၁၉၅၉ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့။
အရုဏ်တက်ချိန်။
ထွက်လာသည့် သတင်းကတော့ ဒီထက်ပိုပြီး စိတ်ပျက်စရာ မရှိနိုင်တော့ပြီ။ မြေထဲပင်လယ် ကမ်းခြေမြို့လေးပေါ်သို့ နေဝန်း ထွက်ပေါ်လာချိန်တွင် မော့ဆက် ညွှန်ကြားရေးမှူး အစ်ဆာ ဟာရဲလ် သည် နံနက်ခင်း သတင်းစာခေါင်းကြီးပိုင်းများကို စိုက်ကြည့်နေမိသည်။ အစ္စရေး၏ စောင် ရေ အများဆုံး ထုတ်ဝေ နေသည့် နေ့စဉ်သတင်းစာများဖြစ်သည့် Yedioth Ahronoth နှင့် Maariv နှစ်စောင်လုံးက အဒေါ့ဖ် အိုက်ခ်မန်းကို ရှာဖွေတွေ့ရှိသွားပြီဟု ရေးသားဖော်ပြနေကြသည်။
ဂျာမနီတောင်ပိုင်း ဗာဒန်-ဝပ်တင်ဘတ် ပြည်နယ်၊ လူဒဝစ်ဘတ် မြို့၏ ရှေ့နေချုပ်ဖြစ်သူ နာဇီအမဲလိုက်သမား အာဝင် ရှူးလ် ၏ အ ပြော အား ကိုးကားပြီး အိုက်ခ်မန်းသည် အသက်ထင်ရှားရှိနေပြီး ကျန်းမာဘေးကင်းစွာ ရှိနေသည်ဟု ဆိုသည်။
သို့သော်လည်း ဖရစ်ဇ် ဘောင်ဝါ အခိုင်အမာ ပြောဆိုထားသလို အာဂျင်တီးနားတွင် ရှိနေခြင်း မဟုတ်ပေ။ ကူဝိတ်နိုင်ငံရှိ ရေနံကုမ္ပဏီတစ်ခုတွင် အင်ဂျင်နီယာတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု ရေးသားထားသည်ကို ဖတ်ရှုလိုက်ရခြင်းကြောင့် ဖြစ်သည်။
မော့ဆက် ဌာနချုပ်သည် တဲလ်အဗီးဗ်မြို့၏ "ဆာရိုနာ" ဟု လူသိများသော အရပ်တွင် တည်ရှိပြီး၊ ထိုနေရာ၌ ၁၈၇၁ ခုနှစ်တွင် ဂျာမန်လူမျိုးများ စတင်အခြေချခဲ့ကြခြင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ထိုအဆောက်အအုံများကို စစ်အခြေစိုက်စခန်းအဖြစ် အသုံးပြုခဲ့ကြပြီး ကျောက်တုံးများဖြင့် တည်ဆောက်ထားသော အိမ်များကို မြေအောက်လှိုဏ်ခေါင်း ကွန်ရက်များဖြင့် ချိတ်ဆက်ထားသည်။
ယခုအခါတွင်မူ ထိုနေရာကို "ကီယာ" ဟု ခေါ်ဆိုကြပြီး အစ္စရေးနိုင်ငံ၏ ယာယီမြို့တော်အဖြစ် သတ်မှတ်ခဲ့၍ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) နှင့် အခြားအစိုးရရုံး အဆောက်အအုံများ ကိန်းဝပ်ရာနေရာ ဖြစ်လာခဲ့သည်။
ဤအမိုးနီ အဆောက်အအုံသည် အစ္စရေး ထောက်လှမ်းရေးဌာန၏ ဌာနချုပ်ဖြစ်ကြောင်း ဖော်ပြထားသည့် မည်သည့်ဆိုင်းဘုတ်မျှ မရှိပေ။ ကြည့်လိုက်လျှင် အခြားသော သာမန်အဆောက်အအုံတစ်ခုကဲ့သို့ပင် ထင်မှတ်ရသည်။ ဟာရယ်၏ ရုံးခန်းသည်လည်း ခမ်းနားထည်ဝါခြင်းမရှိဘဲ စားပွဲတစ်လုံး၊ ဖုန်းတစ်လုံး၊ အစည်းအဝေးစားပွဲနှင့် ဗီဒိုအသေးစား တစ်လုံးသာ ရှိသည်။ သို့သော် အစ္စရေးနိုင်ငံ၏ အနာဂတ်မှာ အနီးအနားရှိ စစ်အခြေစိုက်စခန်းအပေါ် မှီခိုနေရသကဲ့သို့ပင်၊ ဤကျောက်တုံးအဆောက်အအုံအတွင်း အလုပ်လုပ်ကိုင်နေကြသော လူတစ်စုအပေါ်၌လည်း များစွာမူတည်နေပေသည်။
