ရွေးကောက်ပွဲ

by Hla Soewai - Sep 20 2020

ကော်ရိုနာ ဗိုင်းရပ်စ် ပိုး ဖြစ်ပွားမှု နှုန်း မြင့်တက်လာနေသဖြင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် တောင်းဆိုမှုများ ရှိသော်လည်း လောလောဆယ် အနေအထားအရ ဆက်လက် ပြုလုပ်သွားဖွယ် ရှိနေပေသည်။

 

တောင်းဆိုသူများမှာ ပြည်သူများ၊ မြို့ပြ အဖွဲ့အစည်းများ မှလည်း မဟုတ်ဘဲ လာမည့် ရွေးကောက်ပွဲတွင် မည်သို့မျှ အခြေမလှ တော့သည့် ပါတီများမှ ဖြစ်နေပေသည်။ ၎င်းတို့အဖို့က ထိုသို့ အခြေမလှမှုကို သိနေကြ၍ စစ်ဝါဒီများထံ သွားရောက်ကြပြီး ရွေးကောက်ပွဲ ရလဒ်ကိုပင် အသိအမှတ် မပြုရန် စကားဦး သန်းခဲ့ကြသူများ ဖြစ်နေ၍ ၎င်းတို့ အရေး ရှေ့တန်း တင်ကြသည်ဟု ပြည်သူတို့၏ ယုံကြည်ကိုးစားမှု အရာတွင် သုံည အဆင့်သာ ရှိနေသူများ ဖြစ်သည်။

 

ပြည်သူ့ အတိုက်အခံ ပါတီကြီးဆိုလျှင် ကိုဗစ် ဖြစ်နေဆဲမှာပင် ရွေးကောက်ပွဲရက်ကို မကြေငြာ၍ ဟုဆိုကာ ပူညံပူညံ လုပ်ခဲ့ကြသည်ကို တိုင်းသိပြည်သိပင် မဟုတ်ပါလော။

 

အဓိက အတိုက်အခံ ပါတီကြီး ဆိုက ၎င်းတို့ အာဏာရရှိနေစဉ်တွင် နာဂစ်မုန်တိုင်းကြီးကြောင့် လူပေါင်း ၁၃၄,၀၀၀ ခန့် သေဆုံးခဲ့ရသည့် အဖြစ်ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အလံတိုင်ဝက် လွှင့်ထူရန် သတိမရခဲ့ကြသည့်အပြင် ၎င်းတို့ တဖက်သတ်ရေးဆွဲခဲ့သော ဖွဲ့စည်းပုံကိုပင် အတင်းအကျပ် အတည် ပြုခိုင်းခဲ့ကြသူများက ယခုအခါ လူထုကို စာနာပါဟု အသံကောင်း ဟစ်လာနေမှုကို မည်သူကမျှ အရေးမထားကြတော့သည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။

 

လက်ရှိ ရွေးကောက်ပွဲတွင် ၎င်းတို့ အားလုံးပေါင်း လျှင် အမတ်နေရာ နှစ်ဒါဇင်မျှ ရလျှင်ပင် ကံကောင်းလှသည့် အနေအထား ဖြစ်နေသည်။ ၎င်းတို့ကို မဲထည့်ကြသူများ အဖို့လည်း ၎င်းတို့ မဲပေးလိုက်သော လွှတ်တော် အမတ်သည် လွှတ်တော်ထဲတွင်ထိုင်ကာ စစ်တပ်နှင့်အတူ ထိုင်ထလုပ်ရင်း တလ ဆယ်သိန်းဆိုသော လစာငွေကို ရရှိနေပါပေါ့လားဟု မုဒီတာ ပွားနိုင်ရုံကလွဲ၍ အခြား မည်သည့် အကျိုးမျှ ခံစားနိုင်ဖွယ် မရှိပေ။

 

