ဗစ်တာ အော်ဘန် လည်း အရေး နိမ့် နိုင်သည်ဆိုပါက၊ ၎င်းကို အားကျ ကြည်ညိုကြသည့် ရုရှားနှင့် အမေရိကန်ရှိ ပုဂ္ဂိုလ်များသည်လည်း ရှုံးနိမ့်နိုင် ပေသည်။
ဟန်ဂေရီနိုင်ငံ၏ အာဏာရှင်ဆန်သော ဝန်ကြီးချုပ် ဗစ်တာ အော်ဘန် ကို အနိုင်ရဖို့ အတွက် သာမန်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ သို့မဟုတ် မူဝါဒအသစ်များဖြင့် ဖော်ပြခြင်းမျိုး လောက် နှင့် တော့ မလုံလောက်၊ လူတန်းစားပေါင်းစုံ ပါဝင်သော၊ မျိုးချစ်စိတ်ဓာတ်ကို အခြေခံသည့် လူထုလှုပ်ရှားမှုကြီးတရပ်ကို အခိုင်အမာ တည်ဆောက်နိုင် ခဲ့ ခြင်း ကြောင့်သာ ဟန်ဂေရီအတိုက်အခံများသည် ကမ္ဘာတဝန်းရှိ နိုင်ငံရေးအခင်းအကျင်းကို မှောက်လှန်ပစ် နိုင်ခဲ့ကြခြင်း ဖြစ်သည်။
အော်ဘန်၏ ရှုံးနိမ့်မှုဖြင့် MAGA လှုပ်ရှားမှုသည် "ရှောင်လွှဲ၍မရနိုင်" ဆိုသည့် ယူဆချက်ကို အဆုံးသတ်စေခဲ့သည်။ ထို့အပြင်—ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် ပြောလေ့ရှိသည့်—အာဏာရှင်ဆန်သော ပါတီများသည်သာ "စစ်မှန်သော" ပြည်သူများ၏ ထောက်ခံမှုကို ရရှိထားသောကြောင့် အမြဲတမ်း အနိုင်ရနေမည်၊ အာဏာကို ထာဝရဆုပ်ကိုင်ထားနိုင်မည် ဆိုသည့် ယုံကြည်ချက်ကိုလည်း ရိုက်ချိုးလိုက်ခြင်းဖြစ်သည်။
အမှန်စင်စစ်တွင် သမိုင်းသည် ထိုသို့ သွားနေသည် မဟုတ်။ "စစ်မှန်သော" ပြည်သူများသည်လည်း ၎င်းတို့၏ အုပ်ချုပ်သူများကို ငြီးငွေ့လာကြသည်။ အတွေးအခေါ်ဟောင်းများသည်လည်း ရိုးအီသွားကြသည်။ လူငယ်မျိုးဆက်သစ်များသည်လည်း ရှေးရိုးစွဲဝါဒများကို မေးခွန်းထုတ်လာကြသည်။ အာဏာရှင်ဆန်မှုသည် နောက်ဆုံးတွင် အဂတိလိုက်စားမှုဆီသို့သာ ဦးတည်သွားတတ်သည်။ ထို့ကြောင့် အော်ဘန်ပင် ရှုံးနိမ့်နိုင်သည်ဆိုပါက၊ သူ့ကို အားကျကြည်ညိုကြသည့် ရုရှားနှင့် အမေရိကန်မှ ပုဂ္ဂိုလ်များသည်လည်း ရှုံးနိမ့်နိုင်စမြဲဟု ဆိုလိုခြင်း ဖြစ်သည်။
ဟန်ဂေရီ အတိုက်အခံခေါင်းဆောင် ပီတာ မာဂျာ သည် ယခုအခါ မဲအရေအတွက် အပြတ်အသတ် ဖြင့် အနိုင်ရရှိသွားခဲ့ပြီး၊ ၎င်း၏ တိဇာ ပါတီတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ပြီ ဖြစ်သည်။ ဤသို့အနိုင်ရရန်အတွက် ၎င်းတို့သည် ဥရောပဒီမိုကရေစီနိုင်ငံများတွင် ထုံးစံအားဖြင့် မရှိတတ်သည့် အဟန့်အတား အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ကြရသည်။
