ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(80)

by Hla Soewai - Apr 27 2026

ဤနေရာတွင် မင်းသားကြီးများသည် အပြင်လောကတွင် တကယ်ဖြစ်ပျက်နေသည့်အတိုင်း အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့ကြသည်။ ရန်ငြိုးတေးထားသည့် ဒုက္ခသည် လေးဦးနှင့် လွတ်မြောက်ရေးတိုက်ပွဲဝင်ဟောင်းများသည် ၎င်းတို့ ဆန့်ကျင် တိုက်ခိုက်ခဲ့ကြသည့် တစ်ဖက်အုပ်စုမှ လွတ်မြောက်ရေးသမားများ၏ မုန်းတီးဖွယ်ရာ စိတ်နေစိတ်ထားကို စိတ်ကူးပုံဖော်နေကြရခြင်း ဖြစ်သည်။ 

 

ရိုက်ကူးရေး စတင်သည်နှင့် ဒါရိုက်တာ က တိုက်တွန်းရန်ပင်မလိုဘဲ ဤ "လေးဦးဂိုဏ်း" မှာ ၎င်းတို့ မုန်းတီး နေသည့် ပစ်မှတ်အပေါ် ဟိန်းဟောက်ခြင်း၊ တွားသွားခိုင်းခြင်း၊ တံတွေးထွေးခြင်းများကို လုပ်လာ ကြတော့သည်။ ဇာတ်ညွှန်းပါ ဤအခန်းတွင် ဂျိမ်းယွန်း သရုပ်ဆောင်ရသည့် ဘင် ခေါ် ဘင်နီ ဆိုသူမှာ A-Team ၏ တဦးတည်းသော လူမည်းစစ်သား ဆာဂျင် ပီတီ အက်တပ်ခ်စ် ဦးဆောင်သော ကင်းထောက် စစ်ဆင်ရေး အတွင်း ဖမ်းဆီးခြင်းကို ခံရသည်။

 

ဇာတ်လမ်းအစပိုင်း အချက်အလက်များအရ အက်တပ်ခ်စ်သည် သူ၏ မျိုးရိုးစဉ်ဆက်ကို လွန်ခဲ့သော ရာစုနှစ်နှစ်ခုက ဘော့စတွန်တွင် ဗြိတိသျှ တပ်နီဝတ်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ခရစ်စပတ် အက်တပ်ခ်စ် ထံအထိ လိုက်နိုင်ကြောင်း ဖော်ပြထားသည်။ ခရစ်စပတ်မှာ လူဖြူများ၏ အရေးတော်ပုံအတွက် အသက်ပေးလှူခဲ့သည့် ပထမဆုံးသော နာမည်ကျော် လူမည်းအမျိုးသား ဖြစ်သည်။ အက်တပ်ခ်စ်၏ မျိုးရိုးအကြောင်းကို ရှင်းပြပြီးသည်နှင့် သူ၏ ကံကြမ္မာမှာလည်း စူပါဂလူးနှင့် ကပ်ထားသကဲ့သို့ မပြောင်းလဲနိုင်အောင် သတ်မှတ်ပြီးသား ဖြစ်သွားသည်။

 

မကြာမီမှာပင် သူသည် ဝါးချွန်များဖြင့် ပြုလုပ်ထားသော ဝက်ဝံညှပ်ထောင်ချောက်ထဲသို့ ခြေချမိပြီး ဘယ်ဘက်ခြေထောက် အညှပ်ခံလိုက်ရသည်။ ၎င်းတို့၏ ပြည်သူ့စစ်အဖွဲ့ မှာ အလွယ်တကူပင် အမြစ်ပြတ် သုတ်သင်ခံလိုက်ရသော်လည်း၊ အက်တပ်ခ်စ် သတိလစ်မသွား မချင်း ဘင်နှင့် အတူ ကျည်ကုန်ယမ်းကုန် သည်အထိ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ကြသည်။

 

