တရုတ်၏ ဘူမိနိုင်ငံရေး အနေအထား နှင့် တောင်တရုတ် ပင်လယ် (နိဂုံး)

by Hla Soewai - Sep 15 2020

အမေရိကန်တို့ အတွက်လည်း တောင်တရုတ် ပင်လယ်သည် တရုတ်ကဲ့သို့ အင်အားလွန် နိုင်ငံကြီး ဖြစ်လာဖို့ မလိုသည်ကလွဲ၍ အခြား အကြောင်းရင်းများက တရုတ်လိုပင် အရေးပါ လာနေပါတယ်။ အင်အားကြီး နိုင်ငံ ဖြစ်ရန် မလိုသော်လည်း လက်ရှိ အဆင့်အတန်းကို ထိန်းထားနိုင်မှ ဆိုတဲ့ သဘောထားတော့ ရှိပါတယ်။

 

အင်အားကြီး နိုင်ငံများ အတွက် စစ်ကြီး ဖြစ်လာချိန်မှာ ကောင်းကင်ယံ တခုလုံးကို မိမိတဦးတည်း စိုးမိုးနိုင်ဖို့ အရေးကြီး သော်လည်း စစ်ဖြစ်နေစဉ် နှင့် ငြိမ်းချမ်းသော ကာလများမှာမူ စီးပွားရေး ချဲ့ထွင်နိုင်ရန် အတွက် ရေကြောင်းက အရေးပါနေပြန်ပါတယ်။

 

သို့သော်လည်း အမေရိကန်တို့ အဖို့ တောင်တရုတ် ပင်လယ်သည် ဒီထက်မက နက်ရှိုင်းစွာ အရေးပါနေရပါတယ်။

 

တောင်တရုတ် ပင်လယ် အရေးတွင် တရုတ်ဖက်မှ ကျွန်းတု များ ဆောက်လုပ်လာကတည်းက တင်းမာမှုတွေ စပြီး မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၅ တွင် ကျွန်းတု စုစုပေါင်း ခုနှစ်ခု၊ ဧရိယာ အကျယ်အဝန်းအားဖြင့် ဧက ၂၀၀ ခန့် ရှိလာခဲ့ပါတယ်။ ဒီကျွန်းတွေကိုလည်း ချက်ခြင်းလို စစ်ရေးအရ အသုံးချလာခဲ့ပြန်ပြီး သူတို့ရဲ့ အချုပ်အခြာ အာဏာ ပိုင် အဖြစ် သွတ်သွင်းခဲ့ပြန်ပါတယ်။

 

အမေရိကား ကတော့ ကျွန်းများ ဆောက်လုပ်လာခြင်းသည် တရားမဝင် လုပ်ရပ် ဖြစ်ရုံမက မိမိနိုင်ငံ နှင့် ဒေသတွင်းကို ခြိမ်းခြောက်လာမှု အဖြစ် ရှုမြင်လာပါတယ်။ ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာ ပဋိညာဉ်စာတမ်း ပါ အပိုဒ် (၁၁) တွင် ကျွန်းတုများအား သင်္ဘောဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတခုဟု ယူဆ၍မရလို့ ပါရှိပြီး၊ ပုဒ်မ (၅၆) မှာလည်း အနီးဆုံး အချုပ်အခြာ အာဏာပိုင် နိုင်ငံရဲ့ ရေမိုင် ၂၀၀ အတွင်းမှာ ရှိရင် အဆိုပါ နိုင်ငံ၏ တရားစီရင်မှု အာဏာတည်ရမယ်လို့လည်း ဖေါ်ပြထားပြန်ပါတယ်။

 

ကုလသမဂ္ဂ ပြဠာန်းချက်က ရှင်းပါတယ်။ ကျွန်းတု တွေ လာဆောက်ပြီး မိမိတို့ အချုပ်အခြာအာဏာပိုင် နယ်မြေ (သို့မဟုတ်) သီးသန့် စီးပွားရေး ဇုံ အဖြစ် သတ်မှတ်လာခြင်းကို လက်မခံနိုင်ကြောင်း ဖွင့်ဆိုထားတာပါ။ ဒီလို လုပ်နိုင်ခွင့်ကိုလည်း အနီးဆုံး ကမ်းရိုးတန်း နိုင်ငံများကိုပဲ ပုဒ်မ (၆၀) အရ ပေးအပ်ထားခဲ့ပါတယ်။