အော်ဘန်ကိုယ်တိုင် "အာဏာရှင်ဆန်သော စနစ်" ဟု တင်စားခဲ့သည့် အုပ်ချုပ်ရေးအောက်တွင် ၁၆ နှစ်ကြာ ဖြတ်သန်းပြီးနောက်၊ ၎င်း၏ ဖီဒက်စ် ပါတီသည် တရားစီရင်ရေး၊ ဗျူရိုကရေစီ ယန္တရားနှင့် တက္ကသိုလ်အများစုကို ထိန်းချုပ်ထားခဲ့သည့်အပြင်၊ နိုင်ငံစီးပွားရေး၏ အစိတ်အပိုင်းအတော်များများကို လည်း ခရိုနီ ကုမ္ပဏီအုပ်စုများက လက်ဝါးကြီး အုပ်ထားနိုင်ခဲ့သည်။
အော်ဘန်သည် တိုင်းပြည် အာဏာကို အသုံးချ၍ အာဏာရှင်ဆန်သော နိုင်ငံတကာအင်အားစုများ၊ လက်ယာစွန်းရောက် ထောက်ခံသူများနှင့် ၎င်းတို့ထဲမှ အချို့၏ ငွေကြေးထောက်ပံ့မှု ယန္တရားများဖြင့် ကွန်ရက်ကြီးတစ်ခုကို တည်ဆောက်ခဲ့သည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး နောက်ဆုံးအပတ်များတွင် ထိုမိတ်ဆွေများနှင့် အကျိုးခံစားခွင့်ရရှိမည့်သူများသည် အော်ဘန်၏ဘေးတွင် စုရုံးလာကြသည်။
အော်ဘန်သည် ဒေါ်နယ်ထရမ့်၊ ဂျေဒီဗန့်စ် ၊ ဘင်ဂျမင် နေတန်ယာဟု၊ ပြင်သစ်လက်ယာစွန်းခေါင်းဆောင် မာရင်းလီပန်၊ ဂျာမန်လက်ယာစွန်းခေါင်းဆောင် အဲလစ် ဝီဒယ်လ် တို့အပြင် အာဂျင်တီးနား၊ ပိုလန်၊ ဆလိုဗက်ကီးယား၊ ဘရာဇီးနှင့် အခြားနိုင်ငံများမှ အာဏာရှင်ဆန်သော ခေါင်းဆောင်များ၏ ကိုယ်တိုင်လာရောက်အားပေးမှု သို့မဟုတ် နှုတ်ဖြင့် ထောက်ခံအားပေးမှုများကို ရရှိခဲ့သည်။
ထို့အပြင် အော်ဘန်၏ လူမှုကွန်ရက် မဲဆွယ်စည်းရုံးရေးကို အရှိန်မြှင့်တင်ပေးရန်နှင့် လှုံ့ဆော်မှုများ ဖန်တီးရန်အတွက် ရုရှားထောက်လှမ်းရေးအဖွဲ့တဖွဲ့သည် မြို့တော် ဘူဒါပတ်စ် တွင် အခြေစိုက်ထားကြောင်း ဟန်ဂေရီနှင့် အမေရိကန် သတင်းဌာနနှစ်ခုစလုံးက အစီရင်ခံခဲ့ကြသည်။
မာဂျာ အဖို့က ဟန်ဂေရီသတင်းမီဒီယာများသို့ ချဉ်းကပ်နိုင်ခွင့်ပင် မရ သလောက် ဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မီဒီယာအများစုကို နိုင်ငံတော် သို့မဟုတ် ဖီဒက်စ် ခရိုနီများက ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။ ၎င်းနှင့် ၎င်း၏ပါတီသည် လမ်းဘေး ကြော်ငြာဆိုင်းဘုတ် နေရာများ ရရှိရန်ပင် ကန့်သတ်ချက်များရှိခဲ့သည်။