ယခု ညွှန်ပေါင်းဆိုသည်ကလည်း နိုင်ငံတကာတွင် မရှိမဟုတ်၊ ရှိခဲ့ဖူးသည်။ သို့သော် ထိုသို့သော ပါတီများက ကိုယ်တိုင် စီမံခန့်ခွဲနိုင်စွမ်း ရှိပြီး လုပ်ခဲ့ဖူးသည့် အစဉ်အလာများလည်း ရှိကြသူများဖြစ်သည်။ မဲအများစု မရ၍သာ မဖြစ်မနေ ပေါင်းစည်းခဲ့ကြရခြင်းမျိုး ဖြစ်သည်။ မြန်မာ ညွှန်ပေါင်း ဆိုသည်က တိုင်းပြည်ကို အုပ်ချုပ်ခဲ့ဖူးဖို့ဝေးစွ၊ နိုင်ငံရေး ဆိုသည်ပင် ဘူးလုံး နားမထွင်း ဖြစ်နေသူများ စုပေါင်းကာ ထင်ရာမြင်ရာ အတွေးအခေါ်များနှင့် လက်တည့်စမ်းမည့်သူများ စုဝေးလာကြခြင်းမျိုး ထက် မပိုပေ။ ညီညွတ်ကြဖို့ ဆိုသည်ကား ဝေးစွပင်၊ ၎င်းတို့ လာရောက် စုဝေးကြခြင်းမှာလည်း ညီညွတ်သော စိတ်ထားဖြင့်မဟုတ်၊ ဘုံရန်သူဟု ယူဆထားသော ပြည်သူ့ပါတီကြီး ကို ဝမ်းဘိုင်ဝမ်း မဆွဲနိုင်၊ မယှဉ်နိုင်၍ ညွှန်ပေါင်းဆိုသည့် စကားလုံးကို ရေလဲသုံး လာကြခြင်းမျိုးသာ ဖြစ်သည်ကို စဉ်းစားဉာဏ်ရှိသော လူတိုင်း ရိပ်စားမိခဲ့သည်သာ ဖြစ်သည်။ စစ်တပ်ကလည်း ထိုသို့သော မအူမလည်များကိုသာ အလိုရှိနေသည် မဟုတ်ပါလော။

 

လွန်ခဲ့သော နှစ်လ ခန့်ကမူ NLD ၏ အနေအထားသည် နိုင်ရုံမျှသာ ရှိနိုင်သော်လည်း စစ်ဝါဒီများ ပါးစပ်က တခွန်းထွက်တိုင်း ကြောက်လန့်တကြား ဖြင့် NLD ဖက်သို့ မဲများ ပြို၍ ပြို၍ ဆင်းလာကြသည်။ ယခုအခါ NLD သည် သောင်ပြိုကမ်းပြို နိုင်ဖို့သာ ရှိပေတော့သည်။

 

ထိုအခြေအနေများကို သိရှိလာကြသော ပြည်သူ့သဘောထား ဆန့်ကျင်ရေး ပါတီများသည် ညွှန်ပေါင်းနှင့် လည်း တိုးမရ ဖြစ်လာကာ ရွေးကောက်ပွဲ ကို နောက်ထပ် ရက် ၆၀ ခန့် ရွှေ့ဆိုင်းရန် မျက်ကလူးဆန်ပြာ တောင်းဆို လာကြခြင်း သာ ဖြစ်သည်။

 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၎င်းတို့၏ တောင်းဆိုချက်ကို ပယ်ချခဲ့ပြီး ကျန်းမာရေး ဌာနမှ ညွှန်ကြားချက်များ နှင့် အညီသာ ဆုံးဖြတ် လုပ်ကိုင်သွားမည်ဟု ပြောခဲ့ပေသည်။

 

မြန်မာသည် တလအတွင်း ကူးစက်ခံရသူ ၃,၅၀၀ သာ ရှိသေးသဖြင့် ပြင်းထန်စွာ ထိခိုက်ခြင်း မရှိသေးဟု လေ့လာသူများက သုံးသပ်ကြသည်။ ထို့အပြင် စစ်အစိုးရ အဆက်ဆက် က ကျန်းမာရေး စောင့်ရှောက်မှုများကို ပေယျာလကံ ပြုခဲ့သည့် အကျိုးဆက်များကို ခံစားနေကြရပြီဟုပင် ဝေဖန်ခဲ့ကြပြန်သည်။

 

NLD ကမူ ရွေးကောက်ပွဲ ကော်မရှင်နှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်ကို လိုက်နာမည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်ပင် ပထမဆုံး မဲဆွယ်ပွဲ အခမ်းအနားကို သိုသိုသိပ်သိပ် ပြုလုပ်သွားခဲ့သည်။

 

NLD ပြောခွင့်ရ ဒေါက်တာ မျိုးညွန့်ကမူ တလ၊ တလခွဲလောက် ရွှေ့ဆိုင်းရုံဖြင့် ပိုပြီး ထူးလာမည် မထင်ကြောင်းနှင့် အခြေအနေများ ဆိုးဆိုးဝါးဝါး ထပ်ဖြစ်မလာခဲ့လျှင် ကျင်းပသင့်သည်ဟု ယုံကြည်ကြောင်း ပြောခဲ့သည်။

 

