မင်းအောင်လှိုင် သည် ၎င်း ကိုယ်တိုင် ရွေးချယ်ပြီး မဲပုံး ထောင်ကာ လွှတ်တော်ထဲ ခေါ်သွင်း ပေးလာသည့် လူများ ရှေ့တွင် ပြောဆိုနေသည်များက ပြီးခဲ့သည့် ငါးနှစ် အတွင်းက မင်းအောင်လှိုင်သည် ၎င်း မဟုတ်ကြောင်း ငြင်းဆိုနေသကဲ့သို့ ဖြစ်လာနေသည် ကို တအံ့တဩ တွေ့လာရသည်။
စိုးဝင်း အား ဘေးဖယ် ထုတ်လိုက်သည် မှ အပ မည်သို့မျှလည်း မထူးခြား၊ ဘာတခုမှလည်း တိုးတက်မလာ၊ ဒီမိုကရေစီ အမည်ခံပြီး လူထုက ရွေးချယ် တင်မြှောက်လေဟန် လှည့်စားပြီး အားလုံးက လက်ခံလာမည်ဟု ယူဆနေပြန်သည်။
လက်ရှိ ထွက်ပေါ်လာသော ရာထူး ခန့်အပ်မှု များ တွင် လွှတ်တော် ဥက္ကဌ ရာထူး များမှသည် နောက်ဆုံး "အတိုင်ပင်ခံ ကောင်စီ" တွင် ကိုကိုကြီးက အစ ထည့်သွင်းလာခြင်း တို့ အားလုံးသည် မင်းအောင်လှိုင် သမ္မတု မဖြစ်ခင်ကတည်းက ၎င်းကိုယ်တိုင် စီမံလာသည့် အခင်းအကျင်း ဖြစ်သည်ကို တတိုင်းပြည်လုံး သိထားကြပြီး ဖြစ်သည်။
မင်းအောင်လှိုင်၏ လုပ်ရပ်များ၊ ပြောဆိုချက်များနှင့် ပတ်သက်၍ "လူတစ်ကိုယ် စိတ်နှစ်မျိုး" ဖြစ်နေသလားဆိုသည့် အချက်ကို နိုင်ငံရေးလေ့လာသူများ၊ စိတ်ပညာရှုထောင့်မှ ကြည့်မြင်သူများနှင့် ပြည်သူများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာကြသည်။
မင်းအောင်လှိုင်သည် လိုအပ်လျင် လိုအပ်သလို မိမိအာဏာ တည်မြဲရေးအတွက် ပြောင်းလဲပြောဆိုတတ်သည့် ဝါဒဖြန့်ချိရေး ပုံစံ ဟု သုံးသပ်သူ များ ရှိလာသလို စိတ်ပိုင်း ဆိုင်ရာ ချို့ယွင်းချက်များ ပြည့်နှက်နေသူ တဦး အဖြစ်လည်း စိတ်ပညာရှင် များဖက်က သုံးသပ်လာကြသည်။
၎င်း၏ လူသိရှင်ကြား ပြောဆိုချက်များသည် လက်တွေ့မြေပြင်တွင် ဖြစ်ပျက်နေသည်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေတတ်သည်ကို တွေ့ နေရသည်။
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ" ကို သွားမည်ဟု ဈေးဗန်း ခင်းလေ့ သော်လည်း ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသော အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သူ ဆိုသည့် အချက်က မည်သို့မျှ ဖုံးကွယ်ထား၍ မရ ဖြစ်နေသည်။
"ထာဝရငြိမ်းချမ်းရေး" အတွက် ဖိတ်ခေါ်နေသည်ဟု ဆိုသော်လည်း တိုင်းရင်းသားဒေသများနှင့် ပြည်မဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် အကြီးအကျယ် မီးလောင်တိုက်သွင်း နေခြင်း ကို အားလုံး မြင် တွေ့ နေရပါလျက် ထိုသို့ ပါးစပ်က တဖွဖွ ပြောနေခြင်းသည် စိတ်နှစ်ခွဖြစ်မှုကို ပြနေသည်။
နိုင်ငံရေးနှင့် စစ်ရေးကျွမ်းကျင်သူအချို့က မင်း အောင်လှိုင် သည် "Cognitive Dissonance" (သိမြင်မှုဆိုင်ရာ ရှေ့နောက်မညီညွတ်မှု) ကို ခံစားနေရခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။
