အာဏာရှင်မှန်သမျှသည် လူထု ထောက်ခံအားပေးမှုကို ရယူဖို့ မလိုအပ်၊ ရအောင်လည်း မကြိုးစား၊ လူထု၏ ငြိမ်ခံနေမှု၊ အောင့်အည်းသည်းခံမှု ကိုသာ ၎င်းတို့ အတွက်လိုအပ်သည်။ ဆိုလိုသည်က လူထု အား ၎င်းတို့ ကျုးလွန်နေကြသည့် ရာဇဝတ်မှုများသည် မိမိတို့နှင့် မသက်ဆိုင်သလိုမျိုး ဘဝကို အေးအေးလူလူ ဖြတ်သန်းကြဖို့ကိုသာ တည့်မတ် ပေးရမည်ဟု ခံယူထားသည်။
ပြီးခဲ့သည့် သင်္ကြန်သည် စစ်အုပ်စု အာဏာ သိမ်းပြီးနောက် အစည်ကားဆုံး ပွဲတော်ကြီး အဖြစ် ကမ္ဘာသတင်းများက ဖေါ်ပြခဲ့ကြသည်အထိ ဖြစ်လာခဲ့သည်။
စစ်အာဏာရှင် တို့ မွေးမြူ ခံယူထားသည့် မကောင်းဆိုးဝါးစိတ်ဓာတ်များသည် အကန့်အသတ်မရှိအောင် ကြီးမားလာနိုင်သည်။ သို့သော် ပြည်သူတို့၏ ပိုမိုနက်ရှိုင်းပြီး အားကောင်းသော လွတ်လပ်မှု၊ ကောင်းမွန်သော စနစ် နှင့် တရားမျှတမှုတို့ ကို လိုလားသည့် စိတ်ဆန္ဒဖြင့်သာ ထို မကောင်းမှုများကို တားဆီးနိုင် ပေ လိမ့်မည်။ ရေရှည်တွင် လည်း ထို စိတ်ဆန္ဒကသာ အောင်ပွဲကို ဖေါ်ဆောင်ပေးလိမ့်မည် ဖြစ်သည်။
ဆက်လက်ပြီး လက်ရှိ အနေအထားကို သမ္မတ ကြီး ဦးဝင်းမြင့် ခြုံငုံမိစေရန် The Conversation စာစောင်တွင် ဩစတေးလျ ရှိ ဒီကင် တက္ကသိုလ်မှ ဒေးမီယန် ကင်းစ်ဗြူရီ က ရေးသားထားသည်ကို တင်ပြလိုက်ရပါသည်။
မြန်မာ့ပြည်တွင်းစစ်သည် ခြောက်နှစ်ထဲ ရောက်ရှိလာပြီဖြစ်သော်လည်း စစ်အုပ်စုသည် စစ်သားစုဆောင်းဖို့ အသည်းအသန် ကြိုးပမ်းနေရဆဲ ဖြစ်ပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည့် ၎င်းတို့၏ စစ်သားများ ကိုပင် ချမ်းသာမပေးဘဲ လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ရန် ဝန်မလေး၊ နှစ်သစ်ကူး အခါကြီး ရက်ကြီး ပင် မ ရှောင် တော်လှန်ရေး ကို ထောက်ခံ အားပေး နေသည် ဆိုကာ ဘုန်းကြီး ကျောင်းများ ပါ မကျန် ပြည်သူများ အား ဗုံးကြဲ သတ်ဖြတ်ခဲ့ကြသည် ဆိုသည့် သံဝေဂ ရဖွယ် ရက်စက်ကြမ်းကြုပ်လှမှု ၏ ပြယုဒ်များ ကို အတိုင်းသား မြင်တွေ့ နေရသည်။
မည်သူ ကမျှ ယုံကြည် ခြင်း မခံရသည့် အယောင်ဆောင် ရွေးကောက်ပွဲ မှ တဆင့် အရပ်သား အရေခြုံ အုပ်ချုပ်လာသူ များသည် လည်း ၎င်းတို့ အာဏာတည်မြဲရေးအတွက်ဆိုက ဘယ်အရာကိုမဆို စတေးပစ်ဖို့ ဝန်မလေးကြသည်ကိုလည်း ဆက်၍ တွေ့လာရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်တော် (PDF) နှင့် မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် စစ်တပ်ကို တော်လှန်တိုက်ခိုက် နေမှု တွင် အားကျ လောက်ဖွယ် တိုးတက်မှုများ ရှိလာခဲ့သည်။
သို့သော်လည်း ယခုထိ အရှုံးအနိုင် မပေါ်ဘဲ တဖက်နှင့် တဖက် အကြိတ်အနယ်ဖြစ်နေသည့် အခြေအနေ ကို ရောက်ရှိနေပြီ ဖြစ်သည်။
စစ်တပ်သည် လက်ရှိတွင် နိုင်ငံဧရိယာ၏ ငါးပုံတစ်ပုံကျော်လောက် နှင့် မြို့ကြီးအများစုကိုဆက်လက် သိမ်းပိုက်ထားနိုင်ဆဲပင် ဖြစ်သည်။
