USDP သည် ၎င်းတို့ထဲမှ နန်းနီနီ အေး ဆိုသည့် အမျိုးသမီးအား (ဒုတိယအဆင့်) ဒုသမ္မတ အဖြစ် အရွေးချယ်ခံရ၍ ဝမ်းပမ်းတသာ ဖြင့် ဂုဏ်ပြုပွဲ လုပ်ခဲ့ကြသည်၊ ရုတ်တရက် ဆိုက အတိုက်အခံ များစွာ ကို ယှဉ်ပြိုင် ဖြတ်ကျော်ပြီး အရွေးချယ် ခံရ၍ လော ဟု ထင်စရာ ဖြစ်နေသည်။
တကယ်တမ်းတွင်တော့ ရွေးကောက်ပွဲ တွင် အမတ် နေရာ ၉၀ ရာနှုန်း ကျော် ရရှိခဲ့သော ပါတီကြီးသည် မင်း အောင်လှိုင် မှ ထိုသို့ ရာထူးလေး ချီးမြှင် မြှောက်စားခံရသည်ကို ဝမ်းပမ်းတသာ ဖြစ်နေကြခြင်းသာ ဖြစ်သည်။
နိုင်ငံရေး ကို အတော်အသင့် ခြုံငုံမိသော မည်သူ မဆို ယခုလို အနေအထားတွင် မင်းအောင်လှိုင်လို လူမျိုးကို သမ္မတ မတင်သင့်မှန်း ကောင်းစွာ သိနားလည် ထားပြီး ဖြစ်ပေလိမ့်မည်သာ။
နိုင်ငံတကာ ရာဇဝတ် ခုံရုံး မှ တရားခံပြေး အဖြစ်၊ ဖမ်းဝရမ်းထုတ် ခံရဖို့က နေ့လားညလား ဖြစ်နေချိန်၊ (အချို့ သတင်းများအရ ချိတ်ပိတ်ဝရမ်း ထုတ်ပြီးပြီဟု ယုံကြည်ခံရသူ)၊ အာဆီယံ နိုင်ငံများက လက်မခံဘဲ ဝိုင်းပယ်ခံထားရသူ၊ တရုတ်ကပင် မလိုလား၊ လူထု ကြီးကလည်း ၎င်း၏ မျက်နှာကိုပင် မမြင်ချင် လောက်အောင် ရွံရှာ မုန်းတီးခြင်း ခံနေရသူ ကို သမ္မတ အဖြစ် မည်သူက ရွေးချယ် တင်မြှောက်လိုပေမည်နည်း၊ စဉ်းစားဉာဏ် ရှိသူ တိုင်း အလွယ်တကူ တွေးလို့ရသည့် အရေးပင် ဖြစ်သည်။
ယခု ၎င်း သမ္မတ အတု အဖြစ် ကျမ်းကျိမ်မည့် ပွဲအား တက်ရောက်ရန် နိုင်ငံတကာသို့ ဖိတ်ကြားနေသော်လည်း အကျိုးရှိဖို့ အရေး မျှော်ကိုးနေသည့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန လက်အောက် ပတ်ဝန်းကျင်၊ တောရိုင်းတိရစ္ဆာန်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးဌာန၏ အငယ်တန်း ဝန်ကြီး ကာတီဗာဒန်ဆင်း ၊ ထိုင်းနိုင်ငံဘက်မှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ပန်ပရီ ဘဟီဒါနုကရာ တို့ သာ ရောက်လာကြမည်ဟု သိရသည်။
တရုတ်သည် သမ္မတတု မင်းအောင်လှိုင်အား ၎င်းတို့ နယ်စပ်ဒေသ တည်ငြိမ်ရေး နှင့် ဂုတ်သွေးစုတ်နိုင်မည့် စီးပွားရေး အခွင့်အလန်းအရသာ အောင့်အီး ဆက်ဆံနေရသည့် အဆင့်ထက် တက်မလာသေးပေ။ ယခု လည်း သမ္မတ ရှီကျင့်ဖျင်၏ အထူးကိုယ်စားလှယ်ဖြစ်သူ၊ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းရှင်းကျီ သည် အခမ်းအနား တက်ဖို့ ရောက်လာမည် ဖြစ်သည်။
