ပန်းများ မြင်လျင်ပင် ကြောက်ရွံ့နေကြသူများ

by Hla Soewai - Apr 19 2026

နယူး ယောက် တိုင်းမ် သတင်းစာကြီး အတွက် ဆောင်းပါးရှင် ဟာနာ ဘိခ်ျ မှ နိုင်ငံ အနှံ့လှည့်လည်ပြီး မျက်မြင် ကိုယ်တွေ့ ရေးသားထားခြင်း ဖြစ်၍ စစ်အုပ်စု ၏ အလိမ်အညာများကို "Where Even Flowers Stoke Fear" ပန်းများ မြင်လျင်ပင် ကြောက်ရွံ့နေကြသူများ ခေါင်းစဉ် ဖြင့် ဖေါ်ထုတ် ဖွင့်ချလိုက်သည့် ဆောင်းပါးလည်း ဖြစ်သည်။

 

နယူးယောက် တိုင်းမ် သည် ကမ္ဘာတွင် ဩဇာ လွှမ်းမိုးမှု အရှိဆုံး ဖြစ်ပြီး အိမ်ဖြူတော်၊ အေလီ‌ဇေး နန်းတော်၊ ဒေါင်းနင်းလမ်း အိမ်အမှတ် ၁၀ ရှိ သမ္မတ၊ ဝန်ကြီးချုပ် ရုံး စားပွဲများ ပေါ်တွင် နေ့စဉ်လို မပျက်မကွက် ထားပေးရသည့် သတင်းစာကြီးလည်း ဖြစ်သည်။

 

"ပန်းများ မြင်လျင်ပင် ကြောက်ရွံ့နေကြသူများ"

 

စစ်တပ်၏ အမိန့်အာဏာဖြင့်သာ အုပ်ချုပ်ခြင်းကို ခံခဲ့ရသည့် စစ်တက္ကသိုလ် (DSA) အဓိကဝင်ပေါက် ကြီး တွင်ကား အနီနှင့် ရွှေရောင်ဆိုင်းဘုတ်တွင် “နောင်တစ်ခေတ်၏ အောင်စစ်သည်များ” ဟူသော စာသားကို ဂုဏ်ယူဝင့်ကြွားစွာ ဖော်ပြထားသည်။

 

သို့သော် ယခုအခါတွင်မူ မြို့ထဲ၌ ဟိတ်ဟန်ထုတ် လျှောက်သွားနေသည့် အောင်စစ်သည် ဆိုသူများ မရှိတော့။ ပြင်ဦးလွင်မြို့ရှိ အဆိုပါ စစ်တက္ကသိုလ် အပါအဝင် အခြားသော စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းများမှ ဗိုလ်လောင်းများသည် တောင်ကုန်းများပေါ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ ရံဖန်ရံခါ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျောင်းဝင်းအတွင်း၌သာ ပုန်းအောင်းနေကြရသည်။ အခြေအနေမှာ အလွန်စိုးရိမ်စရာကောင်းနေသဖြင့် စစ်တက္ကသိုလ်များကို ပိုမိုဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့ရန် စီစဉ်ရသည် အထိ ဖြစ်ခဲ့ဖူးသည်။

 

မြန်မာစစ်ဗိုလ်ချုပ်များသည် လွန်ခဲ့ သော ငါးနှစ်က အာဏာ ထပ်သိမ်းခဲ့ရာမှ ပြင်းထန်သော ပြည်တွင်းစစ်မီးကြီး တောက်‌ လောင်လာခဲ့ကြသည်။ ၎င်းတို့သည် တိုင်းပြည်ကို အစိတ်စိတ်အမွှာမွှာ ဖြစ် အောင် လုပ်ခဲ့ကြပြီး ကမ္ဘာပေါ်တွင် ပြိုကွဲ မှု အများဆုံး ပဋိပက္ခဆိုးကြီးကို အမွေပေးခဲ့ကြသည်။ 

 

