စစ်ပွဲ တွင် အကြီးအကျယ် အရေးနိမ့်သွားသူက ဒေါ်နယ် ထရမ့်သာ ဖြစ်

by Hla Soewai - Apr 13 2026

စစ်ပွဲတိုင်း အနိုင်ရသူရှိချင်မှရှိမည် ဖြစ်သော်လည်း၊ အနည်းဆုံးတော့ အရှုံးသမား တယောက်ကတော့ ရှိစမြဲပင်။ အကယ်၍များ (ဖြစ်နိုင်‌ ခြေ နည်းလှသော်လည်း) —လက်ရှိ အပစ်အခတ်ရပ်စဲ ရေးသည် အီရန် နှင့် ဖြစ်ပွားနေသည့် စစ်ပွဲ၏ အဆုံးသတ်သာ ဖြစ်ခဲ့မည် ဆိုက အကြီးမားဆုံး အရှုံးသမားသည်က ဒေါ်နယ် ထရမ့်သာ ဖြစ် ပေ လိမ့်မည်။ 

 

လက်ရှိ ပဋိပက္ခသည် ၎င်း၏ အဓိက စစ်ရေးရည်မှန်းချက်များ ကို နောက်ဆုတ်သွားစေခဲ့သလို၊ အမေရိကန်၏ အာဏာစက်ကို အသုံးချပုံနှင့် ပတ်သက်ပြီး ၎င်းကိုင်စွဲထားသည့် အမြင်သစ်များ ဆိုသည်ကလည်း မည်မျှ အထိ အပေါ်ယံဆန်ပြီး အနှစ်သာရကင်းမဲ့ နေသည်ကို ဖော်ပြနေ ပေသည်။

 

ငြိမ်းချမ်းရေးသည်ကား အလွန်အမင်း ထိလွယ်ရှလွယ်သည့် အခြေအနေ တွင် ရှိနေသည်။ အစ္စရေး၏ အပြင်းအထန် တိုက်ခိုက်မှုများ ခံနေရသည့် လက်ဘနွန် သည် လက်ရှိ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထဲ ပါဝင်သလား၊ မပါဝင်ဘူးလား ဆိုသည်နှင့် ပတ်သက်ပြီး အမေရိကန်နှင့် အီရန်တို့ကြား သဘောထား ကွဲလွဲနေကြသည်။ အစ္စရေး၏ လုပ်ရပ်သည် ဒေသတွင်း အပစ်အခတ်ရပ်စဲရေးအား ပျက်ပြားအောင် တမင်ရည်ရွယ်ပြီး လုပ်ဆောင်နေသလို ဖြစ်နေသည်။

 

ဆွေးနွေးပွဲများ စတင်နိုင်ဖို့အတွက် အမေရိကန်ဘက်က ကြိုတင်သတ်မှတ်ထားသည့် အချက်ဖြစ် သော ဟော်မုဇ် ရေလက်ကြား ကို အီရန်က မည်သည့် ပုံစံမျိုး နှင့် ပြန်ဖွင့်ပေးရမည် အပေါ်လည်း ငြင်းခုံနေကြသည်။ ထို့အပြင် ၎င်းတို့၏ ရပ်တည်ချက် များသည်လည်း တဖက် နှင့် တဖက် လွန်စွာ ကွာဟနေသည့် အတွက် လာမည့်သီတင်းပတ်ကုန် အစ္စလာမ္မာဘတ်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲတွင် မည်သည်ကို အခြေခံပြီး ဆွေးနွေးကြမည် ဆိုသည်ကိုပင် သဘောတူညီမှု မရနိုင် ဖြစ်နေသည်။

 

ထရမ့်သည် စစ်ပွဲကို လုံးဝ မစတင်ခဲ့သင့် ဆိုသည်ကို ယခု သဘောပေါက်သွားပြီ ဖြစ်သည့် အတွက် စစ်ပွဲထဲကို ပြန်မဝင် ချင် တော့ဟု ယူဆနိုင်စရာ ဖြစ်လာသည်။ အီရန်ကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ပြီး ရင်ဘတ် စည်တီး ရေးသားခဲ့သည့် ရွံရှာဖွယ်ရာ ပို့စ်များသည် ၎င်း၏ အလျှော့ပေး ဆုတ်ခွာလို မှုကို ကျည်ကာအင်္ကျီ ဝတ်ပြီး ဖုံးကွယ်ဖို့ ကြိုးစားနေသည် နှင့် တူနေသည်။

