မင်းအောင်လှိုင်သည် နိုင်ငံ၏ အကြီးအကဲအဖြစ် ၎င်း၏ ရာထူးနေရာကို အတည်တကျဖြစ် အောင် လုပ်လာသည်ကို ကြည့်မည် ဆိုက စစ်တပ်သည် ခေတ္တထိန်းသိမ်းပေးထားသည့် အဖွဲ့အစည်းမဟုတ်ဘဲ နိုင်ငံကို ရေရှည် ထိန်းချုပ် သွားမည် ဖြစ်ကြောင်း ပြသနေခြင်းပင် ဖြစ်သည်။
သို့သော်လည်း ယခု အခါ တွင် တော့အခြေအနေများက ၎င်းတို့ အပိုင်တွက်ဆ ထားသလို ဖြစ်လာနိုင်မည် မဟုတ် ဆိုသည့် ထူးခြားချက် များ ထွက်ပေါ်လာနေသည်။ အင်ဒိုနီးရှားတွင် တရားစွဲဆိုထားသည့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တိုင်ကြားချက်သည် ဥပဒေကြောင်းအရ သာမက နိုင်ငံရေးအရ ပါ သက်ရောက် နိုင်မှု ကြောင့်လည်း အရေးပါ နေခြင်းဖြစ်သည်။
အာဆီယံ ၏ နှစ်ပေါင်းများစွာကြာအောင် "ဝင်ရောက်မစွက်ဖက်ရေးဝါဒ" သည် မြန်မာစစ်တပ်အား ဒေသတွင်းနိုင်ငံများ၏ ထိရောက်စွာ ဖိအား ပေးနိုင်မှု များမှ အကာအကွယ်ပေးထားသကဲ့သို့ ဖြစ်နေခဲ့သည်။
အင်ဒိုနီရှား ကဲ့သို့ အာဆီယံ ထိပ်တန်းနိုင်ငံတနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှုများကို ထောက်ခံရန် သို့မဟုတ် ကူညီပေးရန် ယခုအခါ ဆန္ဒရှိလာခြင်းသည် ယခင်ကရှိခဲ့သော ဘုံသဘောတူညီချက်ဟောင်းများ ပြိုကွဲပျက်စီးတော့မည့် အလားအလာကို ညွှန်ပြနေခြင်းပင် ဖြစ်သည်။
ထိုသို့သော အပြောင်းအလဲသည် အဘယ့်ကြောင့် လွန်စွာ အရေးပါလှသနည်း ဆိုမူ ဒေသတွင်း တရားဝင်မှု သည် စစ် အုပ်စု အတွက် ရေရှည် ကြံ့ကြံ့ခံနိုင် စွမ်း ရှိစေသည့် အဓိက အရင်းအမြစ်တစ်ခု ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများသည် စီးပွားရေးအရ ထိခိုက်မှုရှိစေသော်လည်း စစ်တပ်၏ မဟာဗျူဟာမြောက် တွက်ချက်မှုများကို အခြေခံကျကျ မပြောင်းလဲနိုင်ခဲ့ပေ။ အိမ်နီးချင်းနိုင်ငံများမှ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုများသည် ထိုထိခိုက်မှုများကို လျော့ပါးစေရန် ကူညီပေးခဲ့သည်။ အကယ်၍ ထိုဒေသတွင်း အကာအကွယ်အတားအဆီးများ စတင် ပျက်ယွင်းလာပါက စစ်အုပ်စု ရင်ဆိုင်နေရသော မဟာဗျူဟာမြောက် အနေအထားသည် သိသိသာသာ ပြောင်းလဲသွားမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် နိုင်ငံတကာ ဥပဒေရေးရာ အခင်းအကျင်းသည်လည်း လွန်ခဲ့သော ဆယ်စုနှစ်များထက်စာလျှင် တာဝန်ခံမှု၊ တာဝန်ယူမှုများကို ပိုမိုဖော်ဆောင်နိုင်သည့် ဘက်သို့ ပြောင်းလဲတိုးတက်လာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့သည့် အမှုသည် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် Genocide Convention အရ နိုင်ငံတော်အဆင့် တာဝန်ရှိမှုကို စစ်ဆေးနိုင်သည့် လမ်းစတစ်ခုကို ဖော်ဆောင်ပေးခဲ့ပြီးဖြစ်သည်။
ထို့အပြင် နိုင်ငံအသီးသီးရှိ တရားရုံးများတွင် "ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်" အရ အမှုဖွင့် တိုင်ကြားမှုများလည်း ကျယ်ပြန့်လာနေသည်။ ၎င်းတို့ ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှု များ အပေါ် အထောက်အထား မှတ်တမ်းပြုစုမှုများသည်လည်း ယခင်ကထက် ပိုမိုစနစ်ကျလာပြီး ဒစ်ဂျစ်တယ်နည်းပညာဖြင့် ထိန်းသိမ်းလာနိုင်သောကြောင့် ဖျက်ဆီးပစ်ရန် ပိုမိုခက်ခဲလာပြီ ဖြစ်သည်။
