အွန်လိုင်း ပေါ်တွင် အနိုင်ရနေသော အီရန်

by Hla Soewai - Apr 27 2026

ပြီးခဲ့သည့် ဆယ်စုနှစ်များက လူသတ်အုပ်ချုပ်နေသည့် အရှေ့အလယ်ပိုင်း အာဏာရှင်စနစ်များ၏ ဝါဒဖြန့်ချိရေးအား ယုံကြည်လက်ခံနိုင်သူ မရှိသ‌ လောက်ပင် ဖြစ်သည်။ ၂၀၀၃ ခုနှစ် အတွင်း အမေရိကန်တပ်ဖွဲ့များ အီရတ်မြို့တော်ထဲသို့ ချဉ်းနင်းဝင်ရောက်လာချိန်တွင် ဆက်ဒမ် ဟူစိန်၏ ပြန်ကြားရေးဝန်ကြီး မိုဟာမက် ဆာအိဒ် အယ်လ်-ဆာဟပ်သည် အဆောက်အအုံ အမိုးတခုပေါ်မှာ ရပ်ပြီး "ဘဂ္ဂဒက်မြို့ဟာ လုံခြုံပါတယ်။ ဘာသာမဲ့တွေဟာ မြို့တံခါးဝမှာ ရာနဲ့ချီပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေနေကြပါတယ်" ဟု ပြောဆိုခဲ့သည်။ ထိုမျှမက သေး "ဘုရားသခင်က သူတို့ရဲ့ ဗိုက်တွေကို ငရဲမှာ မီးကင်ပစ် နေပြီ" ဟုလည်း ထပ် ပြောခဲ့ပြန်သည်။ ၎င်း၏ နောက်ကွယ်က ရုပ်သံမြင်ကွင်း များ တွင် တော့ အီရတ်စစ်သားများ အသက်ကို ဖက်နဲ့ ထုတ်ပြီး ထွက်ပြေးနေကြသည်ကို ပရိသတ်များက မြင်တွေ့နေကြရသည်။

 

ယနေ့ခေတ် ပင်လယ်ကွေ့စစ်ပွဲတွင် အံ့အားသင့်ဖွယ်ကောင်းသည်မှာ လူသတ်အုပ်ချုပ်နေသော အာဏာရှင်စနစ် သည် လွတ်လပ်မှု၏ နယ်မြေနှင့် ဟောလိဝုဒ်၏ အမိမြေဖြစ်သော အမေရိကန်ကို ဝါဒဖြန့်ချိရေးတိုက်ပွဲတွင် အသာစီးရနေပုံပေါ်‌ နေခြင်းပင် ဖြစ်သည်။

 

အီရန်၏ ဘာသာရေးအစွန်းရောက် အုပ်ချုပ်မှုယန္တရားကို ထောက်ခံနေသည့် အဖွဲ့တစ်ဖွဲ့သည် နေ့စဉ်နှင့်အမျှ AI နည်းပညာသုံး ဗီဒီယိုများကို ထုတ်လွှင့်လျက်ရှိသည်။ ယင်းဗီဒီယိုများတွင် ဒေါ်နယ် ထရမ့်ကို လှောင်ပြောင်ထားပြီး ၎င်းကို ခုခံတော်လှန်သူများကိုမူ ဘုန်းတော်ဘွဲ့များ ဖြင့် အမွှန်းတင်ဖော်ပြထားသည်။

 

အီရန်လိုလားသော ကွန်ရက်နှစ်ခုသည် စစ်ပွဲ၏ ပထမဆုံးလအတွင်းမှာပင် X (ယခင် Twitter) ပေါ်၌ ကြည့်ရှုသူအကြိမ်ရေ သန်းပေါင်း တစ်ထောင်ကျော် (၁ ဘီလီယံကျော်) အထိ စံချိန်တင် ရရှိခဲ့ကြောင်း သိရသည်။

 

အီရန်အာဏာရှင်စနစ်သည် ဟာသဉာဏ်ရှိလှ၍ နာမည်ကြီး နေခြင်းတော့ မဟုတ်။ (ဤသည်ကို ဆာ ဆယ်လ်မန် ရပ်ရှ်ဒီ အသိဆုံး ဖြစ်သည်)။ သို့ပေသိ ယခုထွက်လာသည့် ဗီဒီယိုအတော်များများသည် ဟာသဉာဏ် အားကောင်းလှ သလို ရန်သူ၏ ယဉ်ကျေးမှုကိုလည်း ကျွမ်းကျင်နှံ့စပ်ကြောင်း ပြသနေသည်။

