နိုင်ငံ၏ လေးပုံသုံးပုံသည် ကုန်းတွင်းပိတ် ဖြစ်နေတဲ့ ပထဝီ အနေအထားကြောင့် ပင်လယ်ပြင်သည် ပို၍ အရေးပါလာရပါတယ်။ Asia Society ရဲ့ အစီရင်ခံစာထဲမှာ တရုတ်နိုင်ငံ မြောက်ပိုင်း လွင်ပြင်ဒေသများက လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများနဲ့ ပြန့်ကျဲနေပြီး ရိုးရာ လက်မှု လုပ်ငန်းများက လွဲပြီး စက်မှု ထွန်းကားတာ မရှိသေးဖူးလို့ ဆိုပါတယ်။ ရေစီးရေလာ မကောင်းတဲ့အတွက် ရေ တွေ မှာလည်း ဆားငံဓါတ်တွေ ပါနေတာ တွေ့ရပါတယ်။ လွင်တီးခေါင်လို ဖြစ်နေတဲ့ အတွက် ရာသီအလိုက် လေတိုက်နှုန်းကလည်း အတော်ကို ဆိုးဆိုးဝါးဝါး ခံနေရတဲ့ ဒေသများ ဖြစ်နေပြီး ဒီအတွက် မြေတိုက်စားခြင်း ရန်မှ ကာကွယ်ရန် လေအကာအကွယ် ရမယ့် သစ်ပင်တန်း တွေ စိုက်ပျိုးခဲ့ရပါတယ်။ တရုတ် မြောက်ပိုင်း လွင်ပြင် ဒေသများမှာ ဂျုံ၊ ဝါဂွမ်း၊ ဆေးရွက်ကြီး၊ မြေပဲ၊ တည်သီး နဲ့ အခြားရာသီပင်တွေ စိုက်ပျိုး လုပ်ကိုင် စားသောက်တာနဲ့ ဖူလုံနေပါတယ်။
တောင်တရုတ်ပင်လယ်ကို မြေပုံပေါ်မှာ ကြည့်လိုက်ရင်ပဲ တရုတ်အတွက် မဟာဗျူဟာအရ မည်မျှ အထိ အရေးပါနေတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ နှစ်စဉ်လို ဒေါ်လာ ၅ တြီလီယံ တန်ဖိုးရှိ ကုန်စည်တွေ တောင်တရုတ်ပင်လယ်ကို ဖြတ်သန်း ပို့ဆောင်နေကြပြန်ပါတယ်။ ထိုဒေသရဲ့ အရွယ်အစား၊ နိုင်ငံရေး နဲ့ စီးပွားရေး အရ မည်မျှအထိ တန်ဖိုးရှိတယ် ဆိုတာ ပေါ်လွင်နေတဲ့ အတွက် မည်သည့် အင်အားကြီး နိုင်ငံမဆို ဘူမိနိုင်ငံရေးအရ ဩဇာလွှမ်းမိုးလိုတာလည်း အဆန်းတကြယ်တော့ မဟုတ်ပါဘူး။ တရုတ်က ကမ္ဘာအင် အားကြီး နိုင်ငံ အဆင့်ကို မရောက်နိုင်သေးပေမယ့် ဖြစ်ချင်နေပါတယ်။ ဒီလို ဖြစ်နိုင်ဖို့က တောင်တရုတ် ပင်လယ်လို ဒေသမှာ ဩဇာရပ်ဝန်း ထူထောင်ထားနိုင်မှ ဖြစ်မယ်ဆိုတာ တရုတ်က သဘောပေါက်ထားပြီး တောင်တရုတ် ပင်လယ်တခုလုံးကို သူတို့ ပိုင် အဖြစ် ပြောဆိုလာရုံတင်မက အမေရိကန်တို့ ခြေရှုပ် နေတာကိုလည်း သူတို့ရဲ့ အချုပ်အခြာ အာဏာပိုင်စိုးမှုကို ချိုးဖေါက်နေတယ်လို့ စွပ်စွဲလာပြီ ဖြစ်ပါတယ်။
စစ်အေးတိုက်ပွဲကြီး အပြီးမှာ နေတိုးအဖွဲ့ဝင် နိုင်ငံ အရည်အတွက် များပြားလာတာကြောင့် ရုရှားရဲ့ ဩဇာ စက်ဝန်းက မဆိုသလောက်ဘဲ ကျန်ခဲ့တဲ့ အဖြစ်ကိုလည်း တရုတ်က တွေ့မြင်ထားပြီး ဖြစ်တာကြောင့် လမ်းကြောင်းအသစ်ထွင်ဖို့ ကြိုးစားလာပါတယ်။ အမေရိကန် ကနေ အမြဲလို ဝိုင်းပတ် ဟန့်တားလာနေတဲ့ အဖြစ်က ဖေါက်ထွက်ချင်တာလည်းဖြစ်ပါတယ်။
ဒီနေရာမှာ တိုင်ဝမ် အရေးကို နဲနဲတော့ ဘေးချိတ်ထားခဲ့ပါတယ်။ တိုင်ဝမ်ကို ကျူးကျော်ခဲ့လို့ ရှိရင် အနောက် အုပ်စုက ပိတ်ဆို့ ဒဏ်ခတ်လာဖို့ ရှိနေတာကြောင့် စီးပွားရေး အရ ထိခိုက်လာနိုင်မယ့် အလားအလာကို တွက်ချက်ထားခဲ့ပြီးလည်း ဖြစ်ပါတယ်။ ကရိုင်းမီးယားကို ရုရှားတွေ ကျူးကျော်ခဲ့တဲ့ အတွက် အနောက်အုပ်စု ရဲ့ ဒဏ်ခတ်တာ ခံနေရတာကိုလည်း လောလောလတ်လတ်ကြီး တွေ့ထားပါတယ်။
၂၀၁၄ ခုနှစ် အတွင်း ရုရှားတို့ ကရိုင်းမီးယားကို ကျူးကျော်သလို စစ်အင်အား သုံးပြီး တိုင်ဝမ်ကို အပြီးအပိုင် ဝင်ရောက်သိမ်းပိုက် နိုင်စွမ်းကလည်း ရှိနေပါတယ်။ သို့သော် သူတို့သည် ရုရှား မဟုတ်ဆိုတာလည်း သိထားပြန်ပါတယ်။ ရုရှားကတော့ သူတို့မှာ မရှိတဲ့ ရေနံ နဲ့ သဘာဝဓါတ်ငွေ့တွေ အလျံပယ် ရှိနေတဲ့အပြင် ဥရောပ တတိုက်လုံးနီးပါးက