ထိုပွဲသို့ တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့မှ ပြီး ပြီးရော စေလွှတ်လိုက်သူများသာ တက်ရောက်ဖို့ ရှိနေသည်။
ဦးမင်းအောင်လှိုင် ဖြစ်လာသော်ငြားလည်း အာဆီယံ မှ ဂုဏ်ပြုသဝဏ်လွှာ ပေးမှာ မဟုတ်တဲ့အပြင် မေလ တွင် ပြုလုပ်မည့် ထိပ်သီး အစည်းအ ဝေး ပွဲသို့ လည်း တက်ခွင့် ပေးမှာ မဟုတ်ဟု အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင် နိုင်ငံခြား ရေး ဝန်ကြီး မစ္စက် လာဇာရိုက ဘီဘီစီ နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထုတ် ဖေါ်ပြောဆိုသွားခဲ့ပြန်သည်။
မင်းအောင်လှိုင်သည် တကယ်တမ်းတွင် ကုလ နှင့် အနောက်အုပ်စုမှ မည်သို့မျှ အသိအမှတ်ပြုမည် မဟုတ်ဆိုသည်ကို ကောင်းစွာ သိထားပြီး ဖြစ်သော်လည်း အာဆီယံက ၎င်းအား အသိအမှတ် ပြုလာလိမ့်မည်ဟု အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့ရှာသည်။ မိန့်ခွန်းထဲတွင် ပင် ထည့် ပြောသွားရှာသည်။
ယခုတော့ ရွှေစားလွယ်ကြီး လွယ် ခေါင်းပေါင်းကြီး ဆောင်းကာ သမ္မတု ဘဝ ဖြင့် လှုပ်ရှားသွားရပေတော့မည်။
USDP သည် ၎င်းတို့ ရှုံးနိမ့်ခဲ့ရခြင်းသည် မဲခိုးခံရ၍ မဟုတ်၊ လူထု နှင့် ကင်းကွာပြီး အောက်ခြေ လွတ်ခဲ့ကြသည့် မူဝါဒ အမှားများ ကြောင့် ဆိုသည်ကို သိပြီး သမ္မတ ဦးသိန်းစိန် ခေတ်ကကဲ့သို့ ပြုပြင် ပြောင်းလဲရေး များ လုပ်ပြီး နိုင်ငံတကာ နှင့် ဆက်ဆံရေး ပြန်လည် တည်ဆောက်ကာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု များ ဖြင့် ဣဒြေရရ အုပ်ချုပ်သွားချင်သည့် ဆန္ဒရှိနေသည်။
သို့သော် သမ္မတရူး တပိုင်း ဖြစ်နေသော မင်းအောင်လှိုင်ကို ၎င်းတို့ မည်သို့မျှ မလွန်ဆန်ရဲ၊ မင်းအောင်လှိုင်ကလည်း ၎င်းတို့ ထိုသို့ တသက်နှင့် တကိုယ် မရဘူးသော အနိုင်ရရှိခြင်း မျိုး ထွက်ပေါ်လာအောင် မိမိက ဖန်တီးပေးခဲ့ခြင်း ကြောင့် ဟု ယူဆထားသည်။
မင်းအောင်လှိုင်သည် ယခုအခါ သမ္မတ တု အဖြစ် ဝင်ရောက်နေရာယူယုံမက ၎င်းတို့ ပါတီကိုပင် အိမ်နိမ့်စံ ဘဝ ရောက်အောင် မြောင်းထဲ ပို့ခဲ့သည်၊ ဥက္ကဌ ဖြစ်သူ ခင်ရီကို လွှတ်တော် ဉက္ကဌ၊ နန်းနီနီအေး ဆိုသည့် မထင်မရှားတ ယောက်ကို ဘာမှ လုပ်ပိုင်ခွင့် မရှိသည့် ဒုသမ္မတ ရာထူး ပေးပြီး ချွေးသိပ်ပေးလိုက်သည်။ ဤသည်ကို ကြည့်မည်ဆို က ကာလုံတွင် USDP ပါတီမှ နှစ်ဦးသာ ကိုယ်စားပြုခွင့် ရသည့် သဘောပင် ဖြစ်သည်။