သို့သော် အဆိုးဝါးဆုံးမှာ စစ်တပ်သည် ယခုအခါတွင် အရပ်သားအုပ်ချုပ်ရေးယောင်ဆောင်၍ ကြွားဝါနေသော်လည်း အမှန်စင်စစ်တွင်မူ #ကြောက်ရွံ့ခြင်းတရားကသာလမ်းညွှန်အုပ်ချုပ်ပြီးဝါးမြိုနေသည့်နိုင်ငံတစ်ခု ကို ဖန်တီးထားခြင်းပင် ဖြစ်သည်။

 

The New York Times မှ ဓာတ်ပုံဆရာ Daniel Berehulak နှင့် ကျမသည် မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသတစ်ခွင် သုံးပတ်ကြာ သတင်းရယူခဲ့စဉ်အတွင်း ထိုကြောက်လန့်မှုများက လူတိုင်းအပေါ် မည်သို့သက်ရောက်နေသည်ကို မြင်တွေ့ခဲ့ရသည်။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က ကမ္ဘာတစ်ဝန်း အာဏာရှင်စနစ် ဒီရေမြင့်တက်လာမှုကြားတွင် ဆန့်ကျင်ဘက် အလားအလာကောင်းတစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သော နိုင်ငံတနိုင်ငံမှာ ယခုအခါ မည်သို့မည်ပုံ ရုပ်ပျက်ဆင်းပျက် ပျက်စီးနေပြီဖြစ်ကြောင်းကိုလည်း မြင်တွေ့ခဲ့ရသည်။

 

ယခုအခါ အရပ်သားပြည်သူများသည် စစ်တပ်၏ မညှာမတာ ဗုံးကြဲတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ထိတ်လန့်တုန်လှုပ်နေကြရသည်။ ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (A.C.L.E.D) ၏ အဆိုအရ ပြီးခဲ့သည့်နှစ်တွင် မြန်မာသည် ပါလက်စတိုင်းနယ်မြေများပြီးလျှင် ကမ္ဘာပေါ်တွင် ပဋိပက္ခဒဏ် အပြင်းထန်ဆုံးခံရသည့် နိုင်ငံဖြစ်ခဲ့သည်။ 

 

ထို့ပြင် လူငယ်တိုင်းကို ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်နိုင်သည့် စစ်မှုထမ်းဥပဒေကြောင့်လည်း ပြည်သူများမှာ ထိတ်လန့်ခြောက်ခြားနေကြရသည်။ စစ်ဆေးရေးဂိတ်များရှိ စစ်သားများက ဖုန်းကို တောင်းယူစစ်ဆေးသည့်အခါတိုင်းတွင်လည်း မတော်တဆ ပေးပို့မိသည့် စာတို သို့မဟုတ် Meme တခုခုကြောင့် ထောင်နန်းစံရမည်ကို စိုးရိမ်ပူပန်နေကြရသည်။ ဤသည်မှာ လူအချင်းချင်း မျက်လုံးချင်းမဆုံရဲဘဲ မေးခွန်းများကိုလည်း ပြန်မဖြေရဲသည့် နိုင်ငံ ဖြစ်လာနေသည်။ လူတို့သည် စကားကို လျှို့ဝှက်ကုဒ်များဖြင့်သာ ပြောဆိုကြသည်၊ သို့မဟုတ်ပါက လုံးဝနှုတ်ဆိတ်နေကြတော့သည်။

 

စစ်တပ်ကိုယ်တိုင်ကလည်း ကြောက်ရွံ့နေရသည်။ အာဏာသိမ်းပြီးနောက် လက်နက်ကိုင်စွဲလာကြသည့် ဒီမိုကရေစီလိုလားသော အင်အားစုများ၏ လုပ်ကြံသတ်ဖြတ်မှုများကြောင့် စစ်ဝတ်စုံဝတ်ထားသူ သို့မဟုတ် ဗိုလ်ချုပ်ကြီးများနှင့် ပူးပေါင်းဆောင်ရွက်သူ မှန်သမျှသည် ပစ်မှတ်ထားခံနေရသည်။ ယခင်က လက်ဆွဲအိတ်ကိုင် တပည့်များ ခြံရံကာ လူကြားထဲ ဟိတ်ဟန်ထုတ် လျှောက်သွားလေ့ရှိသည့် စစ်ဗိုလ်များ ယခုအခါ လုံးဝပျောက်ကွယ်သလောက် ရှိသွားပြီဖြစ်သည်။ စစ်တပ်နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် (ခရိုနီ) များသည်လည်း အချင်းချင်း မသင့်မမြတ်ဖြစ်နေသော ဗိုလ်ချုပ်ကြီးများ၏ ဖယ်ရှားရှင်းလင်းမှုကို ခံရနိုင်ကြောင်း သိထားကြသည်။ အချို့မှာမူ ဒူဘိုင်းနှင့် အခြားသော ပြည်ပဆိပ်ကမ်းမြို့များသို့ တိမ်းရှောင်သွားကြပြီဖြစ်သည်။