တာဝန်ခံမှု၊ တာဝန်ယူမှုများ ဖော်ဆောင်ရန်အတွက် လိုအပ်သည့် အခင်းအကျင်းများက အဆင်သင့် ရှိနေပြီးသားဖြစ်သည်။ ယခင်က လိုအပ်နေခဲ့သည်မှာ ထိုအဆောက်အအုံများကို စနစ်တကျနှင့် ရေရှည်တည်တံ့အောင် အသုံးချမည့် နိုင်ငံရေးအရ ဆန္ဒ ရှိနေမှု သာ ဖြစ်သည်။ ထို့ကြောင့်ပင် ယခုအချိန်အခါသည် အဆုံးအဖြတ်ပေးနိုင်သည့် အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ချေ ရှိနေသည်။ အချက်သုံးချက်ဖြစ်သော— ပွင့်လင်းစွာ အမြစ်တွယ်နေသည့် စစ်အာဏာရှင်စနစ်၊ ယခင်က ကျင့်သုံးခဲ့သည့် စံနှုန်းဟောင်းများကို ချိုးဖျက်ရန် ဒေသတွင်းနိုင်ငံများ၏ ဆန္ဒရှိလာခြင်းနှင့် ပိုမိုခိုင်မာအားကောင်းလာသည့် ဥပဒေရေးရာ မူဘောင်များ— စသည်တို့ ပေါင်းဆုံမိခြင်းက ယခင်က မရှိခဲ့ဖူးသည့် အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးနေသည်။ မြန်မာဗိုလ်ချုပ်များ ရင်ဆိုင်နေရသော အကျိုးအမြတ်နှင့် ရင်းနှီးရမည့်တန်ဖိုး တွက်ချက်မှုများသည် ပထမဆုံးအကြိမ် အဖြစ် သိသိသာသာ စတင်ပြောင်းလဲလာနိုင် သည်။
ထိုထက် ပိုမိုကျယ်ပြန့်သော ပထဝီနိုင်ငံရေး ရှုထောင့်တစ်ခုလည်း ရှိနေသေးသည်။ ကမ္ဘာတစ်ဝှမ်းရှိ အာဏာရှင်စနစ်ကျင့်သုံးသော အစိုးရများသည် မြန်မာနိုင်ငံ၏ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြသည်။ ၎င်းတို့ ရရှိသွားမည့် သင်ခန်းစာများသည် အရှေ့တောင်အာရှ ဒေသထက် များစွာ ကျော်လွန်သွားမည် ဖြစ်သည်။
အကယ်၍ စစ်အုပ်စုသည် အာဏာကို အောင်မြင်စွာ တည်ဆောက်နိုင်ပြီး၊ ပိတ်ဆို့အရေးယူမှုများကို ကြံ့ကြံ့ခံ ရှောင်လွှဲနိုင်ခဲ့မည်ဆိုလျှင် အန္တရာယ် ကြီးမားလှ သော စံနမူနာတခု အဖြစ် အခိုင်အမာ ထွက်ပေါ်လာလိမ့်မည် ဖြစ်သည်။ ထိုစံနမူနာမှာ— နိုင်ငံတကာဥပဒေများနှင့် ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုများ ရှိနေသည့် ခေတ်ကာလတွင်ပင် ပြတ်ပြတ်သားသား လုပ်ရဲသည့် အာဏာရှင်အစိုးရများသည် မည်သည့်ပြစ်ဒဏ်မှ ခံရခြင်းမရှိဘဲ ဆက်လက် ရပ်တည်နိုင်သည်ဟူသော အချက်ပင် ဖြစ်သည်။
ထို အကြောင်းရင်းကြောင့်ပင် ယခုအချိန်အခါသည် အလွန်အရေးကြီး နေရခြင်းလည်း ဖြစ်သည်။ ၎င်းတို့ ယခင်ကျူးလွန်ခဲ့ကြသော ပြစ်မှုများကို အတွက်သာမကဘဲ လက်ရှိဖြစ်ပွားနေသော ပြစ်မှုများ၏ ဦးတည်ချက်လမ်းကြောင်းကို ပြောင်းလဲပုံဖော်ရန်အတွက်လည်း ဖြစ်သည်။
ဒေသတွင်း နိုင်ငံရေး အခင်းအကျင်းသည် နောက်ဆုံးတွင် စတင်ပြောင်းလဲလာနေပြီ ဖြစ်သည်။ ထပ်၍ လိုအပ်နေသည်က ထိုအချက်အလက်အားလုံးကို စုစည်းပြီး ဟန်ချက်ညီသော မဟာဗျူဟာတစ်ရပ်အဖြစ် ဖော်ဆောင်နိုင်မည့် ပြတ်သားသော ဆုံးဖြတ်ချက်ပင် ဖြစ်သည်။
တော်လှန် ရေး အင်အားစုများ ဖက်တွင်လည်းမတ်လ ၃၀ ရက်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို ဖွဲ့စည်းထူထောင် နိုင်ခဲ့ပြီ ဖြစ်သည်။
ယင်း သည် ဝါရှင်တန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဘက်မလိုက်ဘဲ အခြေအနေ စောင့်ကြည့်နေခြင်း ကို ရပ်တန့်ကာ လက်တွေ့ကျကျ စတင်အရေးယူဆောင်ရွက်သင့်ပြီဖြစ်ကြောင်း အခိုင်မာဆုံးသော တင်ပြချက်ပင် ဖြစ်သည်ဟု အမေရိကန် အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ ဂျိမ်းရွှေက ထောက်ပြခဲ့သည်။