ဗီယက် ကောင်း များက ၎င်းတို့ကို ဖမ်းမိသောအခါ အက်တပ်ခ်စ် ကို သင်းကွပ်ပစ်ပြီး ဖြတ်တောက်လိုက်သော ယောက်ျားအင်္ဂါကို ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်ခြင်းဖြင့်စက်ဆုပ်ရွံရှာဖွယ်ကောင်းလှအောင် စော်ကားခဲ့ကြသည်။

 

ထိုအ‌ ကြောင်း ကို စီအိုင်အေ မှ ကလော့ဒ်က ရန်သူအား စစ်ဆေးမေးမြန်းခြင်း သင်တန်းတွင် ရှင်းပြသည်မှာ - ဤလုပ်ရပ်မျိုးကို အမေရိကန် တိုင်းရင်းသားမျိုးနွယ်စု အချို့ကလည်း သူတို့နယ်မြေထဲသို့ ကျူးကျော်လာသည့် လူဖြူ အခြေချနေထိုင်သူများအပေါ် ပြုလုပ်လေ့ရှိသည်ဟု ဆိုသည်။ လူမျိုးချင်း မတူသည့်အပြင် မိုင်ပေါင်း ထောင်ချီဝေးကွာယုံမျှမက ရာစုနှစ်တစ်ခုမက ကွာခြားသော်လည်း ဆက်၍ တူညီနေခြင်းဖြစ်သည်။

 

"တွေ့လား" ဟု ကလောက်ဒ်က ဆိုကာ ရှေးဟောင်း လူသတ်ပွဲတစ်ခုကို သရုပ်ဖော်ထားသည့် အဖြူအမဲပုံ တပုံကို ပြသလိုက်သည်။ ထို့နောက် ဗီယက် ကောင်း များ၏ ဖမ်းဆီးခြင်းကို ခံရပြီး အလားတူပင် ခန္ဓာကိုယ် အစိတ်စိတ် အမြွှာမြွှာ ဖျက်ဆီးခံထားရသည့် အမေရိကန် စစ်သားတစ်ဦး၏ အဖြူအမဲ ဓာတ်ပုံတစ်ပုံကို ထပ်မံ ပြသပြန်သည်။ "ငါတို့အားလုံးမှာ တူညီတဲ့ လူသားချင်းစာနာစိတ် ရှိတယ်လို့ ဘယ်သူက ပြောလဲ" ဟု ကလောဒ် က ဆိုရင်း ဗီယက် ကောင်း အလောင်း တလောင်း ပေါ်သို့ အမေရိကန်စစ်သားတစ်ဦး သေး ဖြင့် ပန်းထုတ်နေသည့် နောက်ထပ်ပုံတပုံကို ပြောင်းလိုက်လေ‌ တော့သည်။

 

ဘင်၏ ကံကြမ္မာမှာ ယခုအခါ ဗီယက် ကောင်း တို့၏ လက်ထဲတွင် ရောက်နေပြီဖြစ်သည်။ ၎င်းတို့သည် ရှားပါးလှသော ရေကို ရေချိုးရန်အတွက် အသုံးမပြုဘဲ ညှဉ်းပန်းနှိပ်စက်ရန်အတွက်သာ ချန်လှပ်ထားတတ်ကြသည်။ ဂျိမ်းယွန်း (သို့မဟုတ် အချို့အခန်းများတွင် သူ၏ လူစားထိုး သရုပ်ဆောင်) ကို ပျဉ်ပြားပေါ်တွင် ကြိုးဖြင့် ချည်နှောင်ထားပြီး ညစ်ပတ်နေသော အဝတ်စတစ်ခုဖြင့် ဦးခေါင်းကို ပတ်ထားလိုက်သည်။ ထို့နောက် ဗီယက် ကောင်း တဦးက အက်တပ်ခ်စ်၏ ရေဘူးဖြင့် ဘင်၏ ဦးခေါင်းအထက် တပေခန့် အကွာမှနေ၍ အဝတ်စပေါ်သို့ ရေကို တဖြည်းဖြည်းချင်း လောင်းချတော့သည်။ ကံကောင်းထောက်မစွာဖြင့် ဂျိမ်းယွန်းအတွက်မူ ထိုရေဖြင့် နှိပ်စက်သည့်အခန်းကို လူစားထိုး သရုပ်ဆောင်ဖြင့် ရိုက်ကူးချိန်တွင်သာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