ရွေးကောက်ပွဲ ကော်မရှင်သည်သာ ရွေးကောက်ပွဲကို လုံခြုံရေး နှင့် သဘာဝ အန္တရာယ်များအား အကြောင်းပြုပြီး ရွှေ့ဆိုင်းခွင့်အာဏာ ရရှိထားသည်။ သို့သော် နှစ်လထက် ပို၍ ရွှေ့ဆိုင်း၍ကား မရတော့။ စစ်အစိုးရ၏ ဖွဲ့စည်းပုံ ကိုယ်နှိုက်က ဇန်နဝါရီ ၃၁ ရက်တွင် လက်ရှိ လွှတ်တော် သက်တမ်း ကုန်ဆုံးပြီ ဖြစ်၍ အသစ်ဖွဲ့စည်း ပေးရတော့မည် ဖြစ်ပြီး ထိုအချက်နှင့် ပတ်သက်သော “ အကယ်၍” ဆိုသည် က ပါရှိ မလာခဲ့ပေ။

 

မြန်မာအား အမြဲတမ်းလို ထစ်ကနဲရှိ ဝေဖန်ရေးသားလေ့ရှိသည့် ပြည်ပ သတင်းမီဒီယာများကလည်း စကားဦး သန်းခြင်းမျိုးပင် မတွေ့ရ။ ကြိမ်းသေပေါက် အနိုင်ရမည် သိထားသော slam dunk ရွေးကောက်ပွဲမျိုးကိုပင် ကျင်းပနေကြသည်ကို သိထားကြ၍ ဖြစ်မည်။

 

ရွေးကောက်ပွဲ ကော်မရှင်မှ လူချင်း ခွာနေရန် ညွှန်ကြားချက် ကို လိုက်နာသည့် အနေဖြင့် ဗိုင်းရပ် အထိခိုက်ခံရဆုံး ရန်ကုန်တွင် မဲရုံ နောက်ထပ် ၆၀၀ ခန့် တိုးချဲ့ဖွင့်လှစ်သွားမည်ဟု မီဒီယာများကို ပြောကြားခဲ့သည်။ ပါတီများကိုလည်း မျက်နှာစီးများ၊ လက်အိတ်များ နှင့် လက်ဆေးရေ များ ဝယ်ယူ စရိတ်ကို အသုံးစရိတ်ထဲ ထည့်ရန်မလိုဟုလည်း ညွှန်ကြားခဲ့ပြီး ဖြစ်သည်။

 

သက်တမ်းကုန်၍ နေသော်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်သော အစိုးရမျိုးကို ကမ္ဘာ အမြင်တွင် တရားဝင်ရပ်တည်ပိုင်ခွင့် legitimacy ဆုံးရှုံးရမည့် အရေး ကလည်း ရှိနေပြန်သည်။

 

ရွေးကောက်ပွဲ ကိစ္စနှင့် ပတ်သက်၍ နိုင်ငံ၏အကျိုးစီးပွား အတွက် ရဲရင့်ပြတ်သားစွာ လုပ်ကိုင်ရဲသော၊ လက်ရှိ အကျပ်အတည်း ကြီး၏ စိန်ခေါ်မှုများကို နိုင်ငံသားများ အား အမြဲလို ရှင်းလင်း ပြောပြလေ့ရှိသော၊ ထိုသို့ သော အကျပ်အတည်းကြီး အတွက် လိုအပ်သလို ရင်ဆိုင် ဖြေရှင်းနိုင်စွမ်း ရှိသော၊ ခေါင်းဆောင်မှု အရည်အချင်း အပြည့်အဝရှိနေသည့် ပြည်ထောင်စုမိခင်ကြီးသည် ရှေ့တွင် မားမားမတ်မတ် ရှိနေပြီ ဖြစ်၍ နိုင်ငံသားအားလုံးက ရိုက်ခတ်လာသော လှိုင်းတံပိုးများ ကြားတွင် သူမ၏ ဆုံးဖြတ်ချက် ကိုသာ လိုက်နာရန် အသင့်ရှိနေကြပြီ ဖြစ်သည်။

 

ပြည်သူများ ကလည်း ညွှန်ပေါင်းကြောင့်ဖြစ်စေ၊ အခြား မည်သည့် အကြောင်းကြောင့် ဖြစ်စေ ဒီမိုကရေစီ ဆုံးရှုံးသွားပါက ပြန်လည်ရရှိရန် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ရပေဦးမည် ဆိုသည်အားလည်း သိနားလည် ထားကြပြီး ဖြစ်ပေသည်။