တော်လှန်ရေး အင်အားစုများ မကြာသေးမီနှစ်များအတွင်း ရရှိလာခဲ့သည့် အောင်မြင်မှုများက ၎င်းတို့ အသာစီးရနေပြီ ဆိုသည်ကို ပြသနေသည်။ စစ်အုပ်စု အပေါ် အနိုင်ရရှိဖို့ဆိုသည်က မည်သည့် အချိန်တွင် ဖြစ်လာမည်လည်း ဆိုသည်သာ မှန်းဆဖို့ ကျန်တော့သည်။
ထိုသို့ အောင်မြင်လာမည့် အရေးကို ဟန့်တားနိုင်သည့် အရေးကြီးသော အချက်နှစ်ချက် ရှိနေသေးသည်။
ပထမအချက်သည်က တော်လှန်ရေး ဖက်က မဟာဗျူဟာမြောက် မြို့တမြို့ သို့မဟုတ် မြို့ကြီးတမြို့ကို သိမ်းပိုက်နိုင်သည့် အခါတိုင်း တရုတ်နှင့် ရုရှားလုပ် လေယာဉ်များ၊ ဒရုန်းများနှင့် စစ်အုပ်စု၏ အပြင်းအထန် တိုက်ခိုက်ခြင်းကို ခံရသဖြင့် အဆိုပါမြို့များကို ပြန်လည်လက်လွှတ် နေရခြင်း ဖြစ်သည်။
နှစ်ဖက်စလုံးက ဒရုန်းများကို အသုံးပြုကြ သော်လည်း စစ်အုပ်စု၏ လေယာဉ်များ နှင့် ပိုမိုအဆင့်မြင့်သည့် ဒရုန်းနည်းပညာ များကြောင့် အင်အားမမျှသည့် စစ်ပွဲတခု ဖြစ်နေရသည်။
ရုရှား၏ ထဲထဲဝင်ဝင် ထောက်ခံအားပေး နေမှု နှင့် ဖေဖော်ဝါရီလအတွင်းက လက်မှတ်ရေးထိုးခဲ့သည့် စစ်ရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်များ အရ မြန်မာ့ပြည်တွင်းစစ်သည် ရုရှား-ယူကရိန်း စစ်ပွဲ၏ အငွေ့အသက်အချို့လည်း ပါဝင်နေသည်ကို တွေ့လာရသည်။
ထို့အတွက် ကြောင့် ယူကရိန်းစစ်ဘက်ဆိုင်ရာ အကြံပေး အနည်းငယ်သည် ယခုအခါမှာ တော်လှန်ရေး အင်အားစုများ နှင့် ပူးပေါင်းလုပ်ဆောင်နေကြပြီ ဖြစ်သည်။
တော်လှန်ရေး အင်အားစုများ ဖြစ်သည့် အဓိကအဖွဲ့ကြီး ၁၆ ဖွဲ့ခန့် ရင်ဆိုင်နေရသည့် ဒုတိယမြောက်နှင့် ပို၍ အရေးကြီးသည့် ပြဿနာသည်ကား မကြာသေးမီအချိန်အထိ ညီညွတ်မှုနှင့် ပေါင်းစပ်ညှိနှိုင်းမှု အားနည်းနေခြင်းပင် ဖြစ်သည်။
ဖြစ်စဉ် အတော်များများတွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများသည် ပြည်သူ့ကာကွယ်ရေးတပ်တော် (PDF) နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း မရှိခဲ့။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအချင်းချင်း ပြန်လည်တိုက်ခိုက်ကြသည့် ဖြစ်စဉ်များလည်း ရှိခဲ့ပြီး၊ အချို့ဖြစ်ရပ်များတွင် တရုတ်နိုင်ငံ၏ သွေးထိုးမြှောက်ပင့်ပေးမှုများ ပါဝင်နေခဲ့သည်။
နမူနာအားဖြင့် စစ်ရေးအရ အောင်မြင်မှုများ ရရှိခဲ့သည့် ညီနောင်မဟာမိတ်သုံးဖွဲ့သည် တရုတ်၏ တောင်းဆိုချက်အရ ကိုးကန့် (MNDAA) အဖွဲ့သည် မဟာမိတ်ဖြစ်သည့် တအာင်း (TNLA) အဖွဲ့ကို တိုက်ခိုက်ပြီး လက်နက်ဖြုတ်သိမ်းခဲ့တာကြောင့် ပြိုကွဲ သွားရပြီ ဖြစ်သည်။
ယခုအခါ ဖက်ဒရယ်ဒီမိုကရေစီဆိုသည့် ဘုံရည်မှန်းချက်ဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင် ကောင်စီ Steering Council for Emergence of Federal Democracy Union (SCEF) စုစည်း ညီညွတ်စွာ တော်လှန်ရေး အလံတော်ကို လွှင့်ထူလာနိုင်ခဲ့သည်။ ဤဖွဲ့စည်းပုံသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို စစ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားပြီး၊ ပူးပေါင်းစီမံကိန်းများနှင့် စစ်ဆင်ရေးများအတွက် အခန်းကဏ္ဍတစ်ခုကိုလည်း