နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(30)

by Hla Soewai - Apr 13 2026

ကွန်မြူနစ် တစ္ဆေ ခြောက်ခံခဲ့ရသည့် အယ်လ်ဂါ ဟစ် တရားခွင် (နိဂုံး)

 

တရားခံ အကျိုးဆောင် ကလောက်ဒ် ခရော့စ် က ၎င်း၏ နိဂုံးချုပ် လျှောက်လဲချက်တွင် ခိုးယူခံရသော စာရွက်စာတမ်းများသည် တစ်ချိန်က ဟစ် ပိုင်ဆိုင်ခဲ့ဖူးသော ဝုဒ်စတော့ လက်နှိပ်စက်ဖြင့် ရိုက်နှိပ်ထားခြင်း ဖြစ်သည်ကို ဝန်ခံခဲ့သည်။ သို့သော်လည်း သူက အဓိကကျသော မေးခွန်းမှာ "ဘယ်လက်နှိပ်စက်ကို သုံးခဲ့သလဲ ဆိုတာမဟုတ်ဘဲ၊ ဘယ်သူက ရိုက်နှိပ်ခဲ့သလဲ ဆိုတာပဲဖြစ်တယ်" ဟု အခိုင်အမာ ပြောကြားခဲ့သည်။

 

 ထို့အပြင် ဟစ်၏ လက်ဝယ်တွင် ထိုလက်နှိပ်စက် မရှိတော့သည့် နောက်ပိုင်း၌ ချိမ်ဘားစ် သို့မဟုတ် ၎င်း၏ အပေါင်းအပါ တဦးဦးက ထိုလက်နှိပ်စက်ကို တစ်နည်းနည်းဖြင့် ရရှိသွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ခရော့စ်က အကြံပြု တင်ပြခဲ့သည်။ ၎င်းတို့သည် ဟစ်ကို အပြစ်ဖို့နိုင်ဖို့ အကွက်ဆင်ရန်အတွက် ဟစ်၏ လက်နှိပ်စက်ကို အသုံးပြုခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

 

တရားလိုဘက်မှ အပြီးသတ် လျှောက်လဲချက်တွင်မူ မာဖီ က ဟစ်သည် "သစ္စာဖောက်" တစ်ဦးဖြစ်ကြောင်း သက်သေအထောက်အထားများက ဖော်ပြနေသည်ဟု ဂျူရီလူကြီးများကို ပြောကြားခဲ့သည်။ ဟစ်သည် "ကျွန်ုပ်တို့၏ ဝါဒကိုမဟုတ်ဘဲ ကွန်မြူနစ် တို့၏ ဝါဒကို ချစ်မြတ်နိုးနေသူဖြစ်သည်" ဟု ဆိုသည်။ 

 

၁၉၅၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၀ ရက် မွန်းလွဲပိုင်းတွင် ဂျူရီအဖွဲ့က ၎င်းတို့၏ စီရင်ချက်ကို ချမှတ်ခဲ့ရာ၊ လိမ်လည်ထွက်ဆိုမှု (Perjury) စွဲချက်နှစ်ခုစလုံးအတွက် အယ်ဂါ ဟစ်တွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

 

အယ်လ်ဂါ ဟစ်သည် ထိုသတင်းကို တည်ငြိမ်စွာပင် လက်ခံခဲ့သည်။ ငါးရက်အကြာတွင် တရားသူကြီးက အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ် ၅ နှစ်ကို ချမှတ်ခဲ့သည်။ ပြစ်ဒဏ်စီရင်စဉ်အတွင်း ဟစ်က အကျဉ်းချုံး၍ စကားတစ်ခွန်း ပြောကြားခဲ့သည်။ "ဝှစ်တေကာ ချိမ်ဘားစ် အနေနဲ့ လက်နှိပ်စက်ကို သုံးပြီးတော့ ဒီအတုအ‌ ယောင်ဖန်တီးမှုတွေကို ဘယ်လိုလုပ်ဆောင် သွားနိုင်ခဲ့သလဲ ဆိုတဲ့ အချက်အလက် အပြည့်အစုံဟာ အနာဂတ်မှာ ပေါ်ပေါက်လာလိမ့်မယ်" ဟု ယုံကြည်ချက်ရှိရှိဖြင့် ပြောဆိုခဲ့သည်။

 