 

စစ်ပွဲ ပြန်ဖြစ်ခဲ့မည်ဆိုက ဈေးကွက်များ ကမောက်ကမ ဖြစ်ကုန်မည် ဆိုသည်ကို သိသလို၊ အရှေ့အလယ်ပိုင်းတွင် “ရွှေခေတ်” ကို တည်ဆောက်နိုင်ခဲ့ပြီဟု ကြွေးကြော်ထားခဲ့ပြီးမှ၊ လေးဘက်မြင် စစ်တုရင် ကစားသူကြီးဟု ကိုယ်ကို ကိုယ် တင်စားထားသည့် လူသည် လူပြိန်းတစ်ယောက်လို ဖြစ်သွားနိုင်သည့် အန္တရာယ် ရှိ နေသည် ကိုလည်း ကောင်းစွာ နားလည်နေပြီ ဖြစ်သည်။

 

အီရန် ဘက်ကလည်း စစ်ပြန် မဖြစ်အောင် ထိန်းထားရမည့် အကြောင်းရင်းများ ရှိနေသည်။ ၎င်းတို့၏ ခေါင်းဆောင်များ တယောက်ပြီး တယောက် လုပ်ကြံသတ်ဖြတ်ခံနေရသည်။ စစ်ပွဲအတွင်း သေဆုံးခဲ့ရသည့် ထောင်ပေါင်းများစွာသော ပြည်သူ များ အပါအဝင် နိုင်ငံသားများအပေါ် ခေါင်းဆောင်ပိုင်းက ဂရုမစိုက်ကြ သော်လည်း နိုင်ငံ၏ လျှပ်စစ်ဓာတ်အားပေးစနစ်၊ သယ်ယူပို့ဆောင်ရေး ကွန်ရက်များ အလုံးအရင်းနဲ့ ဖျက်ဆီးခံရမည် ဆိုက တိုင်းပြည်ကို အုပ်ချုပ်ရ ပို၍ ခက်ခဲလာ ပေလိမ့်မည်။

 

ထို့အပြင် စီးပွားရေးပိတ်ဆို့မှုများကိုလည်း ရုပ်သိမ်းစေချင်နေသည်။ အချိန်ကြာလာတာသည် နှင့် အမျှ ဆွေးနွေးပွဲ စားပွဲဝိုင်းတွင် ပိုပြီး အသာစီးရလာလိမ့်မည်ဟု လည်း အီရန်အစိုးရက တွက်ဆထားပုံရသည်။ အမေရိကန်ဖက်က ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ဖို့ အသင့်အနေအထားနှင့် အမြဲတမ်း ဖြန့်ကြက်ထားနိုင်မည် မဟုတ်။ သို့သော် စစ်ပွဲ နောက်တစ်ကြိမ် ပြန်ဖြစ်လာခဲ့မည် ဆိုက ထိုသို့ ဖြစ်ရခြင်းသည် အီရန်ဘက်က အခြေအနေကို အကဲဖြတ်မှားပြီး အလွန်အကျွံ လုပ်ဆောင်မိတာကြောင့်သာ ဖြစ်ပေလိမ့်မည်။

 

ထို့ကြောင့် အဖြစ်နိုင်ဆုံး သည်က ဒဏ်ရာ ဗလပွ နှင့် အီရန်အစိုးရသည် အာဏာကို ဆက်လက်ဆုပ်ကိုင်ထားပြီး ဆွေးနွေးပွဲများတွင် ၎င်းတို့၏ အမြင့်ဆုံး ရည်မှန်းချက်များရရှိရန် အချိန်ဆွဲ တောင့်ခံနေမည့် အခြေအနေပင် ဖြစ်သည်။ အီရန်တွင် ရေတပ် သို့မဟုတ် လေတပ် ဟူ၍ မရှိတော့သလောက် ဖြစ်နေပြီး ၎င်းတို့၏ ဒုံးကျည်နှင့် ဒရုန်း အများအပြားသည်လည်း အသုံးပြုခဲ့ရခြင်း သို့မဟုတ် ဆုံးရှုံးသွားခဲ့ရခြင်းများနှင့် ကြုံနေရသည်။ 

 