 

ဒီဇင်ဘာလနှောင်းပိုင်းမှ ဇန်နဝါရီလနှောင်းပိုင်းအထိ စစ်အုပ်စု သည် ၎င်းတို့၏ လက်ဝေခံပါတီကို ယှဉ်ပြိုင်နိုင်မည့် အတိုက်အခံအစစ်အမှန် မရှိသည့် ရွေးကောက်ပွဲများကို စီစဉ်ကျင်းပခဲ့သည်။ 

 

သို့သော်လည်း ဗိုလ်ချုပ်ကြီးများမှာ စိုးရိမ်စိတ်မပြေနိုင်ဘဲ ရှိနေသည်။ ၎င်းတို့သည် နိုင်ငံ၏ ထက်ဝက်မကသော နယ်မြေများတွင်သာ ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများကိုလည်း မျိုးချစ်စိတ်ပြသသည့်အနေဖြင့် မဲပေးရန် သတိပေးခဲ့ကြသည်။

 

စစ်တပ်၏ လက်ဝေခံပါတီကပင် ထင်မှတ်ထားသည့်အတိုင်း အနိုင်ရရှိခဲ့ပြီး မင်းအောင်လှိုင်ကို ယခုလတွင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ရန် လမ်းခင်းပေးခဲ့သည်။ ထိုရွေးကောက်ပွဲများသည် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးလုပ်ငန်းများအတွက် ပြန်လည်ပွင့်လင်းလာပြီဖြစ်ကြောင်း ကမ္ဘာကို အချက်ပြရန် ကြိုးပမ်းချက်တစ်ခု ဖြစ်ခဲ့သည်။ ပျက်စီးနေသော စီးပွားရေးကို ပြန်လည်ကုစားရန်အတွက် စစ်တပ်အနေဖြင့် တည်ငြိမ်မှုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို လိုအပ်နေသည်။ စစ်တပ်ပိုင် သတင်းမီဒီယာများကမူ ၎င်းတို့ကသာ သတ်မှတ်ပြဋ္ဌာန်းထားသည့် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဟူသည့် ထူးခြားသော အမျိုးသားနိုင်ငံရေး လမ်းစဉ်ဆီသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

 

ယခုနှစ်အစောပိုင်းတွင် နိုင်ငံတစ်ဝန်း လှည့်လည်သွားလာခဲ့စဉ်အတွင်း ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့မှာ ပို၍ ဆိုးရွားပြန့်နှံ့လာနေသည်ကိုသာ မြင်တွေ့ခဲ့ရသည်။ စစ်တပ်၏ အုပ်ချုပ်မှုကို တော်လှန်ပုန်ကန်မှုများကို အမြစ်ပြတ်ချေမှုန်းရန် ကြိုးပမ်းမှုကြောင့် ပြီးခဲ့သည့်နှစ်အတွင်း လူပေါင်း ၁၃,၇၀၀ ကျော် သေဆုံးခဲ့ကြောင်း A.C.L.E.D. ၏ ရှာဖွေတွေ့ရှိချက်အရ သိရသည်။ အရပ်သားများအပေါ် လေကြောင်းမှ တိုက်ခိုက်မှုများသည်လည်း စံချိန်တင် မြင့်တက်နေပြီး တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ အသေခံဒရုန်းများသာမက ပါရာဂလိုင်ဒါ များကိုပင် အသုံးပြု၍ သတ်ဖြတ်နေကြသည်။ ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများသည် အဓိက ပစ်မှတ်ထားတိုက်ခိုက်ခံရသည့် နေရာများ ဖြစ်နေကြသည်။

