ဟော်မုဒ် ဖွင့်၍လည်း မြန်မာတွင် လောင်စာဆီ ဈေးနှုန်း ကျဆင်းလာဖွယ် မရှိ

by Hla Soewai - Apr 13 2026

အင်္ဂါနေ့နှောင်းပိုင်းက အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သည့်အတွက် တီဟီရန်အနေဖြင့် ရေနံတင်သင်္ဘောများနှင့် ကုန်တတင်သင်္ဘောများအတွက် ရေလက်ကြားကို ပြန်လည်ဖွင့်ပေးဖွယ်ရှိသော်လည်း၊ မြန်မာနိုင်ငံတွင်မူ စက်သုံးဆီစျေးနှုန်းများ လျင်မြန်စွာကျဆင်းရန် သို့မဟုတ် အလွန်အမင်းလိုအပ်နေသည့် မြေသြဇာ တင်သွင်းမှုများကို အာမခံချက်ရရှိရန်မှာ မဖြစ်နိုင်သလောက် ရှိနေသည် ဟု ဟောင်ကောင်ထုတ် South China Morning Post သတင်းစာက ယခုလို သုံးသပ်ထားသည်။

 

နိုင်ငံခြားသုံးငွေ လွန်စွာ ရှားပါးနေသော မြန်မာသည် အရှေ့အလယ်ပိုင်းဒေသမှ စွမ်းအင်နှင့် မြေသြဇာ ကို ရေလက်ကြား ဖွင့်ထားခိုက် အပြိုင် အဆိုင် စုဆောင်းရန် ကြိုးပမ်းနေသည့် အာရှနိုင်ငံများအကြား ဦးစားပေးအဆင့် တွင် နောက်ဆုံးနားသို့ ရောက်ရှိနေမည် ဖြစ်သည်။

 

မြေသြဇာဈေးနှုန်း မြင့်တက်လာခြင်းနှင့် စက်သုံးဆီ ခွဲတမ်းဖြင့်သာ ရောင်းချပေးခြင်းတို့ကြောင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်စွမ်းအားကို ထိခိုက်‌ နေသော်လည်း၊ မြန်မာနိုင်ငံတွင် ပြန်လည်ဖြည့်တင်းရန်အတွက် အရင်းအနှီး အလွန်နည်းပါးနေသည်။

 

မြန်မာ၏ အားအင် ကုန်ခန်းနေသော စီးပွားရေးအခြေအနေသည် စက်သုံးဆီအကျပ်အတည်းဒဏ်ကို အပြင်းအထန် ခံစားနေရပြီး၊ စိုက်ပျိုးရာသီ စတင်ချိန်မှာပင် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသည့် မြေသြဇာပြတ်လပ်မှုနှင့် လယ်ထွန်စက်များအတွက် စက်သုံးဆီ မဖြည့်တင်းနိုင်မှုတို့က နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံမှုကို ခြိမ်းခြောက်လျက်ရှိ နေသည်။

 

ပြည်တွင်းစစ်ဒဏ်နှင့် ထိန်းမနိုင်သိမ်းမရ ဖြစ်နေသော ငွေဖောင်းပွမှုဒဏ်တို့ကို အလူးအလဲ ခံစားနေရသည့်အပြင် လူဦးရေ၏ လေးပုံတစ်ပုံမှာလည်း စားနပ်ရိက္ခာ အလုံအလောက် မရှိမှုနှင့် ရင်ဆိုင်နေရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် စက်သုံးဆီစျေးနှုန်း ရိုက်ခတ်မှုနှင့် ယင်း၏ ဆက်စပ်အကျိုးသက်ရောက်မှုများကို ခံနိုင်ရည်ရှိရေး တွင် အလွန်အားနည်းနေပြီး အာရှတွင် စီးပွားရေး အပျက်စီးလွယ်ဆုံး နိုင်ငံများထဲတွင် ပါဝင်နေကြောင်း ပညာရှင်များက သတိပေးထားကြသည်။

 

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ သတိပေးချက်အရ စတင်ရန် ရှိနေသည့် စိုက်ပျိုးရာသီတွင် မြေသြဇာသုံးစွဲမှု ၅၀ ရာခိုင်နှုန်း လျော့ကျသွားပါက စိုက်ပျိုးရေး ထုတ်ကုန်ထွက်ရှိမှု ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း သိရသည်။

 

မနှစ်က ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သော ငွေဖောင်းပွမှုနှုန်းမှာ ယခုအခါ တစ်ကျော့ပြန် အရှိန်မြင့်လာပြန်ရာ နိုင်ငံအတွင်းရှိ အဆင်းရဲဆုံး လူတန်းစားများအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာနေသည်။

 