ယင်းမှာ အာဏာရ ပါတီလောက် ငွေကြေးမတတ်နိုင်ခြင်းကြောင့်သာမက ကြော်ငြာနေရာအများအပြားကို အစိုးရက ထိန်းချုပ်ထားသောကြောင့်လည်း ဖြစ်သည်။ တိဇာ ခေါင်းဆောင်များနှင့် ထောက်ခံသူများသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ အခက်အခဲများကိုလည်း ရင်ဆိုင်ခဲ့ကြရသည်။ လွန်ခဲ့သော တနှစ်က တိဇာနိုင်ငံရေးသမားတစ်ဦးနှင့် တွေ့ဆုံခဲ့ရာတွင် ၎င်းက မာဂျာကို ထောက်ခံကြောင်း ကြေညာပြီးနောက်ပိုင်း ဇနီးဖြစ်သူ အလုပ်ပြုတ်သွားခဲ့ပြီး သူငယ်ချင်းများကလည်း ၎င်းကို စတင်ရှောင်ဖယ်လာကြကြောင်း ပြောပြခဲ့သည်။
တစ်ကြိမ်တွင်မူ ပါတီဝင်များကို နှောင့်ယှက်တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် တိဇာပါတီ၏ ဒေတာဘေ့စ် ကို ဟက်ခ် လုပ်ပြီး အွန်လိုင်းတွင် တင်ခဲ့ကြသည်။ လွန်ခဲ့သော သုံးပတ်ခန့်ကပင် ဘူဒါပတ်စ်မြို့ရှိ တိဇာခေါင်းဆောင် အများအပြားသည် ၎င်းတို့၏အမည်ကို ထုတ်မပြောရန် ကတိတောင်းပြီးမှသာ စကားပြောရဲကြသည့် အခြေအနေဖြစ်ခဲ့သည်။
မာဂျာနှင့် ၎င်း၏အဖွဲ့သည် အောက်ခြေတွင် အားသွန်ခွန်စိုက် ပြန်လည်တိုက်ပွဲဝင်ခဲ့ကြသည်။ ဘူဒါပတ်စ်ကဲ့သို့ မြို့ကြီးများတွင်သာ အခြေစိုက်နေပါက အနိုင်ရမည်မဟုတ်ကြောင်း သိရှိထားသဖြင့် ၂၀၂၄ ခုနှစ်ကတည်းက နိုင်ငံတဝန်းရှိ မြို့ငယ်လေးများနှင့် ကျေးရွာများအထိ မနားမနေ ခရီးလှည့်လည်ခဲ့ပြီး နေရာအတော်များများကို တစ်ကြိမ်ထက်မက သွားရောက်ခဲ့သည်။
မဲဆွယ်စည်းရုံးရေး နောက်ဆုံးရက်များတွင် တစ်နေ့လျှင် ရွေးကောက်ပွဲဆိုင်ရာ လူထုတွေ့ဆုံပွဲ ၅ ကြိမ် သို့မဟုတ် ၆ ကြိမ်အထိ ပြုလုပ်ခဲ့သည်။
၎င်းသည် အော်ဘန် အသားပေးပြောလေ့ရှိသည့် ကမ္ဘာ့ရေးရာများ၊ ယူကရိန်းစစ်ပွဲနှင့် "ယူကရိန်းသည် ဟန်ဂေရီကို တနည်းနည်းဖြင့် ပူးပေါင်းကြံစည်နေသည် သို့မဟုတ် ကျူးကျော်လာနိုင်သည်" ဆိုသော လုပ်ကြံဖန်တီးထားသည့် အကွက်များ ကို ရှောင်ရှားခဲ့သည်။ ယင်းအစား ၎င်း၏ ဟောပြောပွဲများနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် စီးပွားရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကဏ္ဍများကိုသာ အဓိကထား အာရုံစိုက်ခဲ့သည်။ ၎င်းကိုယ်တိုင် ဖီဒက်စ် ပါတီဝင်ဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် ဖီဒက်စ်ပါတီ၏ အဂတိလိုက်စားမှုများအကြောင်းကို အခိုင်အမာ ပြောဆိုနိုင်ခဲ့သည်။ မာဂျာသည် ၎င်းကိုယ်၎င်း ဥရောပ၏ ဒီမိုကရေစီဆန်ပြီး ဥပဒေကို လေးစားလိုက်နာသည့် လက်ယာအလယ်အလတ်ဝါဒီ တစ်ဦးအဖြစ် ပုံဖော်ခဲ့သည်။ ၎င်းနှင့် ၎င်း၏ ထောက်ခံသူများသည် ဟန်ဂေရီနိုင်ငံတော်အလံများကိုလည်း ဝှေ့ယမ်းပြခဲ့ကြသည်။
ပြင်းထန် သော ကန့်သတ်ချုပ်ချယ်မှုများ၊ ငွေကြေးနှင့် နိုင်ငံရေးအရ ဖိအားပေးမှုများ ရှိနေသည့်ကြားမှပင် ဟန်ဂေရီနိုင်ငံအတွင်း သတင်းဆက်လက် တင်ပြနိုင်ခဲ့ကြသော လက်တစ်ဆုပ်စာမျှသော သတင်းထောက်များသည်လည်း ထူးခြားသည့် ပြောင်းလဲမှုများကို ဖန်တီးနိုင်ခဲ့ကြသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း၌ နိုင်ငံအတွင်းရှိ အမှီအခိုကင်းသော သတင်းဌာန အနည်းငယ်ထဲမှ တစ်ခုဖြစ်သည့် Direkt36 ဝက်ဘ်ဆိုက်မှ စုံစမ်း ဖေါ်ထုတ်သူ သတင်းထောက် ဆာဘိုးလ် ပန်ညီ နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များသည် အော်ဘန်၏ ယူကရိန်းဆန့်ကျင်ရေး ဝါဒဖြန့်မှုများကို စိတ်ရှည်လက်ရှည်ဖြင့် ချေပခဲ့ကြသည်။ ၎င်းတို့သည် အော်ဘန်နှင့် သူ၏ နိုင်ငံခြားရေးဝန်ကြီးတို့သည် ပူတင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ် တို့နှင့် ပူးပေါင်းကြံစည်နေကြောင်းကို ပေါက်ကြားလာသည့် မှတ်တမ်းများနှင့် အသံဖိုင်များကို အသုံးပြု၍ ဖော်ထုတ်ပြသခဲ့ကြသည်။
ဤအသံဖိုင်များဖြင့် အော်ဘန်သည် "အချုပ်အခြာအာဏာကို အလေးထားသော ဝန်ကြီးချုပ်တစ်ဦး" ဖြစ်သည်ဟူသော "လိမ်ညာမှုကြီး" ကို ပန်ညီက ဖော်ထုတ်ပေးနိုင်ခဲ့သည်။ အမှန်စင်စစ်တွင် အော်ဘန်သည် ဟန်ဂေရီရိုးရာဓလေ့နှင့် အမျိုးသားရေးဝါဒအကြောင်းများကို လူရှေ့သူ ရှေ့ တွင် လေလုံးထွား၍ ကြွားဝါပြောဆိုလေ့ရှိသော်လည်း၊ ရုရှားခေါင်းဆောင်နှင့် ဖုန်း စကားသည့်အခါတွင်မူ မိမိကိုယ်ကိုယ် "ကြွက်ငယ်" တစ်ကောင်အဖြစ် တင်စားပြီး ပူတင်ကို "ခြင်္သေ့" အဖြစ် တင်စား ပြောဆို ခဲ့သည်။ နှစ်ပေါင်းများစွာတိုင်အောင် အော်ဘန်သည် ဂျော့ချ် ဆိုရော့စ် ၊ ဥရောပသမဂ္ဂနှင့် ရွှေ့ပြောင်းအခြေချသူများကဲ့သို့သော လျှို့ဝှက်သည့် ပြည်ပအင်အားစုများကို တိုက်ထုတ်နေရသည်ဟု အကြောင်းပြခဲ့သော်လည်း၊ လက်တွေ့တွင်မူ ၎င်းကိုယ်တိုင်က ပြည်ပအင်အားစုများအပေါ် တချိန်လုံး မှီခိုအားထားနေခဲ့ရသူ ဖြစ်သည်။
