သမ္မတ အတု မှ သမ္မတ အစစ်ကို ပြန်လွှတ်ပေး

by Hla Soewai - Apr 19 2026

နှစ်သစ်ကူး နေ့ အထိမ်းအမှတ် ဆိုကာ အကျဉ်းသား ၄,၃၃၅ ဦး ကို ပြန်လွှတ်ပေးခဲ့ရာ တွင် ပြည်သူ တရပ်လုံး တခဲနက် ရွေးချယ် တင်မြှောက်ထားသော နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့် ပါဝင်လာခဲ့သည်။

 

မင်းအောင်လှိုင်သည် ၎င်းအား နိုင်ငံတကာမှ အသိအမှတ် ပြု ခံလိုစိတ် ပြင်းပြလာမှု ကြောင့် တရုတ်၏ အကြံပေးချက် ဖြင့် ယခုလို သွေးတိုးစမ်းလာခြင်း ဖြစ်သည်။

 

မင်းအောင်လှိုင် လက်မှတ်ထိုးထားသောကြေညာချက် တွင် အကျဉ်းသား ဝင်းမြင့် (ဘ) ဦးထွန်းကျင်ဟု ရင့်သီးစွာ သုံးနှုံးထားသည်ကို တွေ့ရပြန်သည်။

 

အပြစ်မရှိဘဲ ဖမ်းဆီးခံရသူ သမ္မတကြီး ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခြင်းသည် ဝမ်းသာစရာဖြစ် သော်လည်း မင်းအောင်လှိုင် ၏ လုပ်ရပ်သည် "တရားမျှတမှု" မဟုတ်ဘဲ "အာဏာကို အလွဲသုံးစားလုပ်ပြီး နိုင်ငံရေးအရ အမြတ်ထုတ်မှု" သာ ဖြစ်သည်။

 

အလွယ်ဆုံး ဥပမာ ပေးရမည် ဆိုက လူရမ်းကားတယောက် ကိုယ့် အိမ်ထဲ အတင်းဝင်လာပြီး ကိုယ့်အခန်းထဲမှာ ပိတ်လှောင်ထားမည်။ တပတ်လောက်ကြာမှ "ငါ မင်းကို သနားလို့ အခန်းတံခါး ဖွင့်ပေးလိုက်ပြီ" လို့ ပြောခြင်းမျိုးသာ ဖြစ်သည်။

 

တကယ်တမ်းတွင် အခန်းထဲ ပိတ်ထားခံရတာက ကိုယ့် အမှားမဟုတ်သလို၊ တံခါးဖွင့်ပေးတခြင်းကို လည်း ကျေးဇူးတင်ရမည့် အရာ မဟုတ်။ မူလကတည်းက "မဖမ်းသင့်တာကို ဖမ်းထားခြင်း" ကသာ အဓိကပြဿနာဖြစ်သည်။

 

ဒေါက်တာမျိုးညွန့်သည် တောင်ငူ ထောင်မှ လွတ်မြောက် လာပြီး နေပြည်‌ တော် ရှိ ၎င်း၏ သမီးဖြစ်သူ နေအိမ်သို့ ပြန်လည် ရောက်ရှိလာ‌ သော သမ္မတကြီးနှင့် သွားရောက်တွေ့ဆုံခဲ့ရာ သမ္မတကြီးသည် စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာရေး ကောင်းမွန်လျက်ရှိသည်ဟု အတည်ပြုပြောကြားခဲ့သည်။ 

 

ထိုသို့လွှတ်ပေးရာတွင် ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက် ဖြင့် လွှတ်ပေးခြင်းဖြစ်သော်လည်း သမ္မတဦးဝင်းမြင့်အနေဖြင့် ဥပဒေနှင့်ငြိစွန်းလုပ်ရပ်များ မလုပ်ခဲ့သည့်အတွက် ပုဒ်မ-၄၀၁ ခံဝန်ချက်အား လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့ကြောင်း ဒေါက်တာမျိုးညွန့်က ပြောသည်။

 