"အခြေခံ စားသောက်ကုန် စရိတ်တွေဟာ ၂၀ ရာခိုင်နှုန်းလောက် မြင့်တက်လာပါတယ်။ အဓိကအားဖြင့် ဆား၊ ဆန်နဲ့ စားအုန်းဆီ ဈေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်ပါတယ်” ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ကယ် ဒန်းဖို့ဒ်က ပြောကြားခဲ့သည်။

 

“အခြေအနေက ဆိုးရွားနေရာကနေ ပိုလို့တောင် ဆိုးလာနေပါတယ်။ စက်သုံးဆီ ခွဲတမ်းစနစ်ကြောင့် အခြေခံလူထုအပေါ် ဖိအားတွေ အများကြီး သက်ရောက်နေပါတယ်။ တစ်ရက်ခြားမှ ကားမောင်းခွင့်ရှိပြီး တစ်ပတ်ကို တစ်ရက် ဒါမှမဟုတ် နှစ်ရက်ပဲ ဆီဖြည့်လို့ရပါတယ်။ အဲဒီလို ဖြည့်တဲ့အခါမှာလည်း ဆိုင်ကယ်တစ်စီးကို ၂ လီတာခန့်နဲ့ ကုန်တင်ကားတစ်စီးကို ၁၅ လီတာလောက်အထိပဲ ကန့်သတ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

 

စီးပွားရေးမြို့တော် ရန်ကုန်နှင့် ဝေးကွာလေလေ “အခြေအနေ ပိုဆိုးလေလေ” ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားပြီး၊ ၄ နာရီကြာ တန်းစီရခြင်းမှာ ထုံးစံလိုဖြစ်နေကာ ယင်းက ကုန်ထုတ်စွမ်းအားကို ထိခိုက်စေကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရာသီအတွက် လယ်ယာမြေများ အမီပြင်ဆင်နေကြသည့် တောင်သူများအတွက် ပိုမိုထိခိုက်စေကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

 

မြန်မာနိုင်ငံ၏ ကံဆိုးမိုးမှောင်ကျမှုများကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျဆင်းလာမှုကို ဖော်ပြနေသည့် ကိန်းဂဏန်းအချက်အလက်များတွင် စိတ်ပျက်ဖွယ်ရာ တွေ့မြင်နေရသည်။

 

ပြည်သူများအတွက် စက်သုံးဆီ ဆိုးဆိုးရွားရွားပြတ်လပ်လာနေသော်လည်း စစ်တပ်သည် ဆီလက်ကျန်များကို စုဆောင်းထားပြီး ဆင့်ကဲဆင့်ကဲ ပေါ်ပေါက်လာနေသည့် အကျပ်အတည်းများကြောင့် အလူးအလဲခံနေရသည့် ပြည်သူများကို ကူညီပံ့ပိုးမည့်အစား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ပေါင်းစုံကို တိုက်ခိုက်ရမည်ဆိုသည့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်သာ ဦးစားပေးနေသည်။ အဆိုပါပြည်သူများသည် အာဏာသိမ်းမှု၊ ကပ်ရောဂါ၊ မနှစ်က ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ဘေးနှင့် လက်ရှိတွင် ဆီဆိုင်စျေးနှုန်း ၅၀ ရာခိုင်နှုန်းနှင့်အထက် မြင့်တက်သွားစေသည့် စက်သုံးဆီစျေးနှုန်း ရိုက်ခတ်မှုများအထိ အကျပ်အတည်းများကို တစ်ခုပြီးတစ်ခု ရင်ဆိုင်နေရခြင်းဖြစ်သည်။

 

မြန်မာသည် စက်သုံးဆီ ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပကနေ တင်သွင်းနေရပြီး ပြည်တွင်းတွင် ချက်လုပ် သန့်စင်နိုင်စွမ်း လုံးဝမရှိတာကြောင့် အခုအချိန်သည် အဆိုးရွားဆုံး ဖြစ်သည် ဟု သြစတြေးလျနိုင်ငံ ကာတင်တက္ကသိုလ် မှ မြန်မာနိုင်ငံရေး အထူးပြု အပြည်ပြည်ဆိုင်ရာ စီးပွားရေးဘာသာရပ် တွဲဖက်ပါမောက္ခ ထွေးထွေးသိန်းက ပြောကြားခဲ့သည်။

 

၎င်းက ဆက်လက်၍ “အရပ်သားတွေက ဓာတ်ဆီဝယ်ဖို့ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေရပေမဲ့ စစ်ကောင်စီကတော့ လေယာဉ်ဆီ အပါအဝင် ရှိသမျှ စက်သုံးဆီ အရန်အင်အားတွေကို စစ်ဆင်ရေးတွေဆီ လွှဲပြောင်းအသုံးပြု နေတာကြောင့် အကျပ်အတည်းကို ပိုမိုဆိုးရွားစေပါတယ်။ အရပ်သား နယ်မြေတွေအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကိုလည်း အဆက်မပြတ် လုပ်ဆောင်နေတယ်” ဟု ဆိုသည်။