 

သို့သော်လည်း ကမ်းရိုးတန်း နိုင်ငံများ ရဲ့ အဝေးမှာ ရှိတဲ့ ပင်လယ်ပြင်ကျယ်ကြီး အတွင်းမှာတော့ မည်သည့်နိုင်ငံမဆို ကျွန်းတု ဆောက်လုပ်ပိုင်ခွင့်ကို ပုဒ်မ (၈၇) အရ ခွင့်ပြုထားခဲ့ပါတယ်။ အမေရိကန်ကတော့ ပင်လယ်ပြင်အတွင်း သင်္ဘောလမ်းတွေ ပိတ်ဆို့မှုမရှိပဲ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ကာကွယ်ရန် မဆုပ်မနစ် သံဓိဠာန် ချထားခဲ့ပြီး ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်နောက်ပိုင်း မှာ ဒီသဘောထားဟာ အမေရိကန်ရဲ့ ကာကွယ်ရေး နဲ့ နိုင်ငံခြားရေး မူဝါဒ ရဲ့ ကျောရိုးကြီး ဖြစ်လာခဲ့ပါတယ်။ ဒီအတွက် တောင်တရုတ် ပင်လယ်သည် ကမ္ဘာကုန်သွယ်ရေး အတွက် လွန်စွာမှ အရေးပါလာခဲ့ရပါတယ်။

 

မြောက်ကိုရီယား အရေးကိုလည်း မေ့ထားလို့ မဖြစ်ပြန်ပါဘူး။ မြောက်ကိုရီယားသည်လည်း တရုတ်အတွက် အပေးအယူ လုပ်လို့ရတဲ့ အရာတခုလို ဖြစ်လာခဲ့ရပါတယ်။ တရုတ်က အများအမြင်မှာ မြောက်ကိုရီယားကို ပြဿနာ ရှာသူလို့ ယူဆချင်ဟန်ဆောင်ထားပေမယ့် နောက်ကွယ်ကနေ လက်ခုပ်တီးပေးနေပါတယ်။ အမေရိကန်က မြောက်ကိုရီယားသည် တရုတ် ဖန်တီးခဲ့တဲ့ ပြဿနာ ဖြစ်တာမို့ ကိုယ့်ဖာသာ ဖြေရှင်းဖို့ သဘောထားပေမယ့် တရုတ်ကတော့ အမေရိကန်တို့ ပြဿနာ ရှာလို့ ဖြစ်လာရတာလို့ ယူဆခဲ့ပြန်ပါတယ်။

 

တရုတ် အစိုးရက မြောက်ကိုရီယားကို အမေရိကန်အား တောင်တရုတ်ပင်လယ်ကနေ အာရုံလွှဲလို့ရမယ့် တည်ကြက် အဖြစ် အသုံးချနေတာပါ။ ဒီလို လုပ်နေရသော်လည်း သတိကြီးစွာ ထားနေရပါတယ်။ အကယ်၍ အမေရိကန်တို့ မြောက်ကိုရီယားကို ဝင်ရောက် တိုက်ခိုက်လာလို့ ရှိရင် မိမိကော၊ ရုရှားပါ လက်ပိုက် ကြည့်နေလို့ မဖြစ်ဆိုတာ သိထားလို့လည်း ဖြစ်ပါတယ်။ ဒီအနေအထားကို ကင်ဂျောင်အန် ရော အမေရိကန်တို့ကပါ သိထားကြတဲ့ အတွက် ကင်ဂျောင်အန်းက ပိုပြီး တထောင်ထောင် လုပ်လာနေတာလည်း ဖြစ်ပါတယ်။

 

၂၀၁၇ ဇူလိုင်လ မှာတော့ တရုတ် နဲ့ ရုရှားတို့က ဒုံးကျည်စမ်းသပ်မှုတွေ ရပ်ဆိုင်းဖို့ မြောက်ကိုရီယားကို တိုက်တွန်းလာခဲ့ပါတယ်။ အမေရိကန်ကိုလည်း တောင်ကိုရီယား နဲ့ ပေါင်းပြီး စစ်ရေးလေ့ကျင့်မှုတွေ အကြီးအကျယ် လုပ်နေတာ ရပ်ဆိုင်းသင့်ကြောင်းလည်း အဆိုပြုလာပါတယ်။ မြောက်ကိုရီယားက ဒါကိုပဲ လိုလားနေပါတယ်။

