ဧရာဝတီ က ဘာမဆို လုပ်ရဲတဲ့ သူ ကို ဒဲ့ စိန်ခေါ်

by Hla Soewai - Apr 19 2026

ဘာမဆို လုပ်ရဲသူ ဖြစ်သည့် အတွက်လည်း ကိုယ့်ကိုကိုယ် အာဏာ ပြန်လွှဲပြီး သမ္မတ တု အဖြစ် အရှက် သိက္ခာ ဘေးချိတ်ပြီး လုပ်လာသည့် မင်းအောင်လှိုင်အား အချက် သုံးချက် ကို လုပ်ရဲလားဟု ဧရာဝတီက ဒဲ့ စိန် ခေါ် လိုက်ပြီ ဖြစ်သည်။

 

ပထမ ဆုံး အဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ကြီး ဦးဝင်းမြင့် အပါအဝင် နှစ်သောင်း နီးပါး ရှိသည့် နိုင်ငံရေး အကျဉ်းသား များ လွှတ်ပေးရဲလား ဟူ ၍ ဖြစ်သည်။

 

၎င်း၏ ဆရာသမား ဖြစ်သူ ဗိုလ်သန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲ အပြီး ၆ ရက် အကြာတွင်ပင် လွှတ်ပေးရဲသည့် သတ္တိရှိသူ တဦး ဖြစ်သည်။ ထိုကဲ့သို့ လုပ်ရဲမည်လောဟု နိုင်ငံတကာ က စောင့် ကြည့် နေပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးဝင်းမြင့် ကို ဆက်၍ ချုပ်နှောင်ထားသရွေ့၎င်း ၏ သမ္မတ ဆိုသည် ကို အရိပ်မည်းကြီး ထိုးနေဦးမည်သာ ဖြစ်သည်။

 

၎င်း၏ စကားထဲတွင် တော့ သင့်လျော်သလို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ထည့်ပြောလာသည်၊ ရာပြည့်က ဒေါ်အောင်ဆန်းစုကြည်အား သွားတွေ့သည် ဆိုသော ကောလဟာသများ ထွက်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

 

ဝါရှင်တန် သည် အီရန်စစ်ပွဲကြောင့် အလုပ်များနေခြင်း မဟုတ်၊ ဧပြီ ၇ ရက် တွင် ဗီယက်နမ် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံရသည့် တူ လန် ကို ဂုဏ်ပြု ချီးကျုးကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။ နောက်သုံးရက် အကြာ သမ္မတ ဆိုကာ ဖြစ်လာသော မင်းအောင်လှိုင်ဆီကိုကား ဖုတ်လေသည့် ငပိ ရှိသည်ဟု ပင် မထင်ခဲ့ပေ။

 

ဒုတိယ အချက် အဖြစ် စိန်ခေါ်လာသည်က အတင်းအကျပ် စစ်မှု ထမ်း ဥပဒေကို ဖျက်သိမ်းရဲလား ဆိုသည်ပင် ဖြစ်သည်။ မင်းအောင်လှိုင်သည် တိုင်းပြည် ကုန်ထုတ်စွမ်းအား များ၏ ပင်မ အင်အား ဖြစ်သော အလုပ်လုပ် နိုင်စွမ်း ရှိသည့် လူငယ်လူရွယ် များကို စစ်မြေပြင် သို့ မောင်းလွတ်နေပြီး တိုင်းပြည် စီးပွားရေး တိုးတက် အောင် လုပ်မည်ဟု ကြွေးကြော်နေသူ ဖြစ်သည်။ စစ်မှုထမ်းထဲ ပါသူ များ အပြင် ကျန်ခဲ့သူများလည်း ပြည်တွင်း တွင် မနေရဲတော့၍ နည်းမျိုးစုံ ဖြင့် ပြည်ပသို့ ထွက်ခွာနေရပြီ ဖြစ်သည်။

 