 

၎င်းတို့ အခြေအနေ ကို ကောင်းစွာ သိရှိနားလည်ထားသည့် စစ်အုပ်စုသည် ဆီဆိုင်များတွင် ခွဲတမ်းစနစ်ကို ကမ္ဘာပေါ်၌ အစောဆုံး စတင်ကျင့်သုံးလာခဲ့သည်။

 

မြန်မာနိုင်ငံ၏ ပြည်တွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် အာဏာသိမ်းပြီးနောက်ပိုင်း ရပ်တန့်သွားခဲ့ပြီး နိုင်ငံတကာကုမ္ပဏီအများအပြား ပြန်လည်ထွက်ခွာသွားကြသည့်အတွက် ကမ်းလွန်လုပ်ကွက်များမှ ရင်းနှီးမြှုပ်နှံမှုများလည်း ဆုံးရှုံးခဲ့ရသည်။

 

“ဒါဟာ စွမ်းအင်အကျပ်အတည်းမဟုတ်ဘဲ နိုင်ငံရေးအကျပ်အတည်းသာဖြစ်တယ်ဆိုတာ ဘယ်လိုမှ မှားယွင်းစရာမရှိပါဘူး။ စစ်တပ်နဲ့ သူ့ကိုထောက်တိုင်လုပ်ပေးထားတဲ့ စနစ်ကသာ ပြဿနာဖြစ်ပြီး စက်သုံးဆီတွေ ဘယ်လောက်ပဲ တင်သွင်းတင်သွင်း အဲဒီအချက်ကို ပြောင်းလဲနိုင်မှာမဟုတ်ပါဘူး” ဟု ထွေးထွေးသိန်းက ပြောကြားခဲ့သည်ဟု ပါရှိသည်။

 

အိန္ဒိယနိုင်ငံတွင် ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦးတို့ကို မကြာသေးမီက ဖမ်းဆီးရမိခြင်းက တော်လှန်ရေး အင်အားစု များ အပြန်အလှန် ချိတ်ဆက်မှုများ ပိုမိုအားကောင်းလာပြီး စစ်တပ်ကို တိုက်ခိုက်ရန်အတွက် ဒရုန်းနည်းပညာဆိုင်ရာ လေ့ကျင့်မှုများ ရယူနေသည်ကို ညွှန်ပြနေသည်။

 

ထိုသို့ အခြေအနေများ တွင် မင်းအောင်လှိုင်သည် သမ္မတ တု အဖြစ် နိုင်ငံတကာ အသိုက်အဝန်းသို့ ခြေဖျားထောက် ခိုးကြောင် ခိုးဝှက် ဝင်ရောက်လာနေပြီ ဖြစ်သည်။

 

သမ္မတ တု မင်း‌ အောင်လှိုင်သည် တိုင်းပြည်စီးပွားရေးပိုင်း တွင် အဆိုးရွားဆုံး အချိန် နှင့် လာတိုး နေသော်လည်း ထိုသို့ တိုးနေမှန်းကို ရိပ်စားမိပုံ မရဘဲ ၎င်းတို့ အာဏာ ဆက်လက်ဆုပ်ကိုင်ထားနိုင်ရန် စိတ်ကြိုက် ခြယ်လှယ်ပုံဖျက် သွားဦးမည်သာ ဖြစ်သည်။

 

ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများဖြင့် ဆက်လက်ဖိနှိပ်နေပြီး၊ ဆိုးရွားလှသော လူနေမှုဘဝအခြေအနေများကို လျစ်လျူရှုထားသည့် အုပ်ချုပ်ရေးယန္တရား (သို့မဟုတ်) အစိုးရတစ်ရပ်သည် တရားဝင်မှု လုံးဝမရှိပါဟု ဂျပန် နိုင်ငံထုတ် မိုင်နိချိ ရှင်ဘွန်း သတင်းစာကြီး၏ အယ်ဒီဝာာ အာဘော်တွင် ရေးသားလာသည်။

 

ပြည်ပရောက် မြန်မာ နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် ပြည်သူတို့၏ စစ်အာဏာရှင် စနစ် အောက်မှ ရုန်းထွက်လိုသော စိတ်ဓာတ်ခွန်အား နှင့် ခံစားချက်ကို အသုံးချပြီး လက်ရှိအုပ်ချုပ်နေသော အတုအယောင် အဖွဲ့အား စိန်ခေါ်လာနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ အချိန်ကသာ စကားပြော လာလိမ့်မည်ဟု နီပေါ နိုင်ငံထုတ် ခတ္တမန်ဒူ ပို့စ် သတင်းစာတွင် ရေးသားထားသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!