 

၂၀၁၇ ဇူလိုင် ၅ ရက်နေ့မှာ ရုရှား တို့ အကြံပေးတဲ့ အတိုင်း စစ်ရေးလေ့ကျင့်မှုတွေကို အမေရိကန်နဲ့ တောင်ကိုရီယားဖက်က ရပ်ဆိုင်းပေးခဲ့ပါတယ်။

 

သမိုင်းကြောင်း အရ ဒုတိယ ကမ္ဘာစစ် အပြီးမှာ ကိုရီယား ကျွန်းဆွယ်အား လတ္တီကျု ၃၈ မျဉ်းအရ တောင် နှင့် မြောက် ပိုင်းခြားပေးခဲ့ပြီး မြောက်ပိုင်းကို ဆိုဗီယက်တပ်များက သိမ်းပိုက်ခဲ့ကြကာ တောင်ပိုင်းကို အမေရိကန်တပ်တွေက ရယူလိုက်ပါတယ်။ နောက်ပိုင်း ပြန်လည် ပေါင်းစည်းရေး အတွက် စေ့စပ် ဆွေးနွေးခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပါဘူး။

 

၁၉၅၀ မှာ မြောက်ကိုရီယား တပ်များသည် တောင်ပိုင်းသို့ ကျူးကျော် တိုက်ခိုက်လာခဲ့တဲ့အတွက်၊ အမေရိကန် သမ္မတ ဟာရီ ထရူးမင်းက တောင်ကိုရီယားကို ကူညီရန် အမေရိကန်တပ်များကို ညွှန်ကြားလိုက်ပါတယ်။ ကုလသမဂ္ဂကလည်း အမေရိကန်ကို ထောက်ခံမှု ပေးကာ တပ်အင်အား စုစည်းပေးခဲ့ပြန်ပါတယ်။ ဤသို့ဖြင့် ကုလသမဂ္ဂတပ်များ မြောက်၏ ကျူးကျော်မှုကို တွန်းလှန်ပြီး မြောက်ကိုရီယားထဲ ဖြတ်ကျော် ဝင်ရောက်လာ ချိန်မှာတော့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ဆိုဗီယက် အကူအညီ နဲ့ မြောက်ကိုရီယားဖက်မှ ဝင်ရောက် တိုက်ခိုက်ပေးလာပါတယ်။ ကုလတပ်များအား မူလ နယ်ခြားမျဉ်း ဖြစ်သော ၃၈ မျဉ်းပြိုင်အထိ ပြန်လည် မောင်းထုတ်နိုင်ခဲ့ပါတယ်။

 

မြောက်ကိုရီယားသည် နျူကလီယား လက်နက်များကို အမေရိကန်တို့ မျက်စိအောက်မှာပင် အစမှ အဆုံး အောင်မြင်စွာ ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ ၂၀၁၇ ဇူလိုင်လ ၄ ရက်နေ့တွင် တိုက်ချင်းပစ် ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ် ပစ်ခတ်နိုင်ခဲ့တာနဲ့ တပြိုင်တည်း မိမိတို့သည် ယခုအခါ ကမ္ဘာပေါ်ရှိ မည်သည့် နေရာမဆို ပစ်ခတ်နိုင်စွမ်း ရှိနေပြီဟု ထုတ်ဖေါ် ပြောဆိုလာခဲ့ပါတယ်။ မြောက်ကိုရီယားတို့ရဲ့ အနှစ်နှစ် အလလ က ဆုတောင်းများ အကောင်အထည် ပေါ်သွားခဲ့ခြင်းပင် ဖြစ်ပါတယ်။

 

လက်ရှိမှာတော့ စီးပွားရေး ဒဏ်ခတ်မှု နဲ့ စေ့စပ်ညှိနှိုင်းမှုတွေ တခုမှ မအောင်မြင်ခဲ့တာ တွေ့ရပါတယ်။ မြောက်ကိုရီယားအနေနဲ့ ၎င်းတို့ရဲ့ အောင်မြင်မှုတွေ အပေါ် ယစ်မူးလာနေပြီး ဘယ်သူ့စကားကိုမှာ နားထောင်ဖို့ စိတ်မဝင်စားတော့ပါဘူး။