SCEF သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ်ဖျက်သိမ်းရေး၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို အရပ်ဘက်အုပ်ချုပ်ရေးအောက်တွင် ထားရှိရေးနှင့် အကူးအပြောင်းကာလ တရားမျှတမှုဆိုင်ရာ ယန္တရားများ ဖော်ဆောင်ရေးတို့အပါအဝင် ဥပဒေအဖြစ် ပြဌာန်းထားသော နိုင်ငံရေး ရည်မှန်းချက် ၆ ရပ်ကို အတည်ပြုခဲ့သည်။
မဏ္ဍိုင်ကြီး ၃ ရပ်ဖြစ်သော — ပြည်နယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့လှုပ်ရှားမှုအင်အားစုများနှင့် အမျိုးသမီး အဖွဲ့အစည်းအား စနစ်တကျ အခြေခံအဆောက်အအုံအဖြစ် သတ်မှတ်လိုက်ခြင်းပင် ဖြစ်သည်။
စစ်အုပ်စုက ထိန်းချုပ်နိုင်ခြင်းမရှိသည့် လူထုနှင့် နယ်မြေဒေသများကို ကိုယ်စားပြုနေခြင်းဖြစ်ပြီး၊ စစ်တပ်ကိုယ်တိုင် ထုတ်ပြန်ထားသော ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များအရ ပင် ထိုနယ်မြေများမှာ နိုင်ငံ၏ အစိတ်အပိုင်းအတော်များများ ဖြစ်နေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ၎င်းကို “နွေဦးတော်လှန်ရေး၏ မှတ်တိုင်တစ်ခု” ဟု ပြောကြားခဲ့သည်။
ဧပြီလ ၁၁ ရက်နေ့တွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် အမိန့်အမှတ် ၃၆/၂၀၂၆ ကို လက်မှတ်ရေးထိုးကာ "အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ" (NSPCC) ကို ဖွဲ့စည်းခဲ့ပြီး မိမိကိုယ်ကိုယ် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။ ၎င်းကော်မတီဝင် ၁၅ ဦးအနက် ၉ ဦးမှာ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျ သို့မဟုတ် ဆွစ်ဇာလန်နိုင်ငံတို့၏ တဦးချင်းအလိုက် ပိတ်ဆို့အရေးယူမှု ချမှတ် ခံထားရသူများ ဖြစ်သည်။
နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) နှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ရှိသည့် နိုင်ငံများကို ဖြတ်သန်းသွားလာခွင့်မရှိသူ တဦးက အမိန့် ထုတ်ပြန်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့ ညှိနှိုင်းဆွေးနွေးရမည့် နိုင်ငံများသို့ပင် သွားရောက်နိုင်ခြင်းမရှိသည့် ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
အာဏာသိမ်းပြီးကတည်းက စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) သည် ကပ်ရောဂါမတိုင်မီ အခြေအနေထက် ၁၃ ရာခိုင်နှုန်းအထိ ကျဆင်း နေမှု၊ မြန်မာကျပ်ငွေ တန်ဖိုးမှာလည်း ၂၄၀ ရာခိုင်နှုန်းအထိ ထိုးဆင်းလာမှု၊ ဆင်းရဲမွဲတေမှုနှုန်းမှာ နှစ်ဆ မြင့်တက်လာပြီး လူဦးရေ၏ ၅၀ ရာခိုင်နှုန်းနီးပါးအထိ ရှိလာ နေမှု ကို ငါးနှစ်လုံးလုံး မဖြေရှင်းနိုင်၊ မလုပ်တတ် မကိုင်တတ် ဖြစ်နေသည့် မင်းအောင်လှိုင် အဖို့က လိုတရ ဆေးကြိမ်လုံး လက်ဝယ် ရှိမှသာ ဖြစ်နိုင် ပေတော့မည်။
အရပ်သား အစိုးရ အဖြစ် အ ယောင်ဆောင် ထားပြီ ဖြစ်၍ နိုင်ငံ စီးပွား ရေး နှင့် တိုင်းပြည်လူထု၏ တိုးတက်ရာ တိုးတက်ကြောင်း လျစ်လျူရှူကာ ဆက်၍ ဗုံးကြဲ သတ်ဖြတ် နေ၍ မဖြစ်တော့ ဆိုသည်က မင်းအောင်လှိုင်ကို ဖိစီး နှိပ်စက်လာနေပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!