 

ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်အုပ်စုက ကြိုတင်စီစဉ်ထားသည့် ရွေးကောက်ပွဲကျင်းပနိုင်မှုကို ဂုဏ်ပြုနေစဉ်အတွင်း တိုက်လေယာဉ် နှစ်စင်းသည် နိုင်ငံ၏ အပူပိုင်းဒေသဖြစ်သော အညာ ရှိ ရွာတရွာမှ မူကြိုကျောင်းနှင့် ခိုလှုံရာနေရာများပေါ်သို့ ပေါင်ရာချီလေးသော ဗုံးများကို ကြဲချခဲ့သည်။ ထို့နောက် ကျေးရွာကို စက်သေနတ်များဖြင့် တရစပ် ပစ်ခတ်ခဲ့ကြသည်။ 

 

ရက်အနည်းငယ်အကြာတွင် ကျမတို့သည် ပျက်စီးနေသော အပျက်အစီးများကြား၌ ခြေလှမ်းတိုင်းတွင် အုတ်ခဲကျိုးများ၏ တဂျွတ်ဂျွတ်မြည်သံကို ကြားရင်း လျှောက်လှမ်းခဲ့ကြသည်။ မိမိအိမ်ရှေ့ရှိ ပျက်စီးဆုံးရှုံးမှုများ၊ နားထဲတွင် ပဲ့တင်ထပ် နေဆဲဖြစ်သော ပေါက်ကွဲသံကြီးများနှင့် သေအံ့ဆဲဆဲ ကလေးငယ်တစ်ဦး၏ ညည်းတွားသံများကို ပြန်လည်ပြောပြရင်း ကိုမျိုးဆန်းသည် မျက်ရည်ကို ထိန်းကာ စကားလုံးများကို အနိုင်နိုင် ပြောနေရရှာသည်။

 

“သူတို့ ဘယ်အချိန်မှာ လာ ဗုံးကြဲ မလဲဆိုတာ မသိရတော့ အမြဲတမ်း ကြောက်နေရတာပဲ” ဟု သူက ပြောသည်။ “ဒါတွေက ဘယ်တော့မှ ပြီးဆုံးမလဲဆိုတာလည်း ကျွန်တော် မသိတော့ပါဘူး။”

 

ပျက်စီးယိုယွင်းနေသော မူကြိုကျောင်း၏ အပျက်အစီးများကြားတွင် ကလေးကစားစရာ မြင်းရုပ်နှစ်ရုပ်နှင့်အတူ ငြိမ်းချမ်းရေးသင်္ကေတဖြစ်သော ချိုးငှက်ရုပ်ပုံလေး ထည့်သွင်းရမည့် ကလေးငယ်များ၏ ပဟေဠိ ကစားစရာချပ်လေးတစ်ခုလည်း ပြန့်ကျဲလျက် ရှိနေခဲ့သည်။

 

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ စစ်တပ်သည် တလကြာ ရွေးကောက်ပွဲကျင်းပသည့် ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၄၀၀ ကျော် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

"စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေ ခံစားနေရတဲ့ နက်ရှိုင်းလှတဲ့ မျှော်လင့်ချက်မဲ့မှုတွေကို ပိုပြီးတော့ပဲ ဆိုးရွားစေခဲ့ပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ် က ပြောကြားခဲ့သည်။

 

စစ်အုပ်စု ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ အင်တာဗျူးတစ်ခုတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် တော်လှန်ရေးလက်နက်ကိုင်များကိုသာ ပစ်မှတ်ထားခြင်းဖြစ်ပြီး အရပ်သားများကို ပစ်မှတ်ထားခြင်းမဟုတ်ကြောင်း ပြောဆိုခဲ့သည်။ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ အဆိုအရ အရပ်သား ၃၀ ကျော် သေဆုံးခဲ့ရသည့် ရခိုင်ပြည်နယ်အနောက်ပိုင်းရှိ ဆေးရုံတစ်ခုကို ဒီဇင်ဘာလအတွင်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍လည်း ၎င်းက ရည်ညွှန်းပြောဆိုခဲ့သည်။