၂၀၂၁ ခုနှစ် အာဏာသိမ်းစဥ်က “နှုတ်ထွက်ပေးဖို့ထက် အသေခံမယ်” ဆိုသည့် ၎င်း၏ ရပ်တည်ချက်အတိုင်း စစ်တပ်၏ ဖိအားပေးမှုအောက်မှာ ဂုဏ်သိက္ခာရှိရှိ ဆက်လက်ရပ်တည်နေနိုင်ခဲ့သည့် သမ္မတတဦးလည်း ဖြစ်သည်ဟု ဧရာဝတီ တွင် ရေးသားထားသည်။

 

အသက် ၇၄ နှစ် ရှိနေပြီ ဖြစ်‌ သော သမ္မတကြီး ဦးဝင်းမြင့် သည် ၎င်းတို့ လုပ်ကြံဖန်တီးထားသော ပြစ်မှု ၈ မှု ဖြင့် ထောင်ဒဏ် ၁၄ နှစ် ကျခံနေရသူ ဖြစ်သည်။

 

ဦးဝင်းမြင့်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်းသည် ယနေ့အထိ မင်းအောင်လှိုင် အလျှော့ပေး ခဲ့ မှုများထဲတွင် သိသာထင်ရှားဆုံးသော အခြေအနေတစ်ရပ် ဟု ပြော၍ ရသည်ဟု ရိုက်တာ သတင်းက ဆိုသည်။ မင်းအောင်လှိုင်သည် သေဒဏ် ကျခံနေရမှု အားလုံးကို ပယ်ဖျက် ပေးခဲ့‌ သော်လည်း ကိုဂျင်မီ နှင့် ကိုဖြိုးဇေယျာသော် တို့ အား အကျဉ်းရုံး တရားစီရင်ကာ သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်၍ မည်သည့် သတင်းမျှ မကြားရသေး၊ ကောလာဟသ များ သာ ဖြစ်သည်ဟု ဆိုသည်။ ဦးဝင်းထိန် လွတ်သည်ဟု ကြားသိရကြောင်း ခေတ်သစ် နှင့် တွေ့ဆုံမေးမြန်းရာတွင် ထည့်သွင်း ပြောဆိုသွားသည်။

 

"နေပြည်တော်က နှင်းဆီစံအိမ်မှာပဲထားမလိုလို၊ ရန်ကုန်က တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာပဲ ထားမလိုလို သတင်းတွေ ထွက်ပါတယ်။ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်က ပုဂ္ဂိုလ်ကလည်း တစုံတရာ အကြောင်းကြားတာမရှိဘူး၊ တစုံတရာ ပြင်ဆင်ထားတာ မရှိတဲ့အတွက် သူတို့ ဘာမှ မသိပါဘူး လို့ ပြောပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

 

“ နေပြည်တော်က နှင်းဆီစံအိမ်ကလည်း လုံးဝကို ပြိုကျပျက်စီးနေတဲ့အတွက် အဲဒီမှာ ထားမယ်ဆိုတာက လည်း လုံးဝအခြေအမြစ်မရှိတဲ့သတင်းပါပဲ” ဟု ၎င်းက ဆက်ပြောသည်။ 

 

ထောင်ဒဏ် ၂၇ နှစ် ကျခံ‌ နေရသည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား အခြား အကျဉ်းသား များ နည်းတူ ပြစ်ဒဏ် ၆ ပုံ ၁ ပုံ (လေးနှစ်ခွဲ) လျော့ပေးခဲ့သည်ဟု သိရသည်။ 

 

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်းက မူ ၎င်း၏မိခင်အား လက်ရှိတွင် မည်သည့်နေရာ၌ ချုပ်နှောင် ထားသည်ဆိုသည်ကိုပင် ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ပြောကြားခဲ့သည်။

 

