အာဏာရှင် စနစ် အမြစ်ပြတ်သည် အထိ တိုက်ပွဲ ဝင်မည်ဟု ကတိ အထပ်ထပ် ပေးခဲ့သည့် TNLA တအာင်း များက ယခုအခါ သမ္မတု မင်းအောင်လှိုင် အား ဂုဏ်ပြု ဝမ်းမြောက် ကြောင်း သဝဏ်လွှာ ပေးပို့သည် အထိ သစ္စာမဲ့ခဲ့ကြပြီ ဖြစ်သည်။
အပစ်အခတ် ရပ်စဲရေး လုပ်သည် အထိ အကြောင်းကြောင်း များ ကြောင့် နားလည် ခွင့်လွှတ်ပေး၍ ရသော်လည်း ယခုကိစ္စက လတ်တလော နိုင်ငံရေး အကျိုး အမြတ် နှင့် အကြောက်တရား ကြောင့် ပြည်သူ ကို ကျောခိုင်းလိုက်ကြသည့် ခေတ်သစ် ကွစ်စလင်း (Quisling) များ အဖြစ် သမိုင်း တွင် ကျန်ရစ် သည်အထိ နိုင်ငံရေး ဂုဏ်သိက္ခာ မဲ့ ခဲ့ကြပြီ ဖြစ်သည်။
ဤစကားလုံးသည် ဒုတိယကမ္ဘာစစ်အတွင်းက နော်ဝေ နိုင်ငံရေးသမား ဗစ်ကွန် ကွစ်စလင်း သည် ဟစ်တလာနှင့် ပူးပေါင်း၍ မိမိလူမျိုးအကျိုးကို ဖျက်ဆီးခဲ့၍ ၎င်းအမည်ကို အစွဲပြု၍ နိုင်ငံရေး ဝေါဟာရ တခု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
တအာင်း အရပ်ဖက် အဖွဲ့အစည်းများ ကွန်ယက်မှ ၎င်းတို့ စစ် ခေါင်းဆောင်များ၏ အကြမ်းဖက် မင်းအောင်လှိုင်အား ဂုဏ်ပြုလိုက်ခြင်းသည် တအာင်းပြည်သူများ၏ ရပ်တည်ချက် မဟုတ်ကြောင်း အတိအလင်း ထုတ်ပြန် ကြေညာလိုက်ပြီး လက်ရှိ တအာင်းဒေသ အတွင်း အမှုထမ်းနေသော CDM များ၊ ကျဆုံးသွားသည့် ရဲဘော်များ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ကြရသည့် ရဲဘော်များ အပါအဝင် ပြည်သူ လူထု၏ မျက်နှာကို ထောက်ထားပြီး တော်လှန်ရေး လမ်းကြောင်း ပေါ် မားမားမတ်မတ် ပြန်လည် ရပ်တည်ပေးပါရန် တောင်းဆိုလိုက်ကြသည်။
မင်းအောင်လှိုင် တို့ဖက်ကလည်း တရုတ်က တိုက်ဆိုတိုက်၊ ရပ်ဆိုရပ်ရသည့် သစ္စာခံများသာသာ သဘောထားပြီး ၎င်းတို့ အပေါ် တစက်ကလေးမျှပင် အယုံအကြည် ရှိကြမည် မဟုတ်၊ ယခု အခါ မဟာမိတ်များ အပေါ် သစ္စာဖောက်ခဲ့ကြသည့် တအာင်း စစ်ခေါင်းဆောင် တို့ အဖို့ နွားကွဲ ကျားကိုက် ခံရမည့် အရေး အနှေးနှင့် အမြန် ရင်ဆိုင်ကြရတော့မည် ဖြစ်သည်။
MNDAA ပင် ၎င်းတို့လောက် ဂုဏ်သိက္ခာ မမဲ့၊ တအာင်းတို့ကို မူဆယ်ရှိ ပူးတွဲဖွင့်ထားသည့် ကုန်သွယ် ရေး ရုံး မှ မောင်းထုတ်ခဲ့ကြသည်။ ညီနောင်သုံးဖေါ်လည်း ပြိုကွဲ သွားခဲ့သည်၊ အာရက္ခ တပ်တော်သည် ရခိုင် ပြည်နယ် တခုလုံးကို ယခုနှစ် အတွင်း အပြီးသိမ်းယူမည်ဟု ကြွေးကြော်ရင်း တော်လှန်ရေး အလံတော်ကို အမြင်မားဆုံး လွှင့်တင်လာခဲ့ပြီ ဖြစ်သည်။
ပြည်တွင်း တော်လှန်ရေး အင်အားစုများဖက်ကလည်း ၇၈ နှစ် ကြာမြင့်လာပြီ ဖြစ်သော ပြည်တွင်းစစ်ကြီး နှင့် အတူ အကွဲကွဲ အပြားပြား ဖြစ်နေခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး အဖွဲ့အစည်း များ နှင့် အင်အားစုများကို ဖက်ဒရယ်ဒီမိုကရေစီဆိုသည့် ဘုံရည်မှန်းချက်ဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင် ကောင်စီ Steering Council for Emergence of Federal Democracy Union (SCEF) စုစည်း ညီညွတ်စွာ တော်လှန်ရေး အလံတော်ကို လွှင့်ထူလာနိုင်ခဲ့သည်။