 

ဤသို့ဖြင့် အရှေ့အာရှမှာ ရုရှား-တရုတ်-မြောက်ကိုရီယား ဝင်ရိုးတန်း အုပ်စုကြီး ပေါ်ထွန်းလာခဲ့ပြီး တောင်တရုတ်ပင်လယ်မှာ တရုတ်ကို ဇက်အုပ်ဖို့ အမေရိကန် ရဲ့ အကြံအစည်တွေကို အကြီးအကျယ် စိမ်ခေါ်လာနေပြီ ဖြစ်ပါတယ်။

 

တရုတ်နဲ့ စစ်ရေး အရ ဖြစ်စေ၊ ကုန်သွယ်ရေး အရ ဖြစ်စေ၊ လေးနက်တဲ့ အတိုင်းအတာအထိ ရောက်လာ မယ်ဆိုရင်တော့ နှစ်ဖက်စလုံး ထိခိုက် ဆုံးရှုံးဖို့ ဖြစ်လာမယ်ဆိုတာတော့ သိထားဖို့ လိုပါတယ်။ စစ်ပွဲဆိုသည်က စာရွက်ပေါ်မှာ တိုက်နေရခြင်းမျိုး မဟုတ်။ ပါးစပ်နဲ့ အော်ဟစ်ပြောဆိုနေရုံနဲ့ မပြီးပဲ တဖက်ဖက်က ပြတ်ပြတ်သားသား အနိုင်ရတဲ့အထိ တိုက်ရမယ့် ပွဲမျိုး ဖြစ်ပါတယ်။

 

နောက်တချက် က အမေရိကန်ဟာ လက်ရှိမှာ ကမ္ဘာ၏ တခုတည်းသော အင်အားလွန်နိုင်ငံကြီး ဖြစ်နေတာမို့ တရုတ်နဲ့ ဖြစ်တဲ့ စစ်ပွဲမှာ ကြိမ်းသေ အနိုင်ရလိမ့်မယ်လို့ တွက်ဆထားလို့ မရပြန်ပါဘူး။

 

ပထမဦးဆုံး အဖြစ် တရုတ် နဲ့ ကုန်သွယ်ရေး စစ်ပွဲက ဘယ်ဆီကို ဦးတည်နေသလဲ ဆိုတာကြည့်ရပါ့မယ်။

 

တရုတ် နဲ့ မီးကုန်ယမ်းကုန် ထုတ်သုံးပြီး ကုန်သွယ်ရေး စစ်ပွဲကြီး ဖန်တီးလာရင်တော့ နှစ်နိုင်ငံစလုံးအတွက် ပျက်ဆီးကိန်း ဆိုက်သွားမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးမှာ ရှိတဲ့ စက်မှု လုပ်ငန်းတွေနဲ့ အလုပ်အကိုင်တွေ ပျက်ဆီး ဆုံးရှုံးကုန်မှာ ဖြစ်ပါတယ်။

 

ဥပမာ ပြောရရင် ၂၀၁၅ ခုနှစ် အတွင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းဇယားများအရ အမေရိကန်ကနေ တရုတ်ကို ဒေါ်လာ ၁၂၅ ဘီလီယံ တန်ကြေးရှိ လေယာဉ်ပျံတွေ၊ ပဲပိစပ်တွေ၊ ကားတွေ၊ အီလက်ထရောနစ် အစိတ်အပိုင်းတွေ၊ နျူကလီယား ဓါတ်ပေါင်းဖို တွေနဲ့ ဘွိုင်လာ အိုးတွေ တင်ပို့ခဲ့ပါတယ်။ တရုတ်ပြည်ကလည်း ဒေါ်လာ ၄၈၄ ဘီလီယံ တန်ဖိုးရှိ ကုန်စည်များကို အမေရိကန်သို့ ပြန်လည် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီလို အနေအထားရှိတဲ့အတွက် သူတို့ရဲ့ ကုန်စည်တွေကို ဒဏ်ခတ်တဲ့ သဘောနဲ့ အခွန် ပိုပြီး စည်းကြပ်လာမယ်ဆိုရင်တော့ တရုတ်က လက်တုန့်ပြန်လာမှာလည်း ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ရောင်းထားတဲ့ တစ် တြီလီယံ တန်ဘိုးရှိ ငွေချေး စာချုပ်တွေကို အပြင်ဈေးကွက် မှာ ထုတ်ရောင်းတာတို့၊ ငွေတန်ဖိုး ချပြစ် လိုက်တာ မျိုးတွေနဲ့လည်း တုန့်ပြန် နိုင်ပါတယ်။