ဟစ်သည် ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ လူးဝစ်ဘာ့ဂ် ဖက်ဒရယ်အကျဉ်းထောင်တွင် ထောင်ဒဏ် ၄၄ လ ကျခံခဲ့ပြီးနောက် အကျင့်စာရိတ္တကောင်းမွန်မှုကြောင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဤအမှုသည် ပြစ်ဒဏ်အားဖြင့် အတော်အတန် ပေါ့ပါးသည်ဟု ဆိုနိုင်သော်လည်း၊ အမေရိကန်နိုင်ငံရေးကို ထာဝရပြောင်းလဲပစ်မည့် ဖြစ်ရပ် နောက် ဆက်တွဲများကိုတော့ စတင်လှုပ်နှိုးပေးလာခဲ့သည်။

 

ဝစ္စကွန်စင်ပြည်နယ်မှ လူသိနည်းသော အထက်လွှတ်တော်အမတ် ဂျိုးဆက် မက္ကာသီ သည် ဟစ်၏ ပြစ်မှုထင်ရှား စီရင်ခံရမှုကို အခွင့်ကောင်းယူကာ နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်း၌ ကွန်မြူနစ်များ “အနှံ့အပြား ခိုအောင်းနေသည်” ဟု စွပ်စွဲလာခဲ့သည်။ ထိုမှတဆင့် အငြင်းပွားဖွယ်ရာ ကြားနာပွဲများကို စတင်ခဲ့ပြီး၊ ၁၉၅၀ ပြည့်လွန်နှစ်များအတွင်း အမေရိကန်လူ့အဖွဲ့အစည်းကို ခြောက်လှန့်ဖျက်ဆီးခဲ့သော အငြင်းပွားဖွယ် “စုန်းပြူး ရှာပုံတော်” သည် စတင်လာခဲ့ပေတော့သည်။

 

ချိမ်ဘာ့းစ် ကမူ မက္ကာသီ၏လုပ်ရပ်များနှင့် မပတ်သက်အောင် နေခဲ့သည်။ ချိမ်ဘာ့းစ်က “လက်ယာဝါဒီတွေအနေနဲ့ အထက်လွှတ်တော်အမတ် မက္ကာသီနဲ့ ဘယ်နည်းနဲ့မဆို ပတ်သက်ဆက်နွှယ်တာဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ။ သူဟာ ပျက်သုဉ်းခြင်းကို သယ်ယူလာတဲ့ ကျီးကန်းတကောင်ပဲ” ဟု ပြောခဲ့သည်။

 

အယ်လ်ဂါ ဟစ် အမှုတွင် ရစ်ချက် နစ်ဆင် သည် ကျော်ကြားလာခဲ့သည့် အတွက် ၁၉၅၂ ခုနှစ်၊ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဗိုလ်ချုပ်ကြီး ဒွိုက် အိုက်ဆင်ဟောင်ဝါ ၏ အာရုံစိုက်ခြင်း ခံခဲ့ရသည်။ အိုက်ဆင်ဟောင်ဝါသည် နစ်ဆင်ကို သူနှင့်အတူ ယှဉ်ပြိုင်မည့် ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့ပြီး၊ နစ်ဆင်သည်လည်း ထိုအခွင့်အရေးကိုပင် သူကိုယ်တိုင် နောင်တွင် သမ္မတအဖြစ် ယှဉ်ပြိုင်နိုင်ရန် ခြေကုပ်စခန်းတစ်ခုအဖြစ် အသုံးချ လာခဲ့သည်။

 

ထိုထက် ပို၍ ထူးခြားသောအချက်မှာ ဟစ်-ချိမ်ဘားစ် အမှုသည် ကွန်မြူနစ် ဆန့်ကျင်ရေး မီးလျှံကို ပိုမိုတောက်လောင်စေခဲ့ပြီး၊ ဆယ်စုနှစ်တစ်ခုအတွင်းမှာပင် ရီပတ်ဘလစ်ကန်ပါတီအတွင်း၌ အခြေခံလူတန်းစားတို့ ဦးဆောင်လာသည့် ကွန်ဆာဗေးတစ် လှုပ်ရှားမှုကြီး အဖြစ် အသွင်ပြောင်းလာခဲ့သည်။ 

 