မင်းအောင်လှိုင်သည် စစ်တပ်ကြီး တတပ်လုံး ကို မှောက်လို မှောက် လှန်လို လှန် လုပ်နိုင်ခွင့် ရှိနေသော်လည်း ၎င်းထက် ပညာ‌အရည်အချင်းက အစ အဖက်ဖက်မှ သာလွန်နေသူ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ တု ဖြစ်လာသည့် တိုင် ကျား နှင့် ဆင် လယ်ပြင်မှာ တွေ့စတမ်းဟု မယှဉ်ရဲပဲ ဖြစ်နေဆဲ ဆိုသည်ကို ယခု သမ္မတကြီး ဦးဝင်းမြင့် ကို လွှတ်ပြီး ချန်ထားခဲ့သည့် အဖြစ်က ထင်ရှားနေပေသည်၊ အားလုံးကလည်း ထိုကဲ့ပင် ယူဆကြမည်သာ ဖြစ်သည်။

 

သမ္မတကြီး ဦးဝင်းမြင့် ကို အရင်လွှတ်ပြီး နိုင်ငံတကာ သဘောထားကို အရင် သွေးတိုးစမ်းလာခြင်း ဖြစ်ပြီး၊ မည်သို့မျှ ထူးခြား မလာမှသာ နိုင်ငံတော် အတိုင်ပင်ခံ ကို လွှတ်ဖို့ အရဲကိုးလာမည်သာ ဖြစ်သည်။

 

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ် က ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခြင်းအပေါ် "အချိန်လင့်စွာ စောင့်ဆိုင်းခဲ့ရတဲ့ လွတ်မြောက်မှု" အဖြစ် စိတ်သက်သာရာရမိကြောင်း ပြောကြားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုပါ ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့သည်။

 

၎င်းက X လူမှုကွန်ရက်တွင် "နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဏာသိမ်းမှုနောက်ပိုင်း မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသူအားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုအပ်တယ်" ဟု ရေးသားဖော်ပြခဲ့သည်။

 

မင်းအောင်လှိုင် အာဏာသိမ်းခဲ့သည့် အတွက် လူပေါင်း ၇,၉၇၂ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ ၁၄,၂၀၀ သည် အကျဉ်းထောင်များထဲ ရှိနေဆဲ ဖြစ်သည်ဟု နိုင်ငံ‌ရေး အကျဉ်းသား များ အကူအညီ ပေးရေး အဖွဲ့၏ စာရင်းများအရ သိရသည်။

 

မင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ပင် နှင့် ရရှိခဲ့သော သဘောတူညီချက်အရ ရွေးကောက်ပွဲကို ပြုလုပ် ခဲ့ခြင်း ဖြစ်သည်ဟု တရုတ် အထူး သံတမန် တိန် ရီချွန်းက ပြောဆိုခဲ့ပြီး ဖြစ်၍ ယခု သမ္မတကြီး ဦးဝင်းမြင့်အား ပြန်လွှတ်ပေးခဲ့မှုသည် အမျိုးသား ပြန်လည် ပေါင်းစည်းရေး ဆိုသည့် သဘောတူညီချက်အရ ဖြစ်ကောင်း ဖြစ်နိုင်သည်ဟု လေ့လာသူများက သုံးသပ်နေကြသည်။

 

မင်းအောင်လှိုင် သည် အုပ်ချုပ်ရေး အာဏာ သုံးရပ်လုံး ကို ‌ချုပ်ကိုင်ထားသည် ဆိုသော်လည်း သူ့ အထက် တွင် မာဂျား ရှိနေပေသေးသည်။

 

Give me the liberty to know, to utter and argue freely according to the conscience, above all liberties.

 

"အခြားသော လွတ်လပ်ခွင့်အားလုံးထက် သာလွန်သည့်၊ မိမိ၏ အမှားအမှန် သိစိတ်နှင့်အညီ လွတ်လပ်စွာ သိရှိခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် လွတ်လပ်စွာ ငြင်းခုံဆွေးနွေးခွင့်တို့ကို ကျွန်ုပ်အား ပေးပါ။"

 

(ဂျွန်မီလ်တန် ၏ နာမည်ကျော် Areopagitica စာတမ်းမှ)

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!