 

“ဒီဆေးရုံကို အကြမ်းဖက်သမားတွေ အသုံးပြုနေတယ်ဆိုတဲ့ ခိုင်မာတဲ့ သတင်းအချက်အလက်ကို ကျွန်တော်တို့ ရရှိခဲ့တာပါ။ အဲ့ဒီမှာ ဆေးရုံတက်နေတဲ့သူတွေဟာလည်း အရပ်သားတွေ မဟုတ်ကြပါဘူး” ဟု ၎င်းက ဆိုသည်။

 

ထိတ်လန့်ချောက်ခြားစရာများသည် ကောင်းကင်ယံမှသာ ကျရောက်လာသည်မဟုတ်ပေ။ စစ်တပ်သည် တော်လှန်ရေးအင်အားစုများထံမှ နယ်မြေများကို ပြန်လည်သိမ်းပိုက်သည့်အခါ သို့မဟုတ် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ကို ရှုံးနိမ့်သည့်အခါတိုင်း စစ်သားများသည် ကျေးရွာများအတွင်းသို့ ဝင်ရောက်ကာ အိမ်များကို လောင်စာဆီများဖြင့် ပက်ဖျန်းမီးရှို့ခဲ့ကြသည်။ အညာဒေသတွင် ကျမတို့သည် လတ်တလော မီးလောင်ဆုံးရှုံးသွားသော ၎င်းတို့၏ နေအိမ်များအတွက် ငိုကြွေးနေကြသည့် ဒေသခံများနှင့် တွေ့ဆုံခဲ့ရသည်။

 

မီးလောင်ပျက်စီးနေသော အပျက်အစီးများကြားတွင် စစ်တပ်က မြေမြှုပ်မိုင်းများကိုလည်း မကြာခဏ ထောင်ထားလေ့ရှိသည်။ မြေမြှုပ်မိုင်း အသုံးပြုမှု ရပ်တန့်ရေး လှုပ်ရှားနေသောအဖွဲ့၏ အဆိုအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်နေသည်။ ထိုလက်နက်သည် အရပ်သားများကိုသာ မတန်တဆ သေကျေပျက်စီးစေသည့် လက်နက်လည်း ဖြစ်သည်။

 

နိုင်ငံအလယ်ပိုင်း ဒေသများတွင် ခံစားနေရသော ဆင်းရဲဒုက္ခများသည် ပြီးခဲ့သည့်နှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပိုမိုဆိုးရွားခဲ့ရသည်။ ထိုငလျင်ကြောင့် တရားဝင်စာရင်းများအရ လူပေါင်း ၄,၀၀၀ ခန့် သေဆုံးခဲ့သော်လည်း အမှန်တကယ်တွင် ထိုထက်မက ပိုမိုများပြားနိုင်ပါသည်။ တော်လှန်ရေးအင်အားစုများကို ထောက်ခံသည်ဟု ယူဆရသော အညာဒေသများတွင်မူ ငလျင်လှုပ်ပြီး တစ်နှစ်ကျော်ကြာသည်အထိ ပျက်စီးဆုံးရှုံးမှုများကို ရှင်းလင်းရန် စစ်အုပ်စု က ဆောင်ရွက်ပေးခြင်း မရှိသလောက်ပင် ဖြစ်သည်။

 

တစ်ချိန်က နိုင်ငံခြားသား ခရီးသွားများကို ဆွဲဆောင်နိုင်ခဲ့သည့် ရှေးဟောင်းမင်းနေပြည်တော်ဟောင်းဖြစ်သော အင်းဝမြို့ဟောင်း ရှိ ရှေးဟောင်းဘုရားပုထိုးများမှာလည်း ယခုအခါ စေတီပုထိုးများ ပြိုကျကာ ဗုဒ္ဓရုပ်ပွားတော်များ ပျက်စီးလျက် စွန့်ပစ်ထားခြင်း ခံနေရသည်။ ဒေသခံများအနေဖြင့် ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေကြသော်လည်း နိုင်ငံ၏ လေးပုံတစ်ပုံခန့်မှာမူ ပြင်းထန်သော ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေကြရသည်။

