အမေရိကန်က အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းနှင့် စစ်ပွဲကို အဆုံးသတ် ရေး အတွက် အီရန်အပေါ် ဖိအားပေးပါရန် တရုတ်အား နိုင်ငံတကာက တောင်းဆိုမှုများ မြင့်တက်နေသည်။ သို့သော် လက်တွေ့တွင်မူ တရုတ်အနေဖြင့် ၎င်း၏မိတ်ဖက် အီရန်အပေါ် ဖိအားပေးနိုင်စွမ်း သို့မဟုတ် ဖိအားပေးလိုစိတ် အနည်းငယ်သာ ရှိ နေသည်။
ပြီးခဲ့သည့်အပတ်အတွင်း အဘူဒါဘီ အိမ်ရှေ့မင်းသား နှင့် စပိန် ဝန်ကြီးချုပ်တို့ ဘီဂျင်း သို့ လာရောက်စဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင် က- အမေရိကန်၏ လုပ်ရပ်ကို ရည်ညွှန်းပြီး နိုင်ငံတကာဥပဒေများကို လျစ်လျူရှုခြင်းသည် "တောရိုင်းတိရစ္ဆာန်တို့၏ နိယာမ (Law of the jungle) သို့ ပြန်သွားခြင်းဖြစ်သည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။
ယင်းအကျပ်အတည်းကို ဖြေရှင်းရန်အတွက် "တရုတ်နည်းလမ်း" အဖြစ် အချက် (၄) ချက်ပါဝင်သော အစီအစဉ်သစ်တစ်ခုကို တင်ပြခဲ့သည်။
သို့သော် အချုပ်အခြာအာဏာနှင့် နိုင်ငံတကာဥပဒေများကို လေးစားရန် တိုက်တွန်းရုံမျှသာ ဖြစ်ပြီး လက်တွေ့ကျသည့် ဖြေရှင်းချက် မပါဝင်ပေ။ တရုတ်နိုင်ငံသည် စစ်ပွဲကြောင့် ၎င်း၏ စီးပွားရေးအပေါ် ထိခိုက်လာမည်ကို စိုးရိမ်သော်လည်း အောက်ပါအချက်များကြောင့် အကျပ်အတည်းအတွင်း နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်ရမည့် အရေးကို ရှောင်လွှဲလာခဲ့သည်။
အီရန်ဘက်မှ လုံခြုံရေး အာမခံချက်ပေးရန် တောင်းဆိုချက်ကို တရုတ်က တိကျသေချာသည့် တုံ့ပြန်မှု မပေးခဲ့ပေ။ အီရန်၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်သော်လည်း အမေရိကန်၏ တောင်းဆိုချက်များကို လက်ခံရန် အီရန်ကို ဖိအားပေးခြင်း လည်း မရှိပေ။
ရှန်ဟိုင်းနိုင်ငံတကာလေ့လာရေးတက္ကသိုလ်မှ ပရော်ဖက်ဆာ ဒင်လုံ က တရုတ်အနေဖြင့် ဤစစ်ပွဲကို အစကတည်းက ဆန့်ကျင်ခဲ့ခြင်းကြောင့် အမေရိကန် သို့မဟုတ် အစ္စရေးကို ကူညီရန် ရည်ရွယ်ချက်မရှိကြောင်း နှင့် တရုတ်က အီရန်ကို ဖိအားပေးလိမ့်မည်ဟု မျှော်လင့်ခြင်းမှာ တရုတ်၏ နိုင်ငံခြားရေးမူဝါဒကို အထင်မှားခြင်းဖြစ်ကြောင်း သုံးသပ်ထားသည်။
တရုတ်သည် မြောက်ကိုရီးယား တနိုင်ငံတည်းနှင့်သာ မဟာမိတ်စာချုပ်ရှိသည်။ အခြားနိုင်ငံ၏ လုံခြုံရေးအတွက် တာဝန်ယူပေးခြင်းဖြင့် မိမိနိုင်ငံ၏ အင်အားကို ယုတ်လျော့စေမည့် စရိတ်စကကြီးသော စစ်ပွဲများအတွင်း ပါဝင်ပတ်သက်သွားရမည်ကို တရုတ်ခေါင်းဆောင်များက မလိုလားပေ။
Brookings Institution မှ ပညာရှင် Patricia Kim က "တရုတ်ခေါင်းဆောင်တွေဟာ အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့ စွက်ဖက်မှုတွေကြောင့် အမေရိကန်အင်အား ဆုတ်ယုတ်သွားတာကို မြင်တွေ့ထားပြီးသား ဖြစ်တယ်။ ဒါကြောင့် အမေရိကန်ရဲ့ ပုံစံအတိုင်း လိုက်လုပ်ဖို့ စိတ်မဝင်စားကြဘူး" ဟု သုံးသပ်ထားသည်။
သို့သော် အီရန်ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေပါက တရုတ် အတွက် ဆုံးရှုံးစရာ များစွာ ရှိနေသည်။