 

တဖက်မှာလည်း တရုတ်နဲ့ စစ်ဖြစ်လာရင် တိုတောင်းတဲ့ အချိန်အတွင်းမှာပဲ နျူကလီယား စစ်ပွဲကြီး အသွင် ကူးပြောင်းသွားနိုင်ပြီး ရုရှား၊ မြောက်ကိုရီယား နဲ့ နေတိုး မဟာမိတ်နိုင်ငံတွေ စစ်ထဲ ဝင်ပါလာရဖို့ ရှိနေပါတယ်။ ဒီအတွက် တတိယ ကမ္ဘာစစ်ကြီး မလွှဲမသွေ ပေါ်ပေါက်လာရတော့မှာ ဖြစ်ပါတယ်။ ဒီအခါကျ ကမ္ဘာကုန်သွယ်ရေး အားလုံးလည်း ကမောက်ကမ ဖြစ်ကုန်ပြီး တောင်တရုတ် ပင်လယ်အပါအဝင် နိုင်ငံတကာ ရေကြောင်း သွားလာ ကူးသန်း ရောင်းဝယ်နေတာတွေလည်း ပျက်စီးသွားရတော့မှာပါ။

 

တရုတ်က အချိန်ကို ကောင်းစွာ အသုံးချနိုင်ခဲ့တယ်လို့ ပြောရင် မမှားပါဘူး။ ယခုအချိန်မှာ တရုတ် အဖို့ အရင်က အမှားတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ နဲ့ အရှက်တကွဲ ဖြစ်ခဲ့ရမှုတွေကို ပြန်ထေနိုင်ဖို့ အချိန်ကောင်းပဲ ဖြစ်ပါတယ်။ လောလောဆယ် တောင်တရုတ် ပင်လယ်အတွင်း ရှိ ခေတ်သစ် ပိုးလမ်းမကြီးသည် တိုင်ဝမ်အရေးကို အာရုံစိုက်စရာ မလိုလောက်အောင် အခွင့်အရေး တခု အဖြစ် ပေါ်ထွက်လာခဲ့ပြီး ရှေ့တန်း စည်း ကို ခိုင်မာလာစေနိုင်ပါတယ်။

 

နောက်တချက် က တောင်တရုတ် ပင်လယ်သည် တရုတ် တို့ အဖို့ အရှေ့အလယ်ပိုင်း ကို ရွှေလမ်း ငွေလမ်း ဖေါက်နိုင်ဖို့ ဖြစ်လာပါတယ်။ တရုတ်တို့ အဖို့ လိုချင်တဲ့ စွမ်းအင်မှန်သမျှ ကို တောင်တရုတ် ပင်လယ်ထဲက ခူးခပ် သုံးစွဲနိုင်ပြီ ဖြစ်တာကြောင့် အရှေ့အလယ်ပိုင်းက ရေနံတွေကို မျက်စိကျနေလို့ရယ် မဟုတ်ပါဘူး။ အဓိကကတော့ အဲ့ဒီဒေသမှာ အမေရိကန်တို့ တွင်ကျယ်နေတာ ကို တန်ပြန်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ရေနံ အလျံပယ် ရှိနေရုံ နဲ့ ကျေနပ်နေလို့မဖြစ်သေးပဲ ကမ္ဘာရေနံ တွေကို ထိန်းချုပ်နိုင်မှသာ ကမ္ဘာကြီးကို ထင်သလို စေစားနိုင်မယ် ဆိုတာကို သိနေကြပါတယ်။

 