 

ဗီဒီယိုနောက်ခံတေးဂီတ များတွင်လည်း အင်္ဂလိပ်စာသားများပါသည့် မြူးကြွ သော Rap သီချင်းများကို အသုံးများပြီး ဇာတ်ကောင်များကိုတော့ Lego ရုပ်လေးများဖြင့် မကြာခဏ ဖန်တီးထားလေ့ရှိသည်။

 

ဒေါ်နယ်ထရမ့် ကို ဘောင်းဘီထဲ မီးတောက်နေချိန်မှာတောင် (တကယ့်ကို မီးလောင်နေတာပါ) အောင်နိုင်သူအဖြစ် ကြွေးကြော်နေသည့် အတ္တကြီးပြီး သတ္တိကြောင်သည့် လူလိမ်တစ်ဦးအဖြစ် ပုံဖော်ထားသည်။

 

အမေရိကန် စစ်ဝန်ကြီး ပိ ဟက်ဆက် ကိုတော့ ခရူးဆိတ်စစ်ပွဲ တွင် တက်တူးများနှင့် အရက်မူးပြီး အန်နေ သူတဦး အဖြစ် ဖော်ပြထားသည်။

 

အီရန်၏ ဝါဒဖြန့်ချိရေး ယန္တရားသည် အရင် ဆက်ဒမ် ဟူစိန် ခေတ်ထက် ပိုမိုအားကောင်းလာရသည်က AI နည်းပညာ၏ အားသာချက်ဖြင့် ကုန်ကျစရိတ် သက်သာပြီး အရည်အသွေးမြင့် ဗီဒီယိုများကို အချိန်နှင့် တပြေးညီ မြန်မြန်ဆန်ဆန် ထုတ်လုပ်နိုင်စွမ်းရှိလာခြင်း။ AI နည်းပညာသည် အနောက်တိုင်း စရိုက်နှင့်လေ့ကျင့်ထားသည့် အတွက် အနောက်တိုင်းသားများ၏ ယဉ်ကျေးမှု၊ ဟာသနှင့် အယူအဆများကို အသုံးချပြီး လှောင်ပြောင်တိုက်ခိုက်ဖို့ ပိုမို လွယ်ကူသွားခြင်း။ YouTube က ပိတ်ပင်ထား သော်လည်း အခြား ဆိုရှယ်မီဒီယာ ချန်နယ်များကတစ်ဆင့် ၎င်းတို့၏ ဝါဒဖြန့် ဗီဒီယိုများကို ပျံ့နှံ့အောင် လုပ်ဆောင်နိုင်ခြင်း၊ လူကြိုက်နည်းသည့် စစ်ပွဲကို ဆင်နွှဲနေရသည့် အမေရိကန် သမ္မတသည် ၎င်းတို့ အတွက် လှောင်ပြောင်တိုက်ခိုက်ဖို့ အကောင်းဆုံး ပစ်မှတ်တစ်ခု ဖြစ်နေခြင်း အစရှိသည့် အကြောင်းများ ကြောင့်ပင် ဖြစ်သည်။

 

မည်သို့ပင်ဆိုစေကာမူ အီရန်သည် ၎င်း၏ဖဲချပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ကစားပြသွားခဲ့သည်။ အစဉ်အလာအတိုင်း “အမေရိကန် ပျက်စီးပါစေ” ဟု ကြွေးကြော်နေမည့်အစား ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များအကြား ပဲ့တင်ထပ်စေမည့် ဒေါ်နယ်ထရမ့်အပေါ် ဝေဖန်ချက်များကို အသားပေး ဖော်ပြခဲ့သည်။

 

ဗီဒီယိုများထဲတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က ထရမ့်၏ နားထဲသို့ ပဋိပက္ခဖြစ်စေမည့် စကားများကို တိုးတိုးလေး ကပ်ပြောနေပုံကို ပြသထားသည်။

 