ထိုသတင်းစကားများသည် ဟန်ဂေရီလူငယ်ထုကြားတွင် အထူးပင် ပဲ့တင်ထပ်သွားခဲ့သည်။ ပြီးခဲ့သည့် သောကြာနေ့က ဘူဒါပတ်စ်မြို့လယ်ရှိ သူရဲကောင်းဗိမာန်ရင်ပြင် တွင် ကျင်းပသည့် ရော့ခ်ဂီတဖျော်ဖြေပွဲ၌ လူငယ် သောင်းပေါင်းများစွာသည် "ရုရှားတွေ၊ အိမ်ပြန်ကြတော့" ဟု ဟစ်ကြွေးခဲ့ကြသည်။ ဤဟစ်ကြွေးသံသည် ၁၉၅၆ ခုနှစ်က ဆိုဗီယက်စစ်သားများ ဟန်ဂေရီ ကို ကျူးကျော်ဝင်ရောက်စဉ်က ၎င်းတို့၏ ဘိုးဘွားများ ဟစ်ကြွေးခဲ့ကြသည့် ကြွေးကြော်သံနှင့် တထပ်တည်းပင် ဖြစ်သည်။
တိဇာ ပါတီသည် လွှတ်တော်အမတ်နေရာ၏ သုံးပုံနှစ်ပုံကျော်ကို အနိုင်ရရှိထား၍ မာဂျာ သည် ဖွဲ့စည်းပုံအခြေခံဥပ ဒေ ကို ပြင်ဆင်နိုင်ခွင့် ရရှိသွားပြီ ဖြစ်သည်၊ ထို့အတွက် အော်ဘန် မှ ဟန်ဂေရီဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အများပြည်သူဆိုင်ရာ နယ်ပယ်များအပေါ် ဖျက်ဆီးထားခဲ့သည့် များကို ပြန်လည်ပြင်ဆင်ခွင့် ရရှိစေမည် ဖြစ်သည်။
၎င်း၏ အောင်ပွဲခံမိန့်ခွန်းတွင် မာဂျာက သမ္မတ၊ ရှေ့နေချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အခြားသော အဖွဲ့အစည်းဆိုင်ရာ ခေါင်းဆောင်များကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည်။ ၎င်းအနေဖြင့် ဥရောပ၏ ဥပဒေရေးရာစနစ် အတွင်းသို့ ပြန်လည်ပူးပေါင်းသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ မျက်မြင်သက်သေတစ်ဦး၏ ပြောပြချက်အရ မာဂျာ၏ မိန့်ခွန်းကို တုံ့ပြန်သည့်အနေဖြင့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဟန်ဂေရီပြည်သူများက "ဥရောပ၊ ဥရောပ၊ ဥရောပ" ဟု တညီတညွတ်တည်း ဟစ်ကြွေးခဲ့ကြသည်။
ဤအပြောင်းအလဲသည် လွယ်လင့်တကူ ဖြစ်လာသည်ဟု ဟန်ဆောင်ပြောဆို နိုင်ကြမည် မဟုတ် ပေ။ ဖီဒက်စ် ပါတီသည် ဟန်ဂေရီနိုင်ငံ၏ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းအတော်များများကို ဆက်လက်လွှမ်းမိုးထားဆဲဖြစ်ပြီး၊ ထိုပါတီ၏ မိတ်ဆွေများနှင့် ထောက်ခံသူများသည် တိဇာ အစိုးရကို ဖြိုဖျက်ရန် အစွမ်းကုန် ကြိုးစားကြမည်သာဖြစ်သည်။ ထို့အပြင် အော်ဘန်သည် ဘဏ္ဍာရေး အရှုပ်အထွေး များစွာကိုလည်း ချန်ထားခဲ့သည်။