ထိုလက်နက်များကို ထပ်မံထုတ်လုပ်နိုင်ဖို့သည်လည်း အမေရိကန်နှင့် အစ္စရေးတို့၏ အကြိမ်ပေါင်း ၂၁,၀၀၀ ကျော် တိုက်ခိုက်မှုကြောင့် နှစ်ပေါင်းများစွာ နောက်ပြန်ဆုတ်သွားရသည့် စီးပွားရေးအခြေအနေက မပေးဖြစ်နေသည်။

 

ဒေါ်နယ် ထရမ့် ကတော့ ကြီးကျယ်သည့် အောင်ပွဲတစ်ခုအဖြစ် ပြောဆိုနေသည်။ သို့သော်လည်း ၎င်း စစ်ပွဲ ဆင်နွှဲခဲ့သည့်ရည်မှန်းချက်ကြီး (၃) ခုဖြစ် သော—အီရန်ကို ထိန်းချုပ်ပြီး အရှေ့အလယ်ပိုင်းဒေသကို ပိုမိုလုံခြုံဝပြောအောင် လုပ်ဆောင်ရန်၊ အီရန်အစိုးရကို ဖြုတ်ချရန် နှင့် အီရန်ကို နျူကလီးယား အင်အားရှိ နိုင်ငံ ဖြစ်မလာအောင် အပြီးတိုင် တားဆီးရန်—ဆိုသည့် အချက်များ ကို ကြည့်၍ သုံးသပ်ရမည် ဆိုက အောင်ပွဲ ရသည်ဟု ပြောရန် ခဲယဉ်းပေလိမ့်မည်။

 

လက်ရှိ စစ်ပွဲသည် ဒေသတွင်း လုံခြုံရေးကို ထိခိုက်စေခဲ့သည်။ စစ်မဖြစ်ခင်က အစ္စရေးသည် အီရန်၏ လက်ဝေခံ ကွန်ရက်များကို တစ်စိတ်တစ်ပိုင်း ဖြိုခွင်းနိုင်ခဲ့သည်။ ယခုအခါတွင် တော့ အီရန်သည် ပင်လယ်ကွေ့နိုင်ငံများကို တိုက်ခိုက်ခဲ့ခြင်း နှင့် ဟော်မုဇ် ရေလက်ကြား သင်္ဘောသွားလာရေးကို ပိတ်ဆို့ခဲ့ခြင်းများ ကတစ်ဆင့် အသာစီးရနိုင်မည့် အခြေအနေ သစ်တစ်ခုကို ဖန်တီးထားနိုင်ခဲ့ပြီ ဖြစ်သည်။

 

အီရန်သည် ရေလက်ကြားကို အသုံးပြု ခ အဖြစ် အခွန်ကောက်ခံဖို့ ကြိုးစားနေသည်။ ထရမ့် ကတော့ ရလာသည့် ဝင်ငွေကို ပင် ခွဲဝေယူရန် အထိပင် စဉ်းစားတွေးတောခဲ့ဖူးသည်။ ပင်လယ်ကွေ့နိုင်ငံများနှင့် ၎င်းတို့၏ ဖောက်သည်များ အနေနှင့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို အခုလို စော်ကား မော်ကား လုပ်လာမှုကို တွန်းလှန်နိုင်စွမ်း ရှိကောင်းရှိနိုင် သော်လည်း ရှေ့ဆက်ပြီး အားပြိုင်မှုများ နှင့် တော့ ရင်ဆိုင်ရပေဦးမည်။

 

ရေနံထုတ်လုပ်သည့် နိုင်ငံများ အနေနှင့် ပင်လယ်ကွေ့ကို ရှောင်ကွင်းနိုင်ရန် ပိုက်လိုင်းအသစ်များကို နှစ်ပေါင်းများစွာ အချိန်ယူ တည်ဆောက်ပြီးစီးသွားလျင်ပင်၊ အီရန်သည် ၎င်းတို့၏ အရေးပါသည့် အခြေခံအဆောက်အအုံ များကို တိုက်ခိုက်နိုင်စွမ်း ရှိနေဦးမည် ဖြစ်သည်။ မိမိ ‌တို့ ဒေသအား တည်ငြိမ်အေးချမ်းသည့် အိုအေစစ်နယ်မြေများ အဖြစ် ကြော်ငြာလေ့ရှိသည့် ပင်လယ်ကွေ့နိုင်ငံများသည် အမေရိကန်အပေါ် ဆက်၍ အားကိုးလို့ ရ၊ မရ ဆိုသည်ကို ပြန်လည်မေးခွန်းထုတ်ရတော့မည် ဖြစ်သည်။ သို့မဟုတ် က ၎င်းတို့၏ လုံခြုံရေးအတွက် ကိုယ်တိုင် ပိုမိုလုပ်ဆောင်တာမျိုး သို့မဟုတ် အီရန်နှင့် ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်တာမျိုး အစရှိသည့် အမြင်သစ်ကနေ ပြန်လည် စဉ်းစားလာကြမလားဆိုသည်က စောင့်ကြည့်ရပေမည်။