လောလောဆယ်မှာ အမေရိကန်သည် ကမ္ဘာအကြီးဆုံး ရေနံ တွင်းတွေ ပိုင်ဆိုင်မထားပေမယ့် ကမ္ဘာရေနံတွေကို ထိန်းချုပ်ထားနိုင်စွမ်း ရှိနေပါတယ်။ ဥရောပ ကုန်းမြေကြီးသည် ရာစုနှစ်ပေါင်းများစွာ အင်ပိုင်ယာတွေ ပြိုလဲ အသစ် ပြန်စနဲ့ ရှိလာခဲ့ရာက ကမ္ဘာစစ်ကြီး နှစ်ခုနဲ့ အင်ပိုင်ယာတွေ ဆုံးခန်းတိုင်ဘဝ ရောက်ရှိသွားခဲ့ရပါတယ်။

 

နှစ်ဆယ်တစ်ရာစု နှစ် အကူးအပြောင်းကစပြီး တဟုန်ထိုး ထောင်တက်လာနေရုံမျှမက ရဲတင်းစွာပဲ အမေရိကန်ရဲ့ ဩဇာအာဏာ ကို ဖြိုဖျက်ဖို့ ကြံစည်လာနေတဲ့ တရုတ်ပြည်နဲ့ စတင်ရင်ဆိုင်လာခဲ့ရပြီ ဖြစ်ပါတယ်။ အထူးသဖြင့် အနည်းဆုံးအနေအထားအရ တော်လောက်ပြီ ဆိုတဲ့ သဘောနဲ့ အရှေ့ဖျားမှာ အမေရိကန် ရဲ့ အာဏာစက်ကို ဖုတ်ကြည်းမီးသဂြိုလ် ပြစ်နိုင်ဖို့ အာရုံစိုက်နေပါတယ်။

 

နှစ်ပေါင်းနှစ်ထောင်ကျော် ဖြတ်ကျော်လာခဲ့တဲ့ ယဉ်ကျေးမှု ကို အဆုံးသတ်ပြီး ယဉ်ကျေးမှု အသစ်တဖန် တည်ထောင်ဖို့ အားထုတ်ကြိုးပမ်းနေကြချိန်လည်း ဖြစ်ပါတယ်။ သို့သော် သူ့လမ်းကြောင်း အတိုင်းသာ ရှေ့ကို ရွေ့လျားဖို့ ရွေးချယ်ထားတဲ့ သမိုင်းဘီးကြီးကတော့ ကြိုမမြင်နိုင်တဲ့ လမ်းကြောင်း ပေါ် ရွေ့လျားရတော့မှာပဲ ဖြစ်ပါတယ်။

 

တရုတ်တို့က မိမိတို့ အတွက် ရွှေခေတ် တခတ် ဖန်တီးနိုင်တော့မယ်လို့ မျှော်မှန်းထားတဲ့ တောင်တရုတ် ပင်လယ်ပြင်သည် ယဉ်ကျေးမှု သစ်ကြီး နိဂုံးချုပ်သွားနိုင်တဲ့ အကြောင်းတရား ဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာတော့ တရုတ်က အဆိုပါ ပင်လယ်ပြင်ကြီးကို ယမ်းအိုးကြီး အသွင် ဖန်တီးနေပြီ ဖြစ်ပါတယ်။ ယမ်းအိုးကြီးသာ ပေါက်ကွဲထွက်သွားလို့ ရှိရင်တော့ တရုတ်၊ အမေရိကား အပါအဝင် ကမ္ဘာကြီး အဖို့ ပြန်လည် ပြင်ဆင်နိုင်ခြင်း မရှိတော့တဲ့ လမ်းကြောင်းကို လျှောက်လှမ်းရဖို့ ပဲရှိနေပါတော့တယ်။

 

ကိုးကား။ ။

1. China’s hacking against U.S on the rise: U.S. intelligence official. By Jim Finkle and Christopher Bing (Reuters, December 11, 2018)

2. History.com

3. South China Sea, Energy Information Administration (EIA)

4. The Cultural Revolution: All you need to know about China’s political convulsion by Tom Phillips (The Guardian (UK), May 10, 2016)

5. The World’s Wartime Debt to China by Rana Mitter (The New York Times, October 17, 2013)

6. Asia Society

7. Is it true that Xi Jinping is essentially non-educated due to cultural revolution? By Paul Walker, Ph. D from Harvard University.

8. The South China Sea: A look into China’s “Modern Times Maritime Silk Road” and Its Geopolitical Implications by Fritz Dufour (September 22, 2019)