လေ့လာဆန်းစစ်သူ ဒါလီဘော် ရိုဟတ် ကမူ အော်ဘန်သည် နောက်တစ်ကြိမ် အာဏာပြန်ရရန် ကြံစည်နေသည့် အတွက် ထိုပြဿနာများ ချန်ထားခဲ့ရသည်ကိုပင် ကျေနပ်နေနိုင်သည်ဟု သုံးသပ်သည်။ "ပြီးခဲ့တဲ့ ၁၆ နှစ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ စီးပွားရေးဂယက်ရိုက်ခတ်မှုတွေကို အတိုက်အခံတွေ ဖြေရှင်းရအောင် လွှတ်ပေးထားခြင်းက အနာဂတ်မှာ အော်ဘန် အာဏာပြန်ရဖို့အတွက် လမ်းခင်းပေးရာ ရောက်နိုင်ပါတယ်" ဟု ရိုဟတ်က ယခုသီတင်းပတ်အစောပိုင်းတွင် သတိပေး ရေးသားခဲ့သည်။
အတိုက်အခံအချို့ကမူ အော်ဘန်က အာဏာကို တရားဝင်မလွှဲပြောင်းပေးမီ ရှေ့လာမည့် ရက်ပိုင်းနှင့် သီတင်းပတ်များအတွင်း ညစ်ပတ်သည့် နည်းလမ်းများ သုံးလာနိုင်သည်ဟု မျှော်လင့်ထားကြဆဲဖြစ်သည်။
မည်သို့ပင် ဖြစ်လာစေကာမူ ဤရွေးကောက်ပွဲသည် စစ်မှန်သော အချိုးအကွေ့တစ်ခုကို ကိုယ်စားပြုနေသည်က အမှန်ပင် ဖြစ်သည်။ ဥရောပအစိုးရအများစုအတွက်မူ ဤရလဒ်သည် စိတ်သက်သာရာရစရာတစ်ခု ဖြစ်သည် - တိဇာ ပါတီက မည်ကဲ့သို့သော အစိုးရမျိုးကို ဖွဲ့စည်းတည်ဆောက်မည်ဆိုသည်ကို အတိအကျ မသိနိုင်သေးသော်လည်း၊ ၎င်းသည် ဥရောပတွင် ရုရှား၏ လက်ကိုင်တုတ် အစိုးရမျိုးတော့ ဖြစ်လာမည်မဟုတ်ပေ။
ယူကရိန်းအတွက် ဥရောပသမဂ္ဂ၏ ရန်ပုံငွေထောက်ပံ့မှုများကို ပိတ်ပင်ခြင်း သို့မဟုတ် ရုရှားအပေါ် ဥရောပ၏ စီးပွားရေးပိတ်ဆို့မှုများကို အဟန့်အတားလုပ်ခြင်းမျိုးကိုလည်း ပြုလုပ်မည်မဟုတ်။
ထို့အပြင် ၎င်းသည် မိမိတို့၏ နိုင်ငံတော်အာဏာကို လက်ဝါးကြီးအုပ်လိုသူများ၊ အပြန်အလှန် ထိန်းကျောင်းမှုစနစ် (Checks and balances) ကို ဖျက်ဆီးလိုသူများ သို့မဟုတ် ပြည်သူများအပေါ် အာဏာရှင်ဆန်သော ဝါဒများကို အဓမ္မသွတ်သွင်းလိုကြသည့် အမေရိကန် သို့မဟုတ် ဥရောပသားများအတွက် လည်း စံနမူနာပြ အုပ်ချုပ်ရေးစနစ်တစ်ခုအဖြစ် ဆက်လက် တည်ရှိနေတော့မည် မဟုတ်။
(၂၀၂၆ ဧပြီ ၁၂ ရက် နေ့ထုတ် The Atlantic မဂ္ဂဇင်း တွင် ပါရှိသည့် ဆောင်းပါးရှင် Anne Applebaum ၏ Illiberalism Is Not Inevitable ဆောင်းပါးကို ပြန်လည် တင်ပြသည်။)