ထိုင်းနိုင်ငံတွင် မြန်မာလူဦးရေနှင့်ပတ်သက်ပြီး တရားဝင်မှတ်ပုံတင်ထားသော အရေအတွက်မှာ ၂.၂၇ သန်းခန့်ရှိသည်ဟုဆိုသော်လည်း IOM (နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှုအဖွဲ့အစည်း) ကဲ့သို့သော အဖွဲ့အစည်းများက ခန့်မှန်းထားသည့်အတိုင်း ပုံမှန်မဟုတ်သော အရေအတွက် အပါအဝင် စုစုပေါင်း ၄.၁ သန်းအထိ ရှိနိုင်ကြောင်း ဧရာဝတီ တွင် ဖေါ်ပြထားသည်၊ ထိုအရည်အတွက်သည် ထိုင်းနိုင်ငံတနိုင်ငံတည်း တွင်ပင် တိုင်းပြည် လူဦးရေ၏ ၇.၈ ရာနှုန်း အထိ ရှိနေသည်။

 

တိုင်းပြည် စီးပွားရေး ကို အောက်ခြေမှ ပြိုလဲအောင် လုပ်နေသည့် စစ်မှု မထမ်းမနေရ ဥပဒေကို ပယ်ဖျက်ရဲလား ဆိုသည်က စောင့်ကြည့် ရမည် ဖြစ်သည်။

 

တတိယ အချက်ကား လက်ရှိ ကျူးလွန်နေသော ပြည်သူများအား ဗုံးကြဲ သတ်ဖြတ်နေ မှု ကို ရပ်ဆိုင်းပစ်ရဲလား ဆိုသည်ပင် ဖြစ်သည်။ ဤသည်ကား ၎င်းနှင့် ပုံမှန် ဆက်ဆံရေး ပြန်လည် တည်ဆောက်ရန် အာဆီယံ အပါအဝင် နိုင်ငံတကာက တောင်းဆိုနေသည့် အဓိက အချက်ပင် ဖြစ်သည်။

 

ထိုသို့ မလုပ်ရဲပါက ယခုလို ပင် တရုတ်၊ ကုလား၊ ရုရှားက လွဲ၍ မည်သူကမျှ အသိအမှတ် မပြုသည့် သမ္မတ အဖြစ် ရေစုံ မျောပေတော့မည်။ ၎င်း ခေါ်ထဲ့၍ လွှတ်တော်ထဲ ရောက်လာရသည့် USDP ဥက္ကဌ မှ အစ အမတ် ဆိုသူများလည်း နိုင်ငံတကာက အသိအမှတ် မပြုသည့် လွှတ်တော်ကြီး ထဲ ဝင်ထိုင်နေရသည်သာ အဖတ်တင်ပေတော့မည်။

 

ကိုယ့်ကိုကိုယ် သမ္မတ အဖြစ် ပြန်ခန့်ပြီး အုပ်ချုပ်မည့် အဖွဲ့တွင်လည်း အာဏာရ USDP အား မကောင်းတတ်၍ အရေးမပါသော နေရာများ သာ ခွဲဝေပေးပြီး ၎င်း၏ လက်ပါးစေများ ဖြစ်သည့် အဂတိလိုက်စားမှု၊ လူ့အခွင့်အရေးချိူးဖောက်မှုများ ဖြင့် နာမည်ပျက်ရှိသူများနှင့် စစ်ဗိုလ်ချုပ်ဟောင်း များ ထည့်သွင်း ဖွဲ့စည်းလာခဲ့သည်။

 

၎င်း၏ မိနစ် နှစ်ဆယ်ကြာ အပြောတွင်လည်း တိုင်းပြည်၏ ပျက်စီးယိုယွင်းနေသော စီးပွားရေး၊ မိုးထိလု မတတ် ထိုးတက်နေသော ကုန်စျေးနှုန်းများနှင့် အလုပ်လက်မဲ့ဦးရေ အတိုင်း အဆ မရှိ မြင့်တက်လာ နေမှု များအပေါ် မင်းအောင်လှိုင်က မရေရာသော မူဝါဒပြန်လည်သုံးသပ်မှုများနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ကတိကဝတ်များကိုသာ ပေးခဲ့သည်။ လျှပ်စစ်မီး ပြတ်တောက်မှုနှင့် လောင်စာဆီ ပြတ်လပ်မှု ပြဿနာများအတွက် ၎င်း ဖြေရှင်းမည့် နည်းမှာ လျှပ်စစ်ကားများ ပိုမိုတင်သွင်းရန်နှင့် နေရောင်ခြည်စွမ်းအင် ပိုမိုထုတ်လုပ်ရန်ဖြစ်ပြီး ယင်းတို့မှာ သူ၏ မိသားစုအကျိုးစီးပွားနှင့် ဆက်နွှယ်နေသော စီးပွားရေးလုပ်ငန်းများ ဖြစ်နေသည်။ ကျားဖြန့်များ နှိမ်နှင်းရေး ကို တလုံး တပါဒမျှ ထည့် ပြောသွားခြင်းတော့ မရှိ။