၁၉၆၄ ခုနှစ်တွင် ထိုလှုပ်ရှားမှုကြောင့် ဘယ်ရီ ဂိုးလ်ဝါးတား ကို သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းနိုင်ခဲ့ပြီး၊ ၁၉၈၀ ပြည့်နှစ်တွင်တော့ ရော်နယ် ရေဂင် ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်နိုင်သည်အထိ ဖြစ်လာခဲ့သည်။

 

ချိမ်ဘားစ်-ဟစ် အမှုသည် အမေရိကန်နိုင်ငံ၏ နိုင်ငံရေးအတွေးအခေါ် လမ်းကြောင်းကို ပြောင်းလဲပေးနိုင်ခဲ့သည်ဟု ဆိုရမည်။ လိုင်ယွန်နယ် ထရေးလင်း က "ဟစ် အမှု မတိုင်ခင်က လစ်ဘရယ်ဝါဒ ဟာ အဓိကကျတဲ့ အတွေးအခေါ်ဖြစ်ရုံတင်မကဘဲ တစ်ခုတည်းသော ဉာဏ အစဉ်အလာ ဖြစ်ခဲ့တာပါ" ဟု လေ့လာသုံးသပ်ခဲ့ဖူးသည်။

 

နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် တွန်းအားပေးခဲ့သည့် အဓိက အကြောင်းရင်း တစ်ခုမှာ ၁၉၅၂ ခုနှစ်တွင် ထွက်ရှိခဲ့သော ဝှစ်တေကာ ချိမ်ဘားစ်၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ 'သက်သေ' ဟူသော စာအုပ် ကြောင့် ပင် ဖြစ်သည်။ အမေရိကန် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိများထဲတွင် အကောင်းဆုံးဟု ငြင်းဆို၍ မရအောင် သတ်မှတ်ခံထားရသည့် ထိုစာအုပ်ထဲ၌ ချိမ်ဘားစ်က 'ကွန်မြူနစ်ဝါဒ' နှင့် 'လွတ်လပ်မှု' ဟူသော ယုံကြည်ချက် နှစ်ခုကြားမှ အားပြိုင်မှုကို ရေးသားခဲ့သည်။ 

 

ချိန်းဘားစ်က 'ထိုယုံကြည်ချက် နှစ်ခုကို တရားစီရင်နေကြခြင်း ဖြစ်သည်' ဟု မှတ်ချက်ပြုခဲ့ပြီး 'လူသားများကဲ့သို့ပင် လူ့အဖွဲ့အစည်းများသည်လည်း ယုံကြည်ချက်ဖြင့် ရှင်သန်ကြရပြီး ထိုယုံကြည်ချက် ကွယ်ပျောက်သွားသောအခါ လူ့အဖွဲ့အစည်းများလည်း ပျက်သုဉ်းသွားရသည်' ဟု ရေးသားခဲ့သည်။

 

ဆစ်ဒနီ ဟွတ် က ၁၉၅၂ ခုနှစ်၊ နယူးယောက်တိုင်းမ် စာအုပ်အညွှန်းတွင် 'သက်သေ' စာအုပ်ကို သုံးသပ်ရာ၌ ဤသို့ ရေးသားခဲ့သည် - 'ဤစာအုပ်သည် ခေတ်သစ် ကွန်မြူနစ်ဝါဒ၏ လျှို့ဝှက်ပူးပေါင်း ကြံစည်မှုနှင့် ဘာသာရေးကဲ့သို့ စွဲလမ်းသည့် သဘောသဘာဝများကို ပိုမို ထင်ရှားပေါ်လွင်စေသည်။ ထို့ပြင် သမိုင်းပေးတာဝန်ဟု အထင်မှားကာ စိတ်ကောင်းစေတနာရှိသူ အမျိုးသား၊ အမျိုးသမီးများက မိမိတို့ကိုယ်မိမိ အနစ်နာခံ ပေးဆပ်ခဲ့ကြသည် အထိ ဖြစ်ခဲ့ရသော ရှုပ်ထွေးလှသည့် စိတ်ရင်းခံများကိုလည်း ဖော်ပြထားရာ ယခင်က ထွက်ရှိခဲ့သည့် ကမ္ဘာကျော် ဂန္ထဝင်စာအုပ် ၁၀၀ ပေါင်းစပ်ထားသည်ထက်ပင် ပိုမို ထိရောက်လေးနက်လှပေသည်' ဟု ဆိုခဲ့သည်။

 