အိုက်ခမန်းနှင့် ပတ်သက်သည့် ကောလာဟလများမှာ မှန်ကန်ခြင်း ရှိ၊ မရှိကို ဟာရယ်လ် တယောက် ဆုံးဖြတ်ရ ခက်နေသည်။ မော့ဆက်သည် ထိုနာဇီတရားခံ ရှိနေမည့် တည်နေရာကို ယခုထိ အတိအကျ စုံစမ်းဖော်ထုတ်နိုင် ဖြစ် နေ သေးသော်လည်း၊ အိုက်ခမန်းသည် ကူဝိတ်တွင် မဟုတ်ဘဲ အာဂျင်တီးနား တစ်နေရာရာတွင် ရှိနေလိမ့်မည်ဟု ဟာရဲလ်က အခိုင်အမာ ယုံကြည်ထားသည်။ ဟာရယ်လ်သည် သူ၏ ယုံကြည်နေမှုကို သက်သေ ပြနိုင်သည့် အထောက်အထား နှစ်ခုကိုသာ ဆွဲကိုင်ထားရသည်။
ပထမတစ်ခုမှာ ဆီဗီးယား ဟားမန်း သည် နစ်ခ် အိုင်ခမန်း အမည်ရှိ လူငယ်ကို အသေအချာ သိကျွမ်းနေခြင်း ဖြစ်သည်။ ထိုလူငယ်၏ အသက်နှင့် ရုပ်ရည်သွင်ပြင်မှာ အဒေါ့ဖ် အိုက်ခမန်း၏ သား အကြီးဆုံး နှင့် တထပ်တည်း ဖြစ် နေသည်။ သူမသည် ဗျူနိုအေးရိစ်မြို့ရှိ နစ်ခ်၏ အိမ်သို့ သွားရောက်လည်ပတ်ခဲ့ဖူးပြီး ထိုနေရာတွင် စစ်ရာဇဝတ်ကောင် အိုက်ခမန်းနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ရသည်ဟု ယုံကြည်နေသည်။
ဒုတိယ အထောက်အထားမှာ ဗီရာ အိုက်ခမန်း နှင့် သူမ၏ သားသုံးဦးသည် ၁၉၅၂ တွင် သြစတြီးယားရှိ ၎င်းတို့၏ နေအိမ်မှ ရုတ်တရက် ထွက်ခွာသွားခဲ့ခြင်းပင် ဖြစ်သည်။ မိသားစု တစုလုံး ခြေရာ ဖျောက်ဖျက်ပြီး ထွက်ပြေးတိမ်းရှောင်နေသည်မှာ ထင်ရှားလှပြီး ဗီရာနှင့် သူမ၏ သားများသည် အာဂျင်တီးနားသို့ လမ်းကြောင်းပြောင်း ပြီး ရောက်လာခဲ့ကြသည်။
ထိုအထောက်အထားများသည် အဒေါ့ဖ် အိုက်ခမန်း ရှိနိုင်မည့်နေရာကို ထိတ်တန်း လျှို့ဝှက်စုံစမ်းစစ်ဆေးမှု စတင်ရန်အတွက် အစ်ဆာ ဟာရယ်လ် အဖို့ လုံလောက်ပြီဟု ယူဆခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း တကယ်တမ်းတွင် အစ်ဆာ ဟာရယ်လ်သည် အိုက်ခမန်း၏ တည်နေရာနှင့် ပတ်သက်ပြီး ဘာကို ယုံကြည်ရတော့မည်မှန်း မသိနိုင်တော့ခြင်းပင် ဖြစ်သည်။ ထိုလူသတ်သမား ချန်ထားခဲ့သည့် ခြေရာလက်ရာများမှာ လုံးဝ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