၎င်းတို့ပါတီမှ အရည်အချင်း ရှိသူ အများအပြား ရှိနေပါလျက် ၎င်းတို့အား ချန်လှပ်ထားခဲ့ပြီး ကြံ့ဖွတ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သည့် ခင်မောင်စိုး၊ မောင်မြင့်၊ ဒေါက်တာမောင်သင်းတို့ ၃ ဦးကိုသာ သက်သက်ခိုင် အဆင့် အရေးမပါ သော သမဝါယမ၊ အလုပ်သမား၊ လူငယ်ရေးရာ၊ ဟိုတယ် ခရီးသွားလာရေး ရာထူးများဖြင့်သာ တင်းတိမ်ခဲ့ရရှာသည်။ အရေးပါသော ရာထူး မှန်သမျှ အား မင်းအောင်လှိုင်က လူဟောင်းများနှင့်သစ္စာခံသူ စစ်ဗိုလ်ချုပ်ဟောင်းများကိုသာ ရွေးချယ်ခဲ့သည်။ ပြည်နယ် တိုင်း ဝန်ကြီးချုပ် နေရာများကို USDP. ပါတီထဲ ကြိုတင် စေလွှတ်ထားသော သေဆိုသေ၊ ရှင်ဆိုရှင် ဆိုသူများ သာ နေရာပေးလာခဲ့သည်။
၎င်း၏ ခိုင်းဖတ်များ ဖြစ်သည့် ညိုစော၊ အောင်လင်းဒွေး၊ မြထွန်းဦး၊ တင်အောင်စန်းတို့ကို ကြံ့ဖွတ်ပါတီမှတစ်တင့် ရွေးကောက်ပွဲဝင်ခိုင်းခဲ့ပြီး ဒုတိယသမ္မတ ၊ ဝန်ကြီးနှင့် လွှတ်တော်ဥက္ကဋ္ဌ ရာထူး များ ပေးအပ်ခဲ့သည်။
အမတ်နေရာ ၉၀ ရာနှုန်း အနိုင်ရလာသော ပါတီကြီး မှ အစိုးရ အဖွဲ့တွင် ၁၀ ရာနှုန်းခန့်သာ မကောင်းတတ်၍ နေရာပေးခံရသည့် အိမ်နိမ့်စံများ အဖြစ် မျက်နှာငယ်ခဲ့ ကြရပြီ ဖြစ်သည်။
ဝန်ကြီးနေရာ ၃၁ နေရာတွင် ၁၈ နေရာအားယခင် လူဟောင်းများ ဖြင့် ဖြည့်ဆီးခဲ့ခြင်းလည်း ဖြစ်သည်။
USDP ကတော့ မှန်းချက်နှင့် နှမ်းထွက်လွဲခဲ့ယုံမက ၎င်းတို့၏ ခေါင်းဆောင်ကြီး ဖြစ်သူ ခင်ရီသည် လွှတ်တော်ဥက္ကဌ ရာထူး ရ၍ အကျေနပ်ကြီး ကျေနပ်ကာ ကြို တင် သိထားပါလျက် တလုံးတပါဒမျှ ပြောဆိုခြင်း မရှိခဲ့သည်ကိုလည်း တအံ့တဩ ဖြစ်နေကြပေလိမ့်မည်။ ၎င်းတို့ အဖို့က လွှတ်တော်ထဲ ဝင်ထိုင်ခွင့် ရသွားသည့် အဆင့်သာ ရှိ ပေသည်။
စီးပွားရေး တွင် မည်မျှ အထိ ထိခိုက် နေသည်ကို စဉ်းစားရ ကောင်းမှန်း မသိ၊ ပြည်တွင်းမှာ စက်သုံးဆီသုံးစွဲမှု ၁ ရက်ကို ဂါလန် ၁ သန်းကျော် လျှော့ချနိုင် သည့် အတွက် တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ လောက် သက်သာသည် ဆိုကာ ဂုဏ်ယူ နေသူ အသိဉာဏ် မျိုး ရှိသူများသာ ဖြစ်သည်။
၎င်း၏ ဝန်ကြီး ဆိုသူများလည်း အစည်းအဝေး ခမ်းမထဲရှိ စားပွဲရှေကြီး ထိပ်တွင် ထိုင်ကာ ငါသိငါတတ် ပေါက်ပန်းလေးဆယ် ပြောနေသည့် သမ္မတု မင်းအောင်လှိုင်၏ စကားများကို မှတ်စုစာအုပ်ထဲ တကုတ်ကုတ် လိုက်ရေး၊ ဟိုနေရာ သွားစစ်၊ ဒီနေရာ သွားစစ်ပြ နှင့် ရပ်တည်သွားကြရပေတော့မည်။