ဖော်ဆောင်ပေးထားခြင်း ဖြစ်၍ လာမည့် လများ အတွင်း စစ်အုပ်စုကို ပိုမိုစနစ်တကျ ပေါင်းစပ်ညှိနှိုင်းပြီး ထိုးစစ်ဆင်လာမည်ကို မြင်တွေ့ရဖို့ ရှိနေသည်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအကြား မညီညွတ်မှုဖြစ်ရခြင်း၏ အဓိက အကြောင်းရင်း တခုမှာ အဖွဲ့အတော်များများသည် တရားမဝင် လုပ်ငန်းများကို အခြေခံသည့် ကာလရှည်ကြာ တည်ဆောက်ထားသော စစ်စီးပွားရေးလုပ်ငန်းများ ရှိနေကြခြင်းနှင့် ဆက်စပ်နေပြီး၊ အဆိုပါလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ရန် သို့မဟုတ် ပိုမိုချဲ့ထွင်ရန် အားသန်နေကြခြင်းကြောင့် ဖြစ်သည်။
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့အနေဖြင့် နယ်မြေထိန်းချုပ်နိုင်မှု ပိုမိုများပြားလေလေ၊ အနာဂတ်တွင် ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့၌ ကိုယ်စားပြုခွင့်ရရှိရန် တောင်းဆိုမှုမှာလည်း ပိုမိုခိုင်မာအားကောင်းလာလေလေ ဖြစ်သည်ဟု ယူဆခဲ့ကြသည်။
၎င်းတို့ ကိုယ်စားပြုသည့် တိုင်းရင်းသားလူမျိုးစုများ အတွက် အခွင့်ထူးခံဖြစ်စေရုံသာမက၊ အနာဂတ် စီးပွားရေးလုပ်ငန်းများ နှင့် ရာဇဝတ်မှုဆိုင်ရာ အခွင့်အလမ်း များ ဖြစ်သည့် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ သစ် နှင့် ကျောက်မျက် မှောင်ခိုရောင်းဝယ်ခြင်း၊ လူမှောင်ခိုကူးခြင်း၊ အွန်လိုင်းငွေလိမ်လုပ်ငန်း များကို ထိန်းချုပ်တာခြင်း အစရှိသည့် အခွင့်အလန်း များလည်း ပိုမို ပွင့်လန်းလာမည် ဖြစ်သည်။
ကြီးမားသည့် စိန်ခေါ်မှုများ ရှိနေ သော် လည်း ခြုံငုံကြည့်မည် ဆိုက တော်လှန်ရေး အင်အားစုများက အသာစီးရနေတဲ့ပုံစံ ရှိသည်။
စစ်အုပ်စုသည် နယ်မြေများ ဆုံးရှုံးလာသည် နှင့် အမျှ မန္တလေးနှင့် ရန်ကုန်ကြားက ဧရာဝတီမြစ်ဝှမ်း အလယ်ပိုင်းဒေသတွေဆီသို့ ဆုတ်ခွာ အခြေစိုက်လာရဖို့ ဖြစ်လာလိမ့်မည်။
စစ်တပ်အနေနှင့် ထို ဒေသ များကနေ ပြန်လည်အင်အားစုစည်း တည်ဆောက်နိုင်မလားဆိုသည်ကတော့ မေးခွန်းထုတ်စရာ ဖြစ်လာနေသည်။
တစ်ဖက်တွင် ပိုမိုစနစ်တကျ ပေါင်းစပ်ညှိနှိုင်းလာသည့် တော်လှန် ရေး အင်အားစုများက စစ်မြေပြင်တွင် ဆက်တိုက်အောင်ပွဲရလာမည်ဆိုလျင်၊ တရုတ်သည် စစ်အုပ်စု အပေါ် ထောက်ပံ့ နေ မှုများ ကို ရပ်တန့်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်များဘက်ကို ပြောင်းလဲကူညီလာနိုင်ခြေ ရှိ နေသည်။
ထို အခြေအနေမျိုးတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် အဆုံးအဖြတ်ပေးနိုင်မည့် အဓိကသော့ချက် ဖြစ်လာပေလိမ့်မည်ဟု ရေးသားထားပါသည်။
"လူသားတို့ ခံစားရသမျှသော လှည့်စားမှုများထဲတွင် မိမိတို့ကိုယ်တိုင်၏ အယူအဆ အစွဲများကြောင့် ဖြစ်ပေါ်လာသည့် အမှားမှာ အဆိုးရွားဆုံး ပင် ဖြစ်သည်။”
လီယိုနာဒို ဒါဗင်ချီ
The greatest deception men suffer is from their own opinions
Leonardo da Vinci
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!