ထိုအဝတ်စအောက်တွင် လူစားထိုး သရုပ်ဆောင်မှာ နှာခေါင်းပေါက်များကို ပိတ်ထားရ၍ ပါးစပ်ထဲတွင် အသက်ရှူရန် ပိုက်တခု ထည့် ပေး ထားရသည်။ အကြောင်းမှာ ထိုသို့ ရေတံခွန်သဖွယ် စီးကျနေသည့် ရေအောက်တွင် မည်သူမျှ အသက်မရှူနိုင်သောကြောင့် ဖြစ်သည်။ ထိုသို့ ခံစားရသည့် ဝေဒနာမှာ ရေနစ်ရသကဲ့သို့ပင် ဖြစ်ကြောင်း—စပိန် စစ်ဆေးမေးမြန်းသူများ၏ "ရေဖြင့် ကုသခြင်း" Water Cure ဟု တင်စားခေါ်ဝေါ်ခဲ့သည့် နှိပ်စက် ခန်း မှ အသက်ရှင်လွတ်မြောက်လာသော အကျဉ်းသားများက ကျွန်‌ တော့်ကို ပြောပြဖူးသည်။

 

ရိုက်နှက် ဆဲဆို၊ ရေဖြင့် နှိပ်စက်၍ အားရ သွားသည့်အခါ ဘင်၏ မျက်နှာပေါ်မှ စိုစွတ်နေသော အဝတ်စကို ဖယ်ရှားလိုက်လျှင် ဂျိမ်းယွန်း၏ မျက်နှာ ပေါ်ထွက်လာမည်ဖြစ်သည်။ ဤအခန်းသည် အကောင်းဆုံး ဇာတ်ပို့မင်းသား အော်စကာဆု ရရှိရန်အတွက် အခွင့်အရေး ကောင်း ဖြစ်မှန်း သူ သိထားသည်။ 

 

ယခင်ကလည်း သူသည် အရှေ့တိုင်းသား ဇာတ်ရံအဖြစ်နှင့် ရုပ်ရှင်ကားများတွင် မကြာခဏ ပါဝင်ရ‌ သော်လည်း အသတ်ခံရသည့် အခန်းများ သာ ဖြစ်‌၍ ခဏတဖြုတ်သာ ပါဝင်ရပြီး ပျောက်ကွယ်သွားရသူ ဖြစ်သည်။ သို့သော် ထိုသေခြင်းတရားများထဲတွင် ယခုကဲ့သို့ ပြင်းပြသော ဝေဒနာနှင့် မြင့်မြတ်သော ဂုဏ်ရည်မျိုး တခါမျှ မရှိခဲ့ဖူးပေ။

 