သမ္မတု မင်းအောင်လှိုင်၏ နောက်လိုက်စာရင်းတွင် စစ်ဗိုလ်ချုပ် အငြိမ်းစား များနှင့် ယခင် လူဟောင်း များ ပါဝင် လာကြသည်ကို ကြည့်မည်ဆိုက ယခင် ဦးနှောက် များနှင့် သာ ဖြစ်ပြီး ကိုယ်ပေါ်က အဝတ်အစား ပြောင်းသွားခြင်းမျိုး ထက် မပိုပေ။ ထို့အနေအထားတွင် တိုင်းပြည်တွင် စစ်မှန်သော တိုးတက်မှု များ ထွက်ပေါ်လာမည်ဟု ယူဆပါက ရူးသွပ်ခြင်း သက်သက်သာ ဖြစ်ပေလိမ့်မည်။
စိုးဝင်း အား ချောင်ထိုးလိုက်သည့် အဖြစ် ပို၍ ထင်ရှားလာရသည်က အတုအယောင် ရွေး ကောက်ပွဲ မျိုး နင့်ပင် လူထု၏ ငြင်းပယ်ခြင်း ခံခဲ့ရသူ များ ဖြစ်သည့် ကိုကိုကြီး၊ ချိုချိုကျော်ငြိမ်း၊ မန်းငြိမ်းမောင် အစရှိသည်တို့အား ၁၁ ဦး ပါ ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီ အဖွဲ့ဝင်များ အဖြစ် ထည့်သွင်းလိုက်ခြင်းပင် ဖြစ်သည်။ တနည်းအားဖြင့် ဆိုသော စိုးဝင်းအား ခွေးကတက်တွင်သာ နေရာပေးလိုက်ခြင်း ဖြစ်ကြောင်း ရှင်းလင်းစွာ အသိပေးလိုက်ခြင်းပင် ဖြစ်သည်။
သမ္မတု မင်းအောင်လှိုင်သည် ၎င်းကိုယ်၎င်း အစိုးရ သစ် ဟု ယခင် ငါးနှစ်က ဖြစ်ပျက်ခဲ့သည်များသည် ၎င်း နှင့် မဆိုင်သည့် အလား မိနစ် နှစ်ဆယ်ကြာ အောင် အရှက်ကင်းမဲ့စွာ ပြောဆို နေသော်လည်း တဖြေးဖြေး နှင့် အငတ် ဘေး ဆိုက်လာ နေ သော လူထု၊တော်လှန်ရေး အင်အားစု များ ပေါင်းစည်းလာခြင်း၊ နိုင်ငံတော် အတိုင်ပင်ခံအား ဆက်လက် မတရား ချုပ်နှောင်ထားခြင်း နှင့် နိုင်ငံတကာ တရားရုံးချုပ် အထိ ရောက်နေ သော ရိုဟင်ဂျာ အရေးများနှင့် ရင်ဆိုင်ရ တော့မည် ဖြစ်သည်။
လူထုကတော့ မင်းအောင်လှိုင် သမ္မတု အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမှု ကို မင်းသားကြီး ဝင်းဦး "ကျော်မင်း၊ ဇော်မင်း" အဖြစ် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ခဲ့သည့် "ဆောင်းအိမ်မက်" ကို ကြည့်နေရသည့်အလား ထင်မြင်နေကြပေလိမ့်မည်သာ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!
There is not a crime, there is not a dodge, there is not a trick, there is not a swindle, there is not a vice which does not live by secrecy.
လျှို့ဝှက်ချက်ကို အမှီမပြုဘဲ ရှင်သန် နိုင်သည့် ရာဇဝတ်မှု၊ တိမ်း ရှောင်မှု၊ လှည့်ဖြားမှု၊ လိမ်လည်မှုနဲ့ ယုတ်ညံ့တဲ့ အကျင့်ဆိုးရယ်လို့ လောကမှာ မရှိပါဘူး။
Joseph Pulitzer