ယင်းနှင့် အတူ မြန်မာ သည် ဖက်ဒရယ်ဒီမိုကရေစီဆီသို့ လျှောက်လှမ်းမည့်လမ်းကို နောက်ဆုံး၌ ဖော်ဆောင်နိုင်မည်လား၊ သို့တည်းမဟုတ် အာဏာရှင်အမှောင်ထုအောက်သို့ ပို၍ပင် ကျရောက်သွားတော့မည်လား ဆိုသည့် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပြီဖြစ်သည်ဟု Foundation for Defense of Democracies (FDD) ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အဆင့်မြင့်သုတေသနအရာရှိ တဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် သံတမန်တဦး ဖြစ်သူ Dan Swift နှင့် မြန်မာတို့၏ မိတ်ဆွေကြီး ရှောင် တန်နဲလ် တို့မှ ယခုလို သုံးသပ်ထားသည်။
မင်းအောင်လှိုင်သည် ၎င်း၏ အရပ်သား အစိုးရ အဖြစ် အယောင်ဆောင်မှု ကို ဝါရှင်တန် ဒီစီ အခြေစိုက် K Street မှ လော်ဘီအဖွဲ့ဖြစ်သော DCI ကို အမေရိကန်ဒေါ်လာ ၃ သန်း ဖြင့် ငှား၍ ဖုံးကွယ်ရန် ကြိုးပမ်းမှုသည်လည်း အရာမထင်ခဲ့ပေ။
အီရန်မှ လောင်စာဆီ နှင့် ဒရုန်းအစိတ်အပိုင်းများသည်လည်း နေပြည်တော်နှင့် တီဟီရန်ကြား စီးဆင်းလျက်ရှိ နေခြင်း၊ တရုတ်နိုင်ငံသည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို အားပျော့သွားစေရန် မြန်မာ ဗဟိုဘဏ်နှင့်အတူ အပြိုင် ငွေပေးချေမှုစနစ်တစ်ခုကို တည်ဆောက်နေခြင်းများဖြင့် မြန်မာ သည် ရန်လိုကျူးကျော်သူများ၏ ဝင်ရိုးတန်း အတွက် အားပေးကူညီသူတစ်ဦး ဖြစ်လာသည်။
ယခုအခါ ထိုအခြေအနေများက စတင်ပြောင်းလဲလာနေပြီဖြစ်သည်။ SCEF အဖြစ် ဖွဲ့စည်း လာနိုင် ခြင်းသည် အလားအလာရှိသော အလှည့်အပြောင်းတစ်ခု ဖြစ်လာသည်။ ထို အမည်နာမကို ဒေါ်လာ ၃ သန်း တန် လော်ဘီများ၏ အကူအညီမပါဘဲ အဖွဲ့အစည်းများကြား ဘုံသဘောတူညီချက်ဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဤမဟာမိတ်အသစ်သည် မြန်မာနိုင်ငံရှိ အင်အားအကောင်းဆုံးနှင့် အရည်အချင်းအရှိဆုံး တော်လှန်ရေးအဖွဲ့အစည်းအချို့ကို ဖက်ဒရယ်ဒီမိုကရေစီဆိုသည့် ဘုံရည်မှန်းချက်တစ်ခုအောက်တွင် စုစည်းပေးလိုက်ခြင်း ဖြစ်သည်။
အဓိကကျသည့် အချက်မှာ ဤဖွဲ့စည်းပုံသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို စစ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားပြီး၊ ပူးပေါင်းစီမံကိန်းများနှင့် စစ်ဆင်ရေးများအတွက် အခန်းကဏ္ဍတစ်ခုကိုလည်း ဖော်ဆောင်ပေးထားခြင်း ဖြစ်သည်။
၎င်းသည် စစ်မှန်သော ဖက်ဒရယ်စနစ်ဆိုသည်မှာ အောင်ပွဲရပြီးမှ ပေးမည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကတိကဝတ်များ မဟုတ် တော့ဘဲ၊ ယခုလက်ရှိ တော်လှန်ရေးအင်အားစုများကို စုဖွဲ့ လာ ကတည်းက စတင်ကျင့်သုံးရမည်ဖြစ်ကြောင်း အရေးကြီးသည့် အသိအမှတ်ပြုမှုတခုပင် ဖြစ်သည်။
SCEF မဟာမိတ်အဖွဲ့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ဦးဆောင် ပါဝင်လျက် ရှိသည်။
အာရက္ခ တပ်တော် (AA) တိတ်တဆိတ် ပါဝင်လာခြင်းသည် အထူးပင် အရေးပါလှသည်။ AA သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းတလျှောက်တွင် နိုင်ငံငယ်သဏ္ဌာန် proto-state တခုကို ထိရောက်စွာ တည်ထောင်ထားပြီး၊ ရခိုင်ပြည်နယ်အများစုကို ထိန်းချုပ်ထားကာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်လည်း တိုက်ရိုက်ဆက်သွယ်မှုများ ထူထောင်ထားပြီးဖြစ်သည်။