ရော်နယ် ရေဂင် သည် 'သက်သေ' စာအုပ်ကို နိုင်ငံရေးအရ အလှည့်အပြောင်းကြီး တစ်ခုအဖြစ် ရှုမြင်ခဲ့သည်။ အမှန်စင်စစ်တွင် ရေဂင်သည် သူကိုယ်တိုင် 'နယူးဒီးလ် ဒီမိုကရက်' တစ်ဦးအဖြစ်မှ 'ကွန်ဆာဗေးတစ် ရီပတ်ဘလီကန်' တစ်ဦးအဖြစ် ပြောင်းလဲသွားခြင်းမှာ ချိမ်းဘားစ် ၏ စာအုပ်ကြောင့် ဖြစ်သည်ဟု အသိအမှတ်ပြုခဲ့သည်။ ရေဂင်သည် သူ၏ နိုင်ငံရေး သက်တမ်းတစ်လျှောက် မိန့်ခွန်းများ၌ ချိမ်းဘားစ်အကြောင်းကို မကြာခဏ ထည့်သွင်းပြောကြားလေ့ ရှိသည်။ 

 

ချိမ်းဘားစ်သည် "ပညာတတ်များ၏ တန်ပြန်တော်လှန်ရေး" ကို လှုံ့ဆော်ပေးခဲ့သူ ဖြစ်ကြောင်းနှင့်၊ ချိမ်းဘားစ်၏ ဖြစ်ရပ်မှာ "မျိုးဆက်တစ်ခု၏... ထာဝရအမှန်တရားများနှင့် အခြေခံတန်ဖိုးများဆီသို့ ပြန်လည်ရောက်ရှိလာခြင်း" ကို ကိုယ်စားပြုကြောင်း ရေဂင်က ဆိုခဲ့သည်။ 

 

၁၉၈၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ကွယ်လွန်သူ ချိမ်းဘားစ်အား သမ္မတ ရေဂင်က နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော 'လွတ်လပ်ရေး ဆုတံဆိပ်' (Medal of Freedom) ကို ချီးမြှင့်ခဲ့သည်။

 

အယ်ဂါ ဟစ် နှင့် ပတ်သက်၍မူ သူသည် လိမ်လည်ထွက်ဆိုမှုဖြင့် ပြစ်ဒဏ်စီရင်ခံရပြီးနောက် နေထိုင်ခဲ့သော ၄၆ နှစ်တာ ကာလအတွင်း သူ့တွင် အပြစ်မရှိကြောင်း ပြောဆိုချက်ကို မည်သည့်အခါမျှ ပြောင်းလဲခြင်း မရှိခဲ့ပေ။ သို့သော်လည်း သူနှင့် သူ့ကို ထောက်ခံသူများသည် ၁၉၉၀ ပြည့်နှစ်များ အလယ်ပိုင်းတွင် အခြေအနေ မဟန်တော့ပေ။ သက်သေအသစ်များသည် 'ဗီနိုနာ ကေဘယ်လ်များ' မှတစ်ဆင့် ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့မှာ အမေရိကန်ပြည်ထောင်စုအတွင်းရှိ ဆိုဗီယက် အေးဂျင့်များက မော်စကိုသို့ ပေးပို့ခဲ့သော ကြားဖြတ်ဖမ်းယူရရှိသည့် ဆက်သွယ်ရေး သတင်းစကားများ ဖြစ်သည်။ 

 

ထိုကြားဖြတ် ကေဘယ်လ် သတင်းများအရ ၁၉၄၅ ခုနှစ် 'ယော်လ်တာ ညီလာခံ' တွင် ကွန်မြူနစ်ဝါဒ ဘက်တော်သားအဖြစ် ကူညီပေးခဲ့သော ဆိုဗီယက် အေးဂျင့်မှာ အယ်ဂါ ဟစ် ဖြစ်ကြောင်း ညွှန်းဆိုနေလေသည်။

 

၂၀၀၁ ခုနှစ်တွင် New York Observer မဂ္ဂဇင်း၌ ရေးသားခဲ့သော ရွန် ရိုစင်ဘမ် က အမေရိကန် လက်ဝဲဝါဒီ အများအပြားသည် အဘယ်ကြောင့် အယ်ဂါ ဟစ် ကို ဆက်လက် ထောက်ခံနေကြသနည်းဟူသော အချက်နှင့် ပတ်သက်၍ သီအိုရီတစ်ခု တင်ပြခဲ့သည်။ ရိုစင်ဘမ်က ယင်းကို "လူကောင်း သူကောင်း အများအပြား၏ တမင်တကာ မှိတ်ထားသော မျက်စိကန်းမှု" ဟု ခေါ်ဆိုခဲ့သည်။