တရုတ်နိုင်ငံသည် ၎င်း၏ ရေနံစိမ်းတင်သွင်းမှု သုံးပုံတစ်ပုံခန့်ကို ပါရှန်းပင်လယ်ကွေ့မှ ရရှိနေခြင်းကြောင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုသည် တရုတ်အတွက် အရေးပါသော လမ်းကြောင်းပြတ်တောက် သွားခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် ပို့ကုန်ကို အားကိုး၍ စီးပွားရေးကို ထိန်းကျောင်းနေရချိန်တွင် လောင်စာဆီဈေး မြင့်တက်လာခြင်းသည် တရုတ်ကုန်ပစ္စည်းများအပေါ် ဝယ်လိုအား ကျဆင်းသွားစေနိုင်သည်။
Stimson Center မှ ပညာရှင် Yun Sun က တရုတ်တွင် စစ်မဖြစ်မီကတည်းက စုဆောင်းထားသည့် အရန်ရေနံများ ရှိသော်လည်း ယင်းသည် အမြဲလို ရှိ နေမည် မဟုတ်ကြောင်း ထောက်ပြသည်။ တရုတ်ခေါင်းဆောင်များသည် မတည်ငြိမ်မှုကို မလိုလားဘဲ မိမိတို့အပေါ် တိုက်ရိုက်သက်ရောက်မှုရှိနေသည့် လက်ရှိ စစ်ပွဲကို စိုးရိမ်မကင်း ဖြစ်နေကြသည်။
အမေရိကန်နှင့် အီရန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်ပြားသွားပြီးနောက် တရုတ်အစိုးရ တာဝန်ရှိသူများသည် ယခုအပတ်အတွင်း သံတမန်ရေးရာ လှုပ်ရှားမှုများကို အရှိန်မြှင့် ဆောင်ရွက်လာကြသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်ခံကျင်းပပေးခဲ့သည့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးထံသို့ ဆက်သွယ်ကာ ပြီးခဲ့သည့်အပတ်က ရရှိထားသည့် ယာယီအပစ်အခတ်ရပ်စဲရေး အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားရန် တိုက်တွန်းခဲ့သည်။
ဗုဒ္ဓဟူးနေ့တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးရာ၌ ဝမ်ယိက တရုတ်အနေဖြင့် အီရန်ကို ဆက်လက်ထောက်ခံကြောင်း ပြောကြားခဲ့သော်လည်း ဟော်မုဇ်ရေလက်ကြား ကို ပြန်လည်ဖွင့်လှစ်ပေးရန်နှင့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို အာမခံချက်ပေးရန် အလေးအနက် တိုက်တွန်းခဲ့သည်။
တစ်ဖက်တွင်လည်း ဤစစ်ပွဲသည် တရုတ်နိုင်ငံအတွက် အကျိုးအမြတ်အချို့ ရှိနေပြန်သည်။ အမေရိကန်သည် အင်ဒို-ပစိဖိတ်ဒေသနှင့် ထိုင်ဝမ်အရေးအပေါ် အာရုံစိုက်မည့်အစား အရှေ့အလယ်ပိုင်းတွင် အချိန်ကုန်၊ လူပင်ပန်း ဖြစ်နေသည်။
အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများနှင့် ဆန့်ကျင်ဘက်အနေဖြင့် တရုတ်သည် မိမိကိုယ်ကိုယ် ကမ္ဘာ့တည်ငြိမ်ရေးကို ရှေးရှုသော ငြိမ်းချမ်းသည့်နိုင်ငံအဖြစ် ပုံဖော်လာနိုင်ခဲ့သည်။ သမ္မတ ထရန့်၏ လုပ်ရပ်များအပေါ် စိတ်ပျက်နေသော နိုင်ငံအများအပြားသည် ခန့်မှန်းရလွယ်ကူသည့် မိတ်ဖက်ဖြစ်သော တရုတ်ဘက်သို့ ပိုမိုလှည့်လာကြသည်။
ရှန်ဟိုင်း ဖူတန်တက္ကသိုလ်မှ အမေရိကန်-တရုတ်အရေး ကျွမ်းကျင်သူ ရှင်းချန် တရုတ် အတွက် "ကောင်းကျိုးနှင့် ဆိုးကျိုး ထက်ဝက်စီ (၅၀-၅၀)" ရှိသည်ဟု သုံးသပ်သည်။ စွမ်းအင်ဈေးနှုန်း မြင့်တက်ခြင်းက တရုတ်စီးပွားရေးကို ထိခိုက်သော်လည်း၊ အမေရိကန်အပေါ် မကျေနပ်မှုများက တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ ဩဇာအာဏာကို ချဲ့ထွင်ရန် အထောက်အကူ ဖြစ်လာသည်။