 

ဤသည်ကို ကြည့်ခြင်း အားဖြင့် မင်းအောင်လှိုင် တွင် အကြံသစ် ဉာဏ်သစ်များ မရှိ၊ မျက်နှာသစ်များလည်း နေရာ ‌ မပေးရဲဘဲ မွဲပြာပုဆိုး အပြောများ၊ ကတိကဝတ် များ နှင့် ၎င်းအား တွယ်ကပ်နေသည့် အပေါင်းအပါ လူယုံတော်များ ဖြင့် ထွက်လာခြင်းသာ ဖြစ်သည်။

 

မြန်မာ နောင်းက သုံးသပ်ရာတွင် မင်းအောင်လှိုင်က ၎င်း၏ သစ္စာခံ ရဲဝင်းဦးကို စစ်တပ်၏ အမြင့်ဆုံးရာထူးပေးပြီး အရပ်ဝတ်ပြောင်း၊ နိုင်ငံရေးအာဏာ ဆက်ဆုပ်ကိုင်သွားမည့် လမ်းကြောင်းသည့် သမ္မတ ဖြစ်ချင်လွန်းသည့် အတ္တကြောင့် အန္တရာယ်ကြီးမားလှသည့် လောင်းကြေးထပ်ခြင်း တစ်မျိုးဟု ဆိုသည်။

 

ရဲဝင်းဦးသည် ယခုအခါ နိုင်ငံ၏ အကြွင်းမဲ့ အာဏာကို တည်ဆောက်ခွင့် လက်ဝယ် ရရှိသွားပြီ ဖြစ်သည်။

 

စစ်တပ် လက်ကိုင်မရှိတော့သည့် အာဏရှင်ဟောင်းများ၏ လုံခြုံ‌ ရေး အာမခံ ချက် သည်လည်း အမြဲလို ကုန်ဆုံးသွား လေ့ ရှိသည်ကို ကိုယ်ကျင့်တရား ထက် အာဏာနဲ့ တက်လမ်းအတွက် ဇတ်တူသား စား လေ့ ရှိသည့် စစ်တပ် သမိုင်း တလျောက် ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်တို့ ၏ ဖြစ်စဥ်များက ထပ်ခါတလဲလဲ သက်သေပြထားပြီးဖြစ်သည်ဟု ဆိုသည်။

 

ရှေ့လျောက် လည်း တနေ့တခြား ၎င်း အပေါ် တိုးသည်ထက် တိုးလာနေသော ပြည်သူများ၏ မကျေနပ် မှု များ ကို ကျော်လွှားနိုင်မည်လော ဆိုသည်က စောင့်ကြည့်ရတော့မည် ဖြစ်သည်။

 

မြန်မာတို့၏ ချစ်စရာ နှစ်သစ်ကူး အတာ ရေသဘင်ပွဲ ကို မည်သည့်အခါမျှ ဆင်နွှဲခွင့် မရရှာတော့မည့် အသက် ပေးတိုက်ပွဲဝင်သွားခဲ့ကြရှာသော တော်လှန်ရေး ဘက်တော်သား များ၊ အကျဉ်းကျနေရှာသူ တို့၏ ကျေးဇူးကို အသိအမှတ်ပြု ထောက်ထားသော အားဖြင့်လည်း ဆင်ခြင်သင့်သည့်ပွဲလည်း ဖြစ်ပေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!