 

လွန်ခဲ့သော ငါးနှစ်က အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံရေးပြစ်မှုများနှင့် ဆက်နွှယ်ပြီး အနည်းဆုံး လူပေါင်း ၃၀,၈၀၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။ အာဏာပိုင်တို့သည် အနောက်နိုင်ငံထုတ် လူမှုကွန်ရက်အက်ပလီကေးရှင်းများ အသုံးပြုခြင်း (သတင်းအမှန်များကို ဖတ်ရှုမိမည်ကို စိုးရိမ်သောကြောင့်)၊ ဆိုင်ကယ်တစီးတွင် အမျိုးသားနှစ်ဦး တွဲစီးခြင်း (စစ်တပ်လိုလားသူများကို လုပ်ကြံသတ်ဖြတ်မည်ကို စိုးရိမ်သောကြောင့်) နှင့် အကျဉ်းကျခံနေရသော အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ပန်းပန်ခြင်း (သူမ၏ အမှတ်အသားဖြစ်သော ပန်းပွင့်များမှတစ်ဆင့် လူထုထောက်ခံမှု ဆက်လက်ရှင်သန်နေမည်ကို စိုးရိမ်သောကြောင့်) စသည့် အာဏာရှင်ဆန်သော တားမြစ်ချက်များကို ထုတ်ပြန်ခဲ့သည်။

 

စစ်တပ်သည် ၎င်းတို့ကာကွယ်ပါသည်ဟု ဆိုနေသော နိုင်ငံနှင့် ၎င်းတို့ကိုယ် ၎င်းတို့ သီးခြားခွဲထုတ်ထားသည်။ ၎င်းတို့၏ လူမှုကွန်ရက်မှာ သီးခြားဖြစ်နေသလို မိသားစုဝင်များသည်လည်း ပုံမှန်လူ့အဖွဲ့အစည်းနှင့် ကင်းကွာနေကြသည်။ 

 

တစ်ချိန်က နယ်ချဲ့ဗြိတိသျှတို့ ဖြုတ်ချခဲ့သော မင်းမျိုးမင်းနွယ်များ နေထိုင်ခဲ့သည့် မန္တလေးနန်းတွင်း ကျုံးအတွင်း၌ ရွှေရောင်ဝင်းပသော အဆောက်အအုံများကို စစ်အခြေစိုက်စခန်းတစ်ခုက ဝန်းရံထားသည်။ နန်းတွင်းသို့ ဝင်ရောက်ခွင့်ရသည့် အနည်းငယ်သော ဧည့်သည်များသည်လည်း စစ်သားများကို ဓာတ်ပုံမရိုက်ရန် သတိပေးခံရသည်။ ယနေ့ခေတ် မြန်မာနိုင်ငံတွင် စစ်သားများကို ၎င်းတို့၏ ပုံမှန်ဝန်းကျင်အတိုင်း မြင်တွေ့နိုင်သည့် ရှားရှားပါးပါး နေရာတခုလည်း ဖြစ်သည်။

 

နှစ်ပေါင်းများစွာတစ်လျှောက် စစ်တပ်သည် လူမျိုးပေါင်းစုံနေထိုင်သော နိုင်ငံတော်ကြီး ပြိုကွဲမသွားစေရန်အတွက်ဟုဆိုကာ ၎င်းတို့၏ အကြိမ်ကြိမ်အာဏာသိမ်းမှုများကို တရားဝင်ကြောင်း ခုခံပြောဆိုခဲ့ကြသည်။

 

သို့သော် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုသည်သာ ယနေ့ဖြစ်ပွားနေသော ပြည်တွင်းစစ်နှင့် ကြောက်ရွံ့ခြင်းအုပ်စိုးမှုတို့ ဖြစ်ပေါ်လာစေသည့် အဓိကတွန်းအား ဖြစ်ခဲ့သည်။