“နေဦး၊ ငါ စဉ်းစားကြည့်ဦးမယ်” ဟု တစ်ညတွင် ဟိုတယ်ဘား၌ သူက ကျွန်‌ တော့်ကို ပြောပြဖူးသည်။ “ငါ ရောဘတ် မစ်ချမ် ရဲ့ လက်သီးစွပ်နဲ့ အရိုက်ခံရပြီး သေဖူးတယ်၊ အားနပ်စ် ဘော့ဂ်နိုင်း က နောက်ကျောကို ဓားနဲ့ ထိုးတာ ခံရဖူးတယ်၊ ဖရန့်ခ် ဆီနာတရာ က နေ ငါ့ ခေါင်းကို သေနတ်နဲ့ ပစ်ဖူးတယ်၊ ဂျိမ်းစ် ကိုးဘန်း ရဲ့ လည်ပင်းညှစ်တာ ခံရဖူးတယ်၊ ခင်ဗျား မသိလောက်တဲ့ ဇာတ်ပို့ တယောက်ရဲ့ ကြိုးပေးသတ်တာ ခံရဖူးတယ်၊ နောက်တစ်ယောက်က ငါ့ကို မိုးမျှော်တိုက်ပေါ်ကနေ တွန်းချတယ်၊ ဇက်ပလင် လေသင်္ဘော ပြတင်းပေါက်ကနေ တွန်းချတာ ခံရဖူးတယ်၊ ပြီးတော့ တရုတ်ဂိုဏ်းစတားတွေက ငါ့ကို အဝတ်လျှော်အိတ်ထဲ ထည့်ပြီး ဟတ်ဒ်ဆန်မြစ် ထဲ ပစ်ချတာလည်း ခံရဖူးတယ်။ ဪ... ဒါနဲ့ ဂျပန်စစ်သားတသိုက်က ငါ့ကို ဗိုက်ဖောက်သတ်တာလည်း ခံဖူးသေးတယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးက ခဏလေးနဲ့ သေသွားတာတွေချည်းပဲ။ စခရင်ပေါ်မှာ အများဆုံး စက္ကန့်ပိုင်းလောက်ပဲ ပြတာ၊ တစ်ခါတလေ အဲဒီလောက်တောင် မပြဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့—” ဤနေရာတွင် သူက လောလောလပ်လပ် ဆုရထားသည့် အလှမယ်တစ်ဦးကဲ့သို့ ဝမ်းသာအားရ ပြုံးပြရင်း— “ငါ့ကို သတ်ဖို့ အတော်လေး အချိန်ယူရလိမ့်မယ်” ဟု ဆိုလေသည်။

 

ဂျိမ်းယွန်းကို မေးခွန်းများ အကြိမ်ကြိမ် မေးမြန်းနေပြီး သူ၏ မျက်နှာပေါ်သို့ ရေများ ဒလဟော စီးကျနေချိန်တွင် ဗီယက် ကောင်းများမှာ သူ့ကို ဝိုင်းအုံ၍ ကျိန်ဆဲကြ၊ ကန်ကျောက် ထိုးကြိတ်ခြင်းများ လုပ်ကြပြန်သည်။

 

ဤအရာအားလုံးမှာ ဟန်ဆောင် သရုပ်ဆောင်ခြင်းသာ ဖြစ် သည် မှာ မှန်သော်ငြားလည်း ယခုလို အပြင်းအထန် ရုန်းကန်နေရမှုများ၊ ဗလဗလနှင့် အသံထွက်နေမှုများ၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့ နိမ့်ချည်မြင့်ချည် ဖြစ်နေပုံ များမှာ မြင်မကောင်းအောင်ပင်။ 

 

ဆိုဖီယာ လောရင်ကဲ့သို့ပင် ပူပြင်းလှသော အပူပိုင်းဒေသ နေရောင်အောက်တွင် အချိန်အတန်ကြာလာ သောအခါ ဂျိမ်းယွန်းသာမက အရန်သရုပ်ဆောင်များပင်လျှင် အားစိုက် လုပ်လာခဲ့ရ၍ ချွေးများ ပြန်လာကြသည်။ လူအနည်းငယ်သာ သတိထားမိသည့် အချက်မှာ—လူတစ်ယောက်ကို ရိုက်နှက်ရသည်မှာ အလွန်ပင်ပန်းသော အလုပ်တစ်ခု ဖြစ်သည်ဟူသောအချက်ပင်။ လူတစ်ယောက်ကို စစ်ဆေးမေးမြန်းရသူ အများအပြားမှာ အသံဝင်သွားသည်ကို မဆိုထားနှင့်—ခါးနာခြင်း၊ ကြွက်သားနာခြင်း၊ အကြောပြတ်ခြင်း၊ သို့မဟုတ် လက်ချောင်း၊ ခြေချောင်း များ၊ လက်နှင့် ခြေထောက်များပင် ကျိုးသွားသည်အထိ ဖြစ်တတ်ကြသည်ကို ကျွန်တော် သိထားခဲ့သည်။

 