အက်ပ်စတိန်းကျွန်း ပေါ်ရှိ သူဌေးကြီးများက ဘီကီနီဝတ် အမျိုးသမီးငယ်လေးများနှင့် ပျော်ပါးနေချိန်တွင် အမေရိကန် လူငယ်လေးများမှာမူ စစ်မှုထမ်းရန် တန်းစီနေကြရသည်။

 

သတင်းအချက်အလက်ပြ ဘားတန်း (Ticker) တစ်ခုတွင် ရေနံဈေးနှုန်းများ ထိုးတက်နေသည်ကို ပြသထားပြီး၊ ငွေစက္ကူများကို မီးပုံရှို့ပြခြင်းဖြင့် အမေရိကန် အခွန်ထမ်းပြည်သူများ၏ ငွေကြေးများ အလဟဿ အဖြုန်းခံနေရပုံကို ဖော်ပြထားသည်။

 

အမေရိကန် ဗုံးများကြောင့် အီရန်ကျောင်းသားလေးများ သေဆုံးနေရပုံကိုလည်း ထည့်သွင်းဖော်ပြထားသည်။

 

စာသားများက ပါရှန်းကဗျာဆရာကြီး အိုမာခယမ် ၏ လက်ရာ ‌မျိုး လောက်တော့ သိမ်မွေ့နက်နဲလှတာမျိုး မဟုတ်။ သို့သော် လူကြိုက်များသည့် ဟစ်ဟော့ပ်တေးသီချင်း အတော်များများထက်စာလျှင် ပိုပြီးစူးရှထက်မြက် နေသည်။

 

"ဟေ့ အရှုံးသမား၊ ငါ့နား လာစမ်း၊ ငါက မင်းအကြောင်း ဖော်ကောင်လုပ်မယ့်သူကွ ဘီလီယံနာအတုကြီးရဲ့၊ မင်းရဲ့ အင်ပါယာတစ်ခုလုံးက အယောင်ဆောင်သက်သက်ပဲ" ဆိုတဲ့ စာသားဟာ တော်တော်လေး ထိထိမိမိ ချိုးနှိမ်ထား

သည့် စကားလုံးများ ဖြစ်နေသည်။

 

 "မင်းက မင်းပိုင်တဲ့ မျှော်စင် တာဝါ ပေါ် က နေ သတင်းအတုတွေ ဖြန့်နေတဲ့ သူကြီး / ကျင့်ဝတ်ပိုင်းမှာ ဖွတ် ကြောပြာစုနေပြီး အာဏာယစ်မူးနေတဲ့သူပဲ" ဆိုသည့် စာသားကလည်း မဆိုးလှဟု ဆိုရမည် ဖြစ်သည်။

 

သေချာ ဆန်းစစ် ကြည့်မည် ဆိုက ထို ဝါဒဖြန့်ချိရေးများသည် သိသိသာသာကို ဗြောင်ကျလွန်းလှသည်။ အီရန်တပ်ဖွဲ့ များကို သူရဲကောင်းများ အဖြစ် ပုံဖော်ထားသော်လည်း (တကယ်တမ်းမှာတော့ ၎င်းတို့ကို အုပ်ချုပ် နေသည့် အစိုးရသည့် ပြည်သူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြသူ များ ဖြစ်သည်)၊

 

တကယ်တမ်းတွင် အနည်းငယ်သာ ထိခိုက်အောင်လုပ်နိုင်ခဲ့သည့် အမေရိကန် စစ်စခန်းများနှင့် ပင်လယ်ကွေ့နိုင်ငံများရှိ မိုးမျှော်တိုက်ကြီး များကိုလည်း အပြတ်အသတ် ချေမှုန်းနိုင်ခဲ့လေဟန် ဖော်ပြထားသည်။

 