 

အီရန်အစိုးရကို ဖြုတ်ချနိုင်ခဲ့ပြီဟု ထရမ့်က ပြောနေသော်လည်း အီရန်အစိုးရက ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ အီရန်ပြည်သူများဖက်က ၎င်းတို့ကို ဖိနှိပ်ထားသည့် အုပ်စိုးသူများကို မကြာခင်မှာ တော်လှန်ပုန်ကန်ကြလိမ့်မည်၊ ထိုသို့ ဖြစ်လာခဲ့လျင် ၎င်းက ကြားကနေ နာမည် ဝင်ယူ နိုင်မည်ဟု ထရမ့်က မျှော်လင့်နေပုံရသည်။ 

 

ယင်းသည် ဖြစ်နိုင်ခြေရှိ သော်လည်း စစ်မဖြစ်ခင်က အခြေအနေနှင့် ယှဉ်ကြည့်မည်ဆိုက ယခုအခါ ဖြစ်နိုင်ခြေ ပိုနည်းသွားသည်။ စစ်မဖြစ်ခင်က အီရန်အစိုးရသည် ၎င်းတို့၏ ၄၇ နှစ်တာ သမိုင်းတစ်လျှောက် လူကြိုက်အနည်းဆုံး အခြေအနေနှင့် ရင်ဆိုင်နေရသည်။

 

အယာတိုလာ အလီ ခါမေနီ ကျန်းမာရေးချို့ယွင်းလာသည်နှင့် အမျှ အီရန်အစိုးရသည် မျိုးဆက်သစ်တခုဆီကို အာဏာလွှဲပြောင်းဖို့ အန္တရာယ်များသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရာမှ စစ်ပွဲ ကြောင့် အာဏာအကူးအပြောင်း ဖြစ်ပေါ်လာခဲ့ရပြီး သားဖြစ်သူ မိုဂျာတာဘာ ကို နန်းတင်ပေးသလို ဖြစ်သွားခဲ့သည်။ အလီနှင့် မတူသည်က မိုဂျာတာဘာသည် အမည်ခံခေါင်းဆောင်တစ်ဦးသာ ဖြစ်နေသည်။ အစစ်အမှန် အာဏာသည်က အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) နှင့် အချင်းချင်း ပြိုင်ဆိုင်နေကြတဲ့ အုပ်စုများ၏ လက်ထဲမှာသာ ရှိနေပြီး ၎င်းတို့ အားလုံးသည်လည်း ရန်လိုသည့် အမျိုးသားရေးဝါဒီများ ဖြစ်နေပြန်သည်။

 

လက်ရှိ စစ်ပွဲသည် နျူကလီးယား ခြိမ်းခြောက်မှုကိုလည်း ပိုမိုဆိုးရွားသွားစေနိုင်သည်။ အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်၏ အခြေခံအဆောက်အအုံများ ကို ထပ်မံဖျက်ဆီးခဲ့ကြ သော်လည်း နျူကလီးယားဗုံး ၁၀ လုံးစာလောက် ထုတ်လုပ်နိုင်သည့် သန့်စင်ပြီး ယူရေနီယံ ကီလိုဂရမ် ၄၀၀ ခန့် နျူကလီးယားစခန်းများရှိ မြေအောက် များ တွင် မြှုပ်နှံထားဆဲ ဖြစ်သည်။ 

 

ဒေါ်နယ် ထရမ့်ကတော့ အီရန်အား ဒီ "နျူကလီးယားဖုန်မှုန့်" များ ကို လက်နက်ချအပ်နှံဖို့ အတင်းအကျပ် တောင်းဆိုနေသည်။ အီရန်ဘက်က စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းစေချင် သော်လည်း နောင်တွင် ဖြစ်လာနိုင်သည့် တိုက်ခိုက်မှု များကို ဟန့်တားနိုင်ဖို့အတွက် ရှိထားပြီးသား ယူရေနီယံများကိုသုံးပြီး နျူကလီးယားဗုံး ထုတ်လုပ်ချင်သည့် ဆန္ဒက ပို၍ပင် ပြင်းပြလာခဲ့သည်။ ယင်းသည် ဒေသတွင်း နျူကလီးယားလက်နက်များ ပြန့်ပွားလာမှုကို ဖြစ်ပေါ်စေနိုင်သည်။ ထိုသို့ ဆိုက အလွန်ဆိုးဝါးသည့် ရလဒ်တစ်ခု ဖြစ်လာမှာဖြစ်ပြီး ထိုအခြေအနေကို တားဆီးနိုင်ဖို့ ထရမ့် နှင့် နောက်တက်လာမည့် သမ္မတ များသည် အီရန်ကို နှစ်အနည်းငယ်ခြား တခါ တိုက်ခိုက်နေရ‌ ပေတော့မည်။ လက်ရှိ စစ်ပွဲကို ကြည့်ယုံနှင့် ထိုသို့ ဆက်တိုက်နေဖို့ဆိုသည်က ရေရှည်မှာ မလွယ်ကူလှပေ။

 

အစ္စရေးနိုင်ငံသည် ယနေ့ ခေတ်တွင် ၎င်းတို့၏ သမိုင်းတစ်လျှောက် မည်သည့် အခါနှင့် မျှ မတူအောင် စစ်ရေးအင်အား တောင့်တင်းနေသဟည်။ သို့သော် လက်ရှိ စစ်ပွဲသည် စစ်အင်အား အရာဖြင့် မည်မျှအထိပဲ အောင်မြင်အောင် လုပ်ဆောင်နိုင်သည် ဆိုသော အကန့်အသတ်ကို ဖော်ပြနေသလို၊ ကြိုတင်ကာကွယ်သည့်အနေဖြင့် တိုက်ခိုက်လိုသည့် အာသီသသည် ဒေသတွင်း ကြောက်ရွံ့မှုနှင့် မုန်းတီးမှုများကို ဖြစ်ပေါ်စေခဲ့သည် ဆိုသည်ကိုလည်း ပြသနေသည်။

 

အစ္စရေးလူမျိုး အများအပြားအတွက်တော့ အမေရိကန်နဲ့ တန်းတူရင်ပေါင်တန်းပြီး တိုက်ပွဲဝင်နိုင်ခဲ့ခြင်းသည့် အမျိုးသားရေးအရ လွန်စွာ ဂုဏ်ယူ ဝင့်ကြွား နိုင်ခဲ့ကြသည်။ သို့သော်လည်း ရီပတ်ဘလစ်ကန် နိုင်ငံရေးသမားများ၏ ချီးမွမ်းမှုကိုသာ ရရှိထားပြီး၊ ယခုအခါ အမေရိကန်နိုင်ငံသား ၆၀ ရာခိုင်နှုန်းသည် အစ္စရေးအပေါ် အမြင်မကြည်မလင် ဖြစ်လာကြသည်။ ယင်းသည် ပြီးခဲ့သည့်နှစ်ကထက် ၇ ရာခိုင်နှုန်းအထိ တိုးလာတာဖြစ်ပြီး အစ္စရေးကို အားနည်းသွားနိုင်သည့် အခြေအနေ ရောက်အောင် တွန်းပို့နေခြင်း ဖြစ်သည်။

 

ဒေါ်နယ် ထရမ့် လက်ထက် အမေရိကန်နိုင်ငံအနေနှင့် ပြန်လည်သုံးသပ်ရမည့် အချက်များက ပို၍ပင် များပြား နေသည်။ ယခင်က အမေရိကန်သည် စစ်အင်အားနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သြဇာအာဏာကို ပေါင်းစပ်ပြီး အင်အားကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ သမ္မတကတော့ အီရန်၏ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းပစ်မယ်လို့ ခြိမ်းခြောက်လာသည့် အခါတွင် တော့— လူမျိုးတုံးသတ်ဖြတ်မှု မြောက်‌ ပေသည်။ ထရမ့်သည် ကိုယ်ကျင့်တရား ရှိခြင်း ဆိုသည်ကို အားနည်းချက်တစ်ခုလိုမျိုး သဘောထား ဆက်ဆံနေသူ ဖြစ်သည်။

 

"အင်အားရှိသူဟာ အမှန်တရားပဲ (might is right)" ဆိုတဲ့ အယူအဆသည် ဆယ်စုနှစ်များစွာ ကျင့်သုံးလာခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒကို ဖျက်ဆီးလိုက် ရုံတင်မက မှားယွင်းတဲ့ အယူအဆတခု ဖြစ်သည် ဆိုသည်ကို ဒီစစ်ပွဲက သက်သေပြနိုင်ခဲ့သည်။ အီရန်စစ်ပွဲအတွင်း အမေရိကန်၏ စစ်ရေးအသာစီးရမှုသည် ထင်ထင်ရှားရှား ရှိခဲ့သည်။ စစ်ဆင်ရေး များတွင် ဉာဏ်ရည်တု ကို ပေါင်းစပ်အသုံးပြုခြင်း၊ ပစ်ချခံရသည့် လေသူရဲများကို ကယ်တင်နိုင်ခဲ့ခြင်း နှင့် ကုန်ကျစရိတ် သက်သက်သာသာနှင့် အသာစီးရယူနိုင်တာမျိုး ရှိခဲ့ သော်လည်း၊ တဖက်တွင်လည်း နက်ရှိုင်းသည့် ပြဿနာရပ်များ ကို ဖော်ထုတ်ပြသရာ ရောက်ခဲ့သည်။

 

စစ်ပွဲ၏ ရလဒ်အရ အမေရိကန်သည် အင်အားအပေါ် အလွန်အကျွံ အထင်ကြီးထားကြောင်းတွေ့ရှိရသည်။ အမေရိကန်စက်ရုံများသည် စစ်ပွဲအတွက် လက်နက်များအချိန်မီ ထုတ်လုပ် မပေးနိုင်ခဲ့သလို၊ အီရန်ကလည်း လက်နက်အနည်းငယ်နှင့်ပဲ အမေရိကန်ကို အထိနာအောင် ပြန်တိုက်နိုင်ခဲ့သည်။

 

ပြင်းပြင်းထန်ထန် တိုက်ခိုက်သတ်ဖြတ်နိုင်ရုံနှင့် စစ်ပွဲ နိုင်ပြီလို့ ပြောလို့မရ။ သေချာသည့် မူဝါဒနှင့် အစီအစဉ် တကျ မရှိဘဲ ဗုံးတွေ၊ ကျည်ဆန်တွေ အလွန်အကျွံ သုံးစွဲနေခြင်းသည် အမေရိကန်၏ အင်အားကို အလဟဿ ဖြစ်စေရုံပဲ ရှိသည်။

 

အီရန်အစိုးရသည် ဆိုးယုတ်တာ မှန် သော်လည်း၊ စစ်ပွဲတစ်ခုကို တရားမျှတသည်ဟု သတ်မှတ်ဖို့ဆိုလျင် "တခြားနည်းလမ်း မရှိတော့မှသာ တိုက်ခိုက်ရမည်" ဆိုသည့် အသိတရား ရှိဖို့လိုသည်။ သို့သော် ထရန့်ကတော့ အီရန်ကို တိုက်ခိုက်ခြင်းဖြင့် သူ၏ အစွမ်းအစကို ပြသဖို့အတွက်ပဲလို့ သဘောထားခဲ့ပြီး၊ စစ်ပွဲကြောင့် ဖြစ်လာမယ့် ဆိုးကျိုးတွေကို သေချာမစဉ်းစားခဲ့ ပေ။

 

နိဂုံးချုပ် ဆိုရက "အင်အားရှိသူတိုင်း အမြဲတမ်း မှန်ကန်နေတာ မဟုတ်ဘူး" ဆိုခြင်းပင် ဖြစ်သည်။ တစ်ခါတစ်ရံ အင်အားဘယ်လောက်ရှိရှိ စစ်ပွဲကို အောင်နိုင်ဖို့အတွက်တောင် မလုံလောက်ဘူးဆိုသည်ကို လက်ရှိဖြစ်ရပ်က ပြသနေသည်။

 

(၂၀၂၆ ဧပြီ ၉ ရက် နေ့ထုတ် အီကောနော်မစ် သတင်းစာကြီး၏ အယ်ဒီတာ အာဘော် ဖြစ်သည့် "Donald Trump is the war’s biggest loser ကို ပြန်လည် တင်ပြသည်။)