အဘယ်ကြောင့်ဆိုသော် အကျဉ်းသားက အော်ဟစ်ငိုယိုခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် ဝန်ခံနေခြင်း (သို့မဟုတ် ဝန်ခံရန် ကြိုးစားခြင်း၊ သို့မဟုတ် လိမ်ညာနေခြင်း) တို့ကို ပြုလုပ်နေချိန်တွင်၊ စစ်ဆေးမေးမြန်းသူဘက်ကလည်း ညစ်ညမ်းစကား များ ဖုန်းဖြင့် ပြောသည့် လိုင်းမှ အမျိုးသမီး တဦးကဲ့သို့ပင် ညစ်ညစ် ပတ်ပတ် ဆဲဆို၊ စော်ကား ဟိန်းဟောက်သံများဖြင့် တရစပ် မေးမြန်း နေရသောကြောင့် ဖြစ်သည်။ 

 

နှုတ်ဖြင့် စော်ကားပြောဆိုရာတွင် မထပ်အောင် ပြောဆိုနိုင်ရန်မှာ သိသိသာသာပင် ဦးနှောက်သုံးရသည့် အလုပ်ဖြစ်ပြီး၊ အနည်းဆုံးတော့ ဤနေရာတွင် အရန်သရုပ်ဆောင်များ၏ သရုပ်ဆောင်မှုမှာ အားနည်းနေခဲ့သည်။ သူတို့ကို အပြစ်တင်၍တော့ မရပေ။ သူတို့သည် ပညာသည်များ မဟုတ်ကြဘဲ၊ ဇာတ်ညွှန်းထဲတွင်လည်း "ဗီယက် ကောင်း စစ်ဆေးမေးမြန်းသူများသည် ဘင်ကို သူတို့၏ ဘာသာစကားဖြင့် ကျိန်ဆဲစော်ကားကြသည်" ဟုသာ ပါရှိသည်။ ထို့ကြောင့် ကိုယ်တိုင် ဉာဏ်ကစား၍ သရုပ်ဆောင်ရသောအခါ၊ အရန်သရုပ်ဆောင်များမှာ ရိုက်ကူးရေးအဖွဲ့သား တဦးတစ်ယောက်မျှ မေ့နိုင်မည်မဟုတ်သော ဗီယက်နမ် အောက်တန်းစားစကားများကို တဖွဖွ ပြောရင်းသင်ကြားပေးနေသည့်အလား ဖြစ်သွားတော့သည်။

 

အမှန်စင်စစ်၊ ရိုက်ကူးရေးအဖွဲ့သား အများစုမှာ ဗီယက်နမ်ဘာသာဖြင့် "ကျေးဇူးတင်ပါတယ်" သို့မဟုတ် "ကျေးဇူးပြု၍" ဟူသော စကားလုံးကိုပင် မတတ်မြောက်ခဲ့ကြသော်လည်း၊ ရိုက်ကူးရေး ပြီးဆုံးချိန်တွင်မူ du ma ဟု ခေါ်သော "မအလ" ဟု အဓိပ္ပါယ်ရပြီး အနက်အမျိုးမျိုး လည်း ပြန်ဆိုနိုင်သည့် စကားလုံးကိုမူ လူတိုင်း တတ်သွားကြသည်။ 

 

ကျွန် တော် ကိုယ်တိုင်ကတော့ ထိုသို့သော ဆဲရေးတိုင်းထွာမှုများကို သိပ်စိတ်မဝင်စားသော်လည်း၊ အရန်သရုပ်ဆောင်များမှာ ထိုစကားလုံးကို နာမ်၊ ကြိယာ၊ နာမဝိသေသန၊ ကြိယာဝိသေသနနှင့် အာမေဋိတ်အဖြစ် အသုံးချပြီး အာ‌ ခြောက် လာ နေသည့်တိုင်အောင် အသံနေအသံထား အမျိုးမျိုးဖြင့် မုန်းတီးမှု၊ ဒေါသထွက်မှုတို့သာမက အချို့နေရာများတွင် သနားကြင်နာသည့် လေသံမျိုးဖြင့်ပါ အစွမ်းကုန် အသုံးချသွားကြသည်ကိုတော့ မချီးကျူးဘဲ မနေနိုင်ပေ။ မအလ၊ မအလ၊ မအလ။ မအလ!!