အရှေ့အလယ်ပိုင်းနှင့် အနောက်နိုင်ငံများတွင် ရေပန်းစား နေသည့် လျို့ဝှက် ပူးပေါင်းကြံစည်မှု သီအိုရီ များကိုလည်း အသားပေး ဖော်ပြထားပြန်သည်။ ဥပမာအားဖြင့် - အလူမီနက်တီ (Illuminati) လျှို့ဝှက်အဖွဲ့မှ အမေရိကန်ကို ထိန်းချုပ်ထားသည် ဆိုတာမျိုး။ မွတ်စလင် တဦးနှင့် ချစ်ကြိုက်ခဲ့မိ၍ ဗြိတိန်တော်ဝင် မိသားစုဝင် မင်းသမီး ဒိုင်ယာနာ သေဆုံးမှုသည် မတော်တဆမှု မဟုတ် ဆိုတာမျိုးများ ဖြစ်သည်။ ထို့ အပြင် ဂျူးဆန့်ကျင်ရေး ပုံရိပ်များကိုလည်း တွေ့ရပြီး ဝန်ကြီးချုပ် နေတန်ယာဟုအား ပန်းသီးထဲက ပိုးကောင်ကောင်အဖြစ် ပုံဖော် ရေးဆွဲထားသည်။

 

အီရန်သည် ဒေါ်နယ် ထရမ့်ကို ထောက်ခံသည့် AI အချက်အလက်များကိုလည်း ရယူပြီး ၎င်းတို့အလိုကျ ပြန်လည်အသုံးချလျက်ရှိသည်။ ဒေါ်နယ် ထရမ့်သည် မိမိကိုယ်ကိုယ် လူမမာများကို ကုသပေးနေသည့် ယေရှုခရစ်တော်အဖြစ် AI ဖြင့် ဖန်တီးထားသော ပုံကို တင်ခဲ့ဖူးသည်။ (ထိုပုံကြောင့် ခရစ်ယာန်ဘာသာဝင်များ စိတ်ဆိုးဒေါသထွက်ကြသောအခါတွင်တော့ ယင်းပုံသည် မိမိကိုယ်ကိုယ် ဆရာဝန်တစ်ဦးအဖြစ် တင်စားထားခြင်းသာဖြစ်သည်ဟု ရှင်းလင်းခဲ့သည်။) 

 

ထိုပုံကိုပင် တစုံတယောက်က ကောင်းကင်ဘုံမှ ယေရှုခရစ်တော် ဆင်းသက်လာပြီး ထရမ့်ကို မီးရဲရဲတောက်နေသည့် ငရဲတွင်းထဲသို့ ပစ်ချလိုက်သည့်ပုံစံမျိုး ထပ်မံဖြည့်စွက်ခဲ့သည်။ အီရန်သံရုံးများကလည်း ထိုပုံကို အားရဝမ်းသာစွာဖြင့် ပြန်လည်ဖြန့်ဝေခဲ့ကြသည်။

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ရန်သူ့ ၏ ဝါဒဖြန့်ချိရေးများကို တန်ပြန်တိုက်ခိုက်သည့် ရုံးတခု ရှိခဲ့ဖူးသော်လည်း ထရမ့်အစိုးရက ပြီးခဲ့တဲ့နှစ်တွင် ထို ရုံးကို ပိတ်ပစ်ခဲ့သည်။ 

 

ထို့‌ ကြောင့် ကမ္ဘာ့စစ်အင်အားအကြီးဆုံး နိုင်ငံကြီးသည် ဒေသတွင်းက လူမိုက်တယောက် လောက် အဆင့်သာ ရှိသည့် နိုင်ငံမျိုးကို နှိမ်နင်းဖို့ ရုန်းကန်နေရပြီး၊ ကမ္ဘာ့ယဉ်ကျေးမှု အရှိန်အဝါအကြီးဆုံး နိုင်ငံကြီးသည်လည်း ဆံပင် ဖော် လျောက်သည့် အမျိုးသမီးများကို ကြိမ်ဒဏ်ပေး အုပ်ချုပ် နေသည့် စနစ်တခု၏ အွန်လိုင်းလှောင်ပြောင်တိုက်ခိုက်မှု (trolling) အောက်မှာ ရှုံးနိမ့်နေရခြင်းဖြစ်သည်။ ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်အောင် ခွင့်ပြုခဲ့သည့် သူအတွက်တော့ "loser" ဆိုသည့် စကားလုံးသည်နည်းတောင် နည်းလွန်းနေပေသေးသည်။

 

(၂၀၂၆ ဧပြီ ၁၇ ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ In the AI propaganda war, Iran is winning ဆောင်းပါးကို ကောက်နှုတ် တင်ပြသည်။)