ပြီးခဲ့သည့်အပတ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် တရုတ်က ကူညီပေးခဲ့သည်ဟု အီရန်ဘက်က ထုတ်ဖော်ပြောကြားခဲ့သော်လည်း တရုတ်အစိုးရဘက်မှ အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုခဲ့ပေ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်အနေဖြင့် အကျပ်အတည်းကို အဆုံးသတ်ရန် "တက်ကြွစွာ လုပ်ဆောင်နေသည်" ဟုသာ ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပါက အပြစ်တင်ခံရမည်ကို စိုးရိမ်သောကြောင့် တရုတ်သည် ဆွေးနွေးပွဲများတွင် တိုက်ရိုက်မပါဝင်ဘဲ သွယ်ဝိုက်သောနည်းဖြင့်သာ အားပေးခဲ့ခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်သည်။
အီရန်သည် အမေရိကန်နှင့် သဘောတူညီချက်များတွင် တရုတ်ကို ပိုမိုပါဝင်ပတ်သက်လာစေရန်အတွက် တရုတ်၏ အခန်းကဏ္ဍကို ချဲ့ကားပြောဆိုနေခြင်းလည်း ဖြစ်နိုင်ပါသည်။
တရုတ်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်း အကျပ်အတည်းတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်ရန် ဝန်လေးနေရခြင်းမှာ ၎င်း၏ စစ်ရေးစွမ်းဆောင်ရည် အကန့်အသတ်ကြောင့်လည်း ဖြစ်သည်။
စစ်တပ်သည် အရှိန်အဟုန်ဖြင့် အဆင့်မြှင့်တင်နေသော်လည်း အမေရိကန်ကဲ့သို့ ကမ္ဘာအနှံ့ ကျယ်ပြန့်သော စစ်အခြေစိုက်စခန်း ကွန်ရက်များ မရှိသေးပေ။
၂၀၀၈ ခုနှစ်ကတည်းက အေဒင် ပင်လယ်ကွေ့ တွင် ပင်လယ်ဓားပြတိုက်ဖျက်ရေး ရေတပ်အထူးအဖွဲ့ကို အခြေစိုက်ထားသော်လည်း ယခုအချိန်အထိ တရုတ်ကုန်သင်္ဘောများကို စောင့်ရှောက်ရန် တပ်ဖြန့်ထားခြင်း မရှိသေး။ တရုတ်သင်္ဘောများ တိုက်ရိုက်တိုက်ခိုက်ခံရခြင်းမျိုး မရှိသရွေ့ ထိုသို့လုပ်ဆောင်ရန် အလားအလာ နည်းပါးကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
အီရန်အတွက် လုံခြုံရေးအာမခံချက် ပေးရန်ဖြစ်စေ၊ အမေရိကန်၏ လိုလားချက်အတိုင်း အီရန်ကို နျူကလီးယားအစီအစဉ် စွန့်လွှတ်ရန် ဖိအားပေးရန်ဖြစ်စေ တရုတ်တွင် လုပ်ဆောင်နိုင်စွမ်း မရှိပေ။
စွမ်းအင်အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးထိခိုက်မှုများကို စီမံခန့်ခွဲရန်၊သမ္မတ ရှီကျင့်ဖျင်နှင့် သမ္မတ ထရမ့် တို့၏ ထိပ်သီးအစည်းအဝေးမတိုင်မီ အမေရိကန်နှင့် ဆက်ဆံရေးကို ပြန်လည်ထိန်းညှိရန်၊ အီရန်နှင့်ရော၊ အီရန်၏ တိုက်ခိုက်ခြင်းခံနေရသော ပင်လယ်ကွေ့နိုင်ငံများနှင့်ပါ ဆက်ဆံရေးကို ထိန်းညှိရန် စသည် တို့ အကြားတွင် ဗျာများနေသည်။
အမေရိကန်နှင့် အစ္စရေးတို့အနေဖြင့် အီရန်အပေါ် လွယ်လွယ်ကူကူ အနိုင်ရရှိရန် ခဲယဉ်းလာသည်နှင့်အမျှ ဘီဂျင်း၏ တွက်ချက်မှုများလည်း ပြောင်းလဲလာနေပြီ ဖြစ်သည်။
အကယ်၍ အမေရိကန်သာ တပတ် သို့မဟုတ် နှစ်ပတ်အတွင်း အီရန်ကို အပြတ်အသတ် အနိုင်ရရှိခဲ့ပါက တရုတ်တို့သည် အမေရိကန်ဘက်မှ လိုက်ပါရပ်တည်သွားမည် ဖြစ်သည်။ ယခုအခါတွင်မူ တရုတ်၏ လက်ရှိဗျူဟာမှာ အမြန်ဆုံး အပစ်အခတ်ရပ်စဲရေး ရရှိရန်ဖြစ်ပြီး၊ ထိုစေ့စပ်ညှိနှိုင်းမှုတွင် သွယ်ဝိုက်သောနည်းဖြင့် ပါဝင်ကာ တရုတ်၏ အခန်းကဏ္ဍကို အမြင့်ဆုံးမြှင့်တင်ရန်နှင့် နိုင်ငံတကာ၏ ယုံကြည်ကိုးစားမှုကို ပိုမိုရရှိရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
(၂၀၂၆ ဧပြီ ၁၆ နယူးယောက် တိုင်းမ် သတင်းစာပါ Why China Won’t Lean Hard on Iran ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်။)