 

ဟစ်ကို ထောက်ခံသူများက သူ့တွင် အပြစ်မရှိကြောင်း ဇွတ်အတင်း ငြင်းဆိုနေမှုကိုပင် သူ အပြစ်ကင်းစင်ကြောင်း သက်သေအဖြစ် ထောက်ပြလေ့ရှိကြသည်။ ဟစ်သည် "မျိုးဆက်နှင့်ချီသော သုတေသီများ၊ စေတနာ့ဝန်ထမ်းများနှင့် အခိုင်အမာ ယုံကြည်သူများကို... ၎င်းတို့၏ ဘဝအချိန် အတော်များများကို သူနှင့် သူ၏ အရေးကိစ္စအတွက် မြှုပ်နှံထားရန်" ဆက်လက် လှုံ့ဆော်နိုင်ခဲ့သည်။ 

 

ဟစ်ကို ထောက်ခံသူများ၏ အဓိက အငြင်းပွားချက်ကို မေးခွန်းတစ်ခုနှင့် အနှစ်ချုပ်နိုင်သည် - "အကယ်၍ သူသာ အပြစ်ရှိနေမယ်ဆိုရင် ဒီလောက်များပြားတဲ့ လူတွေကို သူ့ အမှုအတွက် ဝိုင်းဝန်းကူညီပေးအောင် သူ လုပ်နိုင်ပါ့မလား" ဟူ၍ ဖြစ်သည်။

 

ရိုစင်ဘမ်ကမူ ဟစ်သည် အဘယ်ကြောင့် အပြစ်ရှိကြောင်း ဝန်မခံသနည်းဟူသော အချက်အပေါ် မတူညီသော ရှင်းပြချက်တစ်ခု ပေးခဲ့သည်။ သူမြင်သည်မှာ ဟစ်သည် သူ၏ အပြစ်ကင်းစင်မှုကို ဆုပ်ကိုင်ထားနိုင်ခြင်းအပေါ် "ဂုဏ်ယူ" နေခြင်းဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် "သူ့အပေါ် စေတနာထား၍ ကာကွယ်ပေးသူများကို လှည့်ဖြားထားခြင်း" ဖြစ်နေစေဦးတော့၊ ဆိုဗီယက်အတွက် သူလုပ်ဆောင်ပေးခဲ့သည်များကို ဖုံးကွယ်ထားခြင်းမှာ "ကိုယ်ကျင့်သိက္ခာအရ လိုအပ်ချက်တစ်ခု" ဖြစ်သည်ဟု သူက အစဉ်တစိုက် ယုံကြည်နေခဲ့သောကြောင့် ဖြစ်သည်။

 

ချိမ်ဘားစ် နှင့် ဟစ် တို့အကြား ထိပ်တိုက်ရင်ဆိုင်မှုသည် နိုင်ငံရေး လက်ဝဲနှင့် လက်ယာအကြား အယူဝါဒ ကွဲပြားမှုကို ပိုမို ပြင်းထန်စေခဲ့သည်။ ချိမ်ဘားစ်က ကမ္ဘာကြီးကို ဘုရားမဲ့ ကွန်မြူနစ်များနှင့် ခရစ်ယာန် ကွန်မြူနစ်ဆန့်ကျင်ရေးဝါဒီများအကြား တိုက်ပွဲ၊ အမှောင်နှင့် အလင်းအကြား တိုက်ပွဲအဖြစ် မြင်ခဲ့သည်။ လစ်ဘရယ် (အယူသည်းမှုမရှိသူ) အများစုကမူ ထိုသို့ ခွဲခြားမှုကို မောက်မာယုံမျှမက ရိုးစင်းလွန်းသည်ဟု ဆိုကာ ပယ်ချခဲ့ကြသည်။ ထိုစဉ်ကတည်းက ယနေ့တိုင်အောင်ပင် သင်၏ ရပ်တည်ချက်ကသာ သင် ဘာကို မြင်တွေ့ရမည် နည်းဆိုသည်ကို ဆုံးဖြတ်ပေးနေခြင်း ဖြစ်ပေတော့သည်။

 

**********