မိမိကိုယ်ကိုယ် "နိုင်ငံတော်ကို ကယ်တင်နေသူ" ဟု ယုံကြည်အောင် ကြိုးစားနေသော်လည်း၊ ပတ်ဝန်းကျင် တုံ့ပြန်မှုနှင့် မြေပြင်အခြေအနေများက "နိုင်ငံကို ဖျက်ဆီးနေသူ" ဟု ပြသနေသည့်အခါ ထို နှစ်ခု အကြား ကြီးမား သောကွာဟချက်ကို ဖုံးကွယ်ရန်အတွက် ဟန်ဆောင်ကောင်းသည့် စိတ်အနေအထားမျိုး ဖြစ်ပေါ်လာတတ်သည်။
ပြောနေသည့် စကား များတွင် ယခင်က လုပ်ရပ်များ ထဲမှ အသေးအမွှား ကိုပင် မှားခဲ့သည်များ ရှိပါသည်ဟု ဝန်ခံ ပြောဆိုဖို့ ဝေးစွမိမိကိုယ်ကိုယ် အမြဲတမ်း မှန်ကန်နေသည်ဟု ဖော်ပြလေ့ရှိခြင်းမှာ "God Complex" (မိမိကိုယ်ကိုယ် အရာရာတတ်နိုင်သည်ဟု ထင်မှတ်ခြင်း) လက္ခဏာရပ်များလည်း တွေ့မြင်ရသည်ဟု ဆိုကြသည်။
အထူးသဖြင့် ၎င်း၏ ပုံရိပ်ကို ဘာသာရေးကိုင်းရှိုင်းသူ၊ စေတီပုထိုးများ တည်ထားသူအဖြစ် ပုံဖော်လေ့ရှိသော်လည်း၊ တစ်ဖက်တွင် လူသားချင်းစာနာမှု ကင်းမဲ့စွာဖြင့် အပြစ်မဲ့ အရပ်သား များ သေကြေနိုင်သည့် စစ်ဆင်ရေးများကို ခွင့်ပြုနေခြင်းက ပုဂ္ဂိုလ်ရေးဆိုင်ရာ ဝိရောဓိတစ်ခု ဖြစ်လာ၍ လူအများအတွက် "လူတစ်ကိုယ် စိတ်နှစ်မျိုး" ဟု မြင်စေသည့် အချက်ဖြစ်သည်။
အာဆီယံ နှင့် ပုံမှန် ဆက်ဆံရေး ပြန်လည် တည်ဆောက်မည်ဟု (ဆိုလိုသည်က ၎င်းအား အသိအမှတ် ပြုပြီး အစည်းအဝေး တက်ခွင့်ရရန်) ပြောဆိုနေသော်လည်း အာဆီယံ ဘုံသဘောတူညီချက်များကို ၎င်း ကိုယ်တိုင် လက်မှတ်ထိုးခဲ့သော်လည်း လက်တွေ့တွင် တချက် တလေမျှ လိုက်နာခြင်း မရှိခဲ့သည်မှာလည်း သူ၏ "စကားတစ်မျိုး၊ အလုပ်တစ်မျိုး" စရိုက်ကို ထင်ရှားစေသည်။
ယခုအခါတွင် မင်းအောင်လှိုင်သည် ထိုသို့ အလိမ်အညာများ တလျောက်လုံး ပြောဆိုလာရ၍ ၎င်းကိုယ်တိုင် ဖန်တီးထားသည့် "အမှန်တရားအတု" Alternate Reality ထဲတွင် ပိတ်မိနေပြီး ထိုအလိမ်အညာ များ နှင့် ကင်းလွတ်စေသည့် မည်သည့် အကြောင်းအရာကိုမျှ လက်ခံလိုစိတ် မရှိတော့ပေ။
ဤသို့ဖြင့် ၎င်း၏ စကား များသည် ပြည်သူများအတွက် ယုံကြည်မှု ကင်းမဲ့စရာ ဖြစ်နေရုံသာမက နိုင်ငံအတွက်လည်း ရှေ့လျောက် မတည်ငြိမ်မှုများကို တိုး၍ သာ ဖြစ်လာစရာ ရှိသည့် ကြီးမားသော အန္တရာယ် နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
တိုင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်များကို ထိုသို့သော စိတ်ဝေဒနာ ရှင် တဦးက ဆက် ၍ ချုပ်ကိုင် သွားခွင့် ရနေသော ကြောင့်ပင် ဖြစ်သည်။
ပြည်သူများ အဖို့က ၎င်းတို့၏ စားဝတ်နေရေး လူနေမှု ဘဝများကို ခြိမ်းခြောက်လာတော့မည့် အန္တရာယ်ကြီးကို စည်းလုံးညီညွတ်ကြမှသာ အမြန်ဆုံး ဖယ်ရှားနိုင်ရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!