 

နောင်တစ်ခေတ်၏ အောင်စစ်သည် များပင်လျှင် ထိုအချက်ကို သိရှိထားကြပုံရသည်။ အမေရိကန်၏ ဝက်စ်ပွိုင့် နှင့် တူညီသည်ဟု ကြွေးကြော်နေသော စစ်တက္ကသိုလ်သို့ တက်ရောက်သူဦးရေမှာ သိသိသာသာ ထိုးကျသွားခဲ့သည်။ အာဏာမသိမ်းမီက ဗိုလ်လောင်းတစ်ပတ်စဉ်လျှင် ၅၀၀ ခန့် ရှိခဲ့သော်လည်း ယခုအခါ ၁၀၀ ပင် မပြည့်တော့ကြောင်း ဆရာများနှင့် ဝန်ထမ်းများက ဆိုကြသည်။

 

ကျောင်းဆင်းသည်နှင့် တစ်ပြိုင်နက် အရာရှိသစ်များသည် အနားယူချိန် တရက်မျှပင် မရဘဲ ရှေ့တန်းစစ်မျက်နှာများသို့ တိုက်ရိုက်စေလွှတ်ခြင်း ခံကြရသည်။ ၎င်းတို့ အုပ်ချုပ်ရမည့် လူ အများစုမှာလည်း စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူခံထားရသူများသာ ဖြစ် နေပြန်သည်။

 

မြန်မာနိုင်ငံ၏ မည်သည့်နေရာသို့ပင်သွားစေကာမူ လူငယ်များ မရှိတော့သည်မှာ သိသာထင်ရှားလှသည်။ အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံသား အနည်းဆုံး နှစ်သန်းခန့်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု ယူဆရပြီး အများစုမှာ စစ်မှုထမ်းရမည်ကို ရှောင်လွှဲရန်အတွက် ဖြစ်သည်။

 

ကျန်ရှိနေသူများမှာလည်း အချိန်မရွေး ကျ‌ ရောက်လာမည့် အန္တရာယ် အတွက် ရင် တထိတ်ထိတ် နှင့် နေ နေကြရသည်။ လူပေါင်း ၄၀၀ ကျော်မှာ ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။ ချိုးဖောက်မှုများထဲတွင် “တော်လှန်ရေး” ဟူသော စကားလုံးကို အသုံးပြုခြင်းလည်း ပါဝင်သည်။ 

 

လူငယ်တစ်ဦးမှာ ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြမှုကြောင့် ထောင်ဒဏ် ၄၉ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။ ၎င်း၏အစ်ကိုဖြစ်သူ ကိုဝင်း (အမည်လွှဲ ထားသူ) မှာ နိုဝင်ဘာလအတွင်းကမှ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ စစ်တပ်၏ ညှဉ်းပန်းနှိပ်စက်မှုမှာ ပုံစံအမျိုးမျိုးဖြင့် လာသည် - ၎င်း၏ ခန္ဓာကိုယ်ကို ငှက်ကင်သကဲ့သို့ တုတ်နှောင်ခြင်း၊ စစ်ဖိနပ်ဖြင့် မျက်နှာကို နင်းခြေခြင်းနှင့် စီးကရက်မီးဖြင့် အရေပြားကို ထိုးခြင်းတို့ ခံခဲ့ရသည်။

 

"အဲဒီတုန်းက ကျွန်တော်ဟာ သူတို့အိတ်ကပ်ထဲက ဖားတစ်ကောင်လိုပါပဲ” ဟု ကိုဝင်းက သူ၏ အားကိုးရာမဲ့ဖြစ်ခဲ့ရသည့် အခြေအနေကို ပြန်လည်အမှတ်ရရင်း တုန်ရီနေသော အသံ၊ တုန်ယင်နေသော လက်အစုံဖြင့် ပြောပြသည်။ “မြန်မာနိုင်ငံက လူငယ်တွေ ဖြစ်တဲ့ ကျွန်တော်တို့ အတွက်ဝောာ့ ဘာမျှော်လင့်ချက်မှ မရှိတော့ပါဘူး။"

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!