ပို၍ အရေးပါသည်က ရခိုင်ပြည်နယ်သည် ဘင်္ဂလားပင်လယ်အော်မှ ယူနန်ပြည်နယ်အထိ သွယ်တန်းထားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ အပါအဝင် တရုတ်နိုင်ငံ၏ အဓိကကျသော 'ပတ်လမ်းနှင့် လမ်းမ' အခြေခံအဆောက်အအုံ စီမံကိန်းများ ဆုံရပ်ဖြစ်နေခြင်း ဖြစ်သည်။
ဘီဂျင်းအစိုးရသည် ၎င်းတို့၏ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန်အတွက် စစ်အုပ်စု ကို နှစ်ပေါင်းများစွာ ထောက်ခံအားပေးခဲ့သည်။ သို့သော်လည်း AA သည် ကျောက်ဖြူဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ရှိ စစ်အုပ်စု တပ်များကို ဝိုင်းရံပိတ်ဆို့နိုင်ခဲ့သည်။ ၎င်းမှာ စစ်အုပ်စုအပေါ် တရုတ်၏ အကာအကွယ်ပေးမှုသည် အကန့်အသတ် နှင့်သာ ရှိနေပြီး ပြည်သူလူထု၏ စစ်မှန်သော ထောက်ခံမှုရရှိထားသည့် စနစ်တကျ စုဖွဲ့ထားမည် ဆိုကတရုတ်၏ အရေးပါဆုံးသော အခြေခံအဆောက်အအုံ ဗဟိုချက်များအနီးတွင်ပင် ၎င်းတို့ ၏ ဖိအားပေးမှုများကို ကျော်လွှားနိုင်ကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။
အတိတ်က သင်ခန်းစာများအရ သတိထားစရာ အကြောင်းရင်းများ ရှိနေသည်။ စစ်အုပ်စုသည် မဟာမိတ် အဖွဲ့သစ်အတွင်းရှိ မည်သည့် သဘောထားကွဲလွဲမှု (သို့မဟုတ်) အားနည်းချက်ကိုမဆို အခွင့်ကောင်းယူရန် ကြိုးပမ်းလာမည်မှာ ဧကန်မုချဖြစ်သည်။
သို့သော်လည်း ယခုအချိန်အခါသည် ယခင်နှင့်မတူဘဲ ကွဲပြားနေပြီ ဖြစ်သည်။ စစ်အုပ်စု သည် ဆယ်စုနှစ်ပေါင်းများစွာအတွင်း အားအနည်းဆုံး အခြေအနေသို့ ရောက်ရှိနေပြီး စစ်မျက်နှာပေါင်းစုံတွင် အင်အားဖြန့်ကျက်ထားရခြင်း၊ ပြိုလဲနေသော စီးပွားရေးအတွက် တာဝန်ရှိနေခြင်းနှင့် ၎င်းတို့ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် တရုတ်၊ ရုရှားနှင့် အီရန်တို့အပေါ် မှီခိုနေရခြင်းတို့ကြောင့် ဖြစ်သည်။
၎င်းတို့နှင့် ဆန့်ကျင်ဖက် အဖြစ် တော်လှန်ရေးအင်အားစုများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မည်သည့်အချိန်နှင့်မျှ မတူအောင် ပိုမိုစနစ်တကျရှိလာပြီး၊ အတွေ့အကြုံ ပိုမိုရင့်ကျက်လာကာ နိုင်ငံရေးအရလည်း ပိုမိုညီညွတ်လာကြသည်။ SCEF ကို မြန်မာနိုင်ငံရှိ အရည်အချင်းအရှိဆုံး ပုဂ္ဂိုလ်အချို့က နှစ်ပေါင်းများစွာ အချိန်ယူကာ စိတ်ရှည်လက်ရှည်ဖြင့် စနစ်တကျ တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။
အကယ်၍ ဤမဟာမိတ်အဖွဲ့သာ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်နိုင်မည်ဆိုပါက၊ ၎င်းတို့သည် စစ်အုပ်စု အား အနိုင်ယူပြီး မြန်မာပြည်သူအများအပြား ဒုက္ခဆင်းရဲခံကာ မျှော်လင့်တောင့်တခဲ့ကြသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို နောက်ဆုံးတွင် တည်ဆောက်နိုင်ရန် ယခင်ကထက် ပိုမိုနီးစပ်လာပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!