**************
နောင်နှစ်ပေါင်းများစွာ ကြာပြီး နောက်တွင် အစ္စရေးအစိုးရသည် လျှို့ဝှက်ချက် ထိန်းသိမ်းထားရမည့် အဆင့်အတန်းကို ပယ်ဖျက်ပေးပြီး ဇာတ်ကြောင်း အပြည့်အစုံ ပြောခွင့်ပြုလာ ပေ လိမ့်မည်။ ထိုအခါတွင်တော့ အီဆာ ဟာရဲလ် က အဒေါ့ဖ် အိုက်ခ်မန်း ကို မလျှော့သော ဇွဲလုံ့လနှင့် မည်သို့မည်ပုံ လိုက်လံ ဖမ်းဆီးခဲ့သည် ဆိုသည်ကို ရေးသား ပေလိမ့်မည်။
သို့သော်လည်း အနည်းငယ် ချဲ့ကားပြောဆိုမှု များ တော့ ပါဝင်လာနိုင် ပေသည်။ ၁၉၅၇ ခုနှစ်တွင် ဖရစ်ဇ် ဘောင်ဝါ ဆီက ပထမဆုံး ရလာခဲ့သည့် သတင်းစကို စုံစမ်းစစ်ဆေးရန် ဘဏ္ဍာရေးအရရော၊ လူအင်အားပါ မလုံလောက်ခဲ့ သည့် အတွက် ဟာရဲလ်သည် လေးလလောက် စောင့်ဆိုင်းခဲ့ရသည်။
ထို့ နောက်တွင် တော့ ဗျူနိုအေးရိစ် မြို့ပြင်ရှိ အိုက်ခ်မန်း နေထိုင်သည်ဟု ယူဆရ သော 'ချာကာဘူကို လမ်း၊ အမှတ် ၄၂၆၁' ကို စုံစမ်းစစ်ဆေးရန် လူတယောက် စတင် စေလွှတ်ခဲ့သည်။
၎င်း လွှတ်လိုက် သော မောဆက် အေးဂျင့် အီမန်နျူရယ် တာလ်မော သည် လိပ်စာအတိုင်း လိုက်လံရှာဖွေပြီးနောက် တွေ့ရှိလိုက်ရသော နေအိမ်မှာ နန်းတော်ကဲ့သို့ ခမ်းနားထည်ဝါသည့် စံအိမ်ကြီးမဟုတ်ဘဲ နှစ်ထပ်တိုက်တန်းလျားရှိ တိုက်ခန်း မျိုး ဖြစ်နေသဖြင့် အံ့အားသင့်သွားရသည်။ ဂျာမန်အစိုးရရှေ့နေသည် အိုက်ခမန်း ရှိနေသည့်နေရာနှင့် ပတ်သက်၍ သူ၏ ယူဆချက် မှန်ကန်ကြောင်း သက်သေပြရန်အတွက် လျှို့ဝှက်သတင်းပေးသူမှာ လိုသာ ဟာမန်း ဖြစ်ကြောင်း အစ်ဆာ ဟာရဲလ် နှင့် မောဆက်အဖွဲ့ကို မပြောချင် ပြောချင်ဖြင့် ထုတ်ဖော်ပြော လိုက်ရသည်။
နှစ်လအကြာ ၁၉၅၈ ခုနှစ်၊ မတ်လတွင် အစ္စရေးအေးဂျင့်များသည် ချာကာဘူကို လိပ်စာရှိရာနေရာ၌ အိုက်ခမန်းကို ရှာဖွေရန် နောက်တစ်ကြိမ် ထပ်မံကြိုးပမ်းခဲ့ကြပြန်သည်။ သို့သော်လည်း အက်စ်အက်စ် (SS) လူသတ်သမား၏ အရိပ်အယောင်ကိုမျှ မတွေ့ရှိခဲ့ကြသဖြင့် အေးဂျင့် တာလ်မော ကောက်ချက်ချခဲ့သလိုပင် အိုက်ခမန်းကဲ့သို့ ဩဇာအာဏာရှိသည့် နာဇီတစ်ဦးသည် ဤကဲ့သို့ ဟောင်းနွမ်းစုတ်ပြတ်နေသော တိုက်ခန်းတွင် မည်သည့်အခါမျှ နေထိုင်မည်မဟုတ်' ဟု ယခင် အတိုင်း ကောက်ချက်ချ ခဲ့ကြပြန်သည်။
သို့သော်လည်း မော့ဆက်ဒ် အေးဂျင့်နှင့် အာဂျင်တီးနားတွင် အင်တာပို အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသော ရဲအရာရှိ တို့ သည် လိုသာ ဟာမန် (ပုံတွင် တွေ့ရသူ) နှင့် ဆက်သွယ်လိုက်ခြင်းဖြင့် စုံစမ်းစစ်ဆေးမှုကို နောက်တစ်ဆင့်သို့ တိုးမြှင့်လိုက်ကြသည်။ ၎င်းတို့နှစ်ဦးစလုံးသည် ဟာမန်တွင် အမြင်အာရုံမရှိသည်ကို သိလိုက်ရသောအခါ အလွန်အံ့အားသင့်သွားကြသလို၊ အဒေါ့ဖ် အိုက်ခ်မန်း ကို ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် အကျဉ်းစခန်းမှ လွတ်မြောက်လာသူတစ်ဦးဖြစ်ပြီး ဟာမန်သည် မိမိစရိတ် မိမိသုံးကာ အန္တရာယ်များကြားမှ ဆန္ဒပြင်းပြစွာ ဆောင်ရွက်နေမှုကိုလည်း အထူး အသိအမှတ် ပြုခဲ့ကြသည်။
အကယ်၍သာ အာဂျင်တီးနားတွင် လူမသိသူမသိ ပုန်းအောင်းနေထိုင်ကြသော နာဇီအုပ်စုများက ဟာမန်၏အမည်ကို သိသွားခဲ့ပါက ထိုမျက်မမြင် အမျိုးသား၏ အသက်အန္တရာယ်မှာ စိုးရိမ်ရမည်ဖြစ်သည်။ သို့သော်လည်း ဟာမန်သည် အိုက်ခ်မန်းရှိနေနိုင်သည့် နေရာနှင့်ပတ်သက်သော သူ၏ယူဆချက်ကို ထိခိုက်စေနိုင်သည့် အရေးကြီးသောအမှားတစ်ခုကို ပြုလုပ်မိခဲ့သည်။ ယခုထိတော့ ဟာမန်သည် စုံစမ်း စစ်ဆေးရာတွင် မိမိကိုယ်ကိုယ် အလွန်တော်သော စုံစမ်းစစ်ဆေးသူတစ်ဦးအဖြစ် သက်သေပြနိုင်ခဲ့သည်။ သူသည် သမီးဖြစ်သူ ဆီဗီးယား ၏ အကူအညီဖြင့် လာ ပလာတာ ပြည်နယ် မြို့တော်ရှိ မြေယာမှတ်တမ်းများကို အသေးစိတ် စေ့စေ့စပ်စပ် ရှာဖွေစစ်ဆေးထားနိုင်ခဲ့သည်။
စစ်ဆေး တွေ့ရှိချက်အရ ချာကာဘူကိုလမ်း အမှတ် ၄၂၆၁ ရှိ နေအိမ်အား တိုက်ခန်းနှစ်ခန်းအဖြစ် ခွဲခြားထားကြောင်း သိရှိခဲ့ရသည်။ အိမ်ရှင်မှာ စစ်ပြီးခေတ်နောက်ပိုင်း အာဂျင်တီးနားသို့ ရောက်ရှိလာသည့် ဖရန်စစ္စကို ရှမစ် အမည်ရှိ သြစတြီးယားလူမျိုး တစ်ဦးဖြစ်သည်။ ရှမစ်သည် အမှန်တကယ်တွင် ရေငုပ်သင်္ဘောဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး၊ ထိုအချက်သာ မှန်ကန်ပါက သူသည် အဆင့်မြင့်အရာရှိကြီးတစ်ဦး ဖြစ်နိုင်သည်ဟူသော ကောလာဟလ များ ဟာမန် က ကြားထားသည်။
ထိုအိမ်ရာကို ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ တိုက်ခန်းတစ်ခုစီတွင် ကိုယ်ပိုင်လျှပ်စစ်မီတာများ ရှိကြသည်။ လျှပ်စစ်မီတာခ ဘေလ်တစ်ခုကို ဒါဂိုတို အမည်ရှိ အိမ်ငှားထံသို့ ပေးပို့ပြီး၊ အခြားတစ်ခုကိုမူ ကလီးမန့် အမည်ရှိသူထံ ပေးပို့သည်။ ဤနေရာတွင် ဟာမန် အမှားအယွင်း တစ်ခု ပြုလုပ်ခဲ့မိသည်။ ဖရန်စစ္စကို ရှမစ်သည် သြစတြီးယား အနွယ်ဝင် ဆိုသည့် အချက်အပေါ် အခြေခံ၍ ရှမစ်သည် အဒေါ့ဖ် အိုက်ခ်မန်း သာ ဖြစ်ရမည်ဟု ဟာမန်က ကောက်ချက်ချလိုက်ခြင်း ဖြစ်သည်။ သို့သော် ရှမစ်၏ မှတ်ပုံတင်ကတ်ကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် သူသည် အဒေါ့ဖ် အိုက်ခ်မန်းနှင့် လုံးဝ မတူကြောင်း သိသာထင်ရှားနေပေသည်။