည့်အခါတွင်လည်း သားဖြစ်သူအတွက် သူမသည် မလိုအပ်တော့ဟု သူမ မြင်ခဲ့သည်။
သို့သော် ယခုအခါတွင်မူ သူမသည် ကောင်းမွန်သော အလုပ်တစ်ခုတွင် ပါဝင်ကူညီနေရသည်ဟု ခံစားနေရပြီဖြစ်သည်။ ဤအတွေ့အကြုံမှာ သူမအတွက် အသစ်အဆန်းဖြစ်ပြီး ကြည်နူးစရာလည်း ကောင်းလှသည်။ ဤအသိစိတ်ကပင် သူမ၏ခေါင်းကို မားမား မတ်မတ် ရှိနေစေခဲ့တော့သည်။
စက်ရုံထဲသို့ စာ စောင် များကို မှန်မှန်သယ်ဆောင်သွားရန်မှာ မိမိ၏တာဝန်ဖြစ်သည်ဟု သူမ ယူဆထားသည်။ စင်စစ်အားဖြင့် သူမသည် လူမိမခံရစေရန်အတွက် နည်းလမ်းအမျိုးမျိုးကိုပါ ကြံဆဖန်တီးထားသေးသည်။
စက်ရုံဝင်းအတွင်း သူမ၏အသွားအလာကို မျက်စိယဉ်နေပြီဖြစ်သော သူလျှိုများသည်လည်း သူမကို သိပ်ပြီး သတိမထားမိကြတော့ပေ။ စက်ရုံအတွင်း လက်ကမ်းစာစောင်များ ပျံ့နှံ့သွားပြီးနောက် နောက်တနေ့ကျမှသာ သူမသည် အစစ်ဆေးခံရလေ့ရှိသည်။
သူမ၏ကိုယ်ပေါ်တွင် စာ စောင် များ မရှိသည့်အချိန်မျိုး၌ အစောင့်များနှင့် သူလျှိုများက သူမကို သံသယဝင်လာပြီး စစ်လား ဆေးလား လုပ်လာ အောင် မည်သို့လုပ်ရမည်ကို သူမ ကောင်းကောင်းသိသည်။ သူတို့က သူမကို တားဆီးစစ်ဆေးသည့်အခါ သူမက စော်ကားခံရသယောင် ဟန်ဆောင်ကာ ပြန်လည်ရန်တွေ့တတ်သည်။ ထို့နောက်တွင်မှ သူမ၏ လိမ္မာပါးနပ်သော ပရိယာယ်အတွက် ဂုဏ်ယူကာ မျက်နှာလေးနီလျက် ထွက်သွားတတ်သည်။ သူမသည် ဤကစားပွဲ၏ အရသာကို စတင်နှစ်သက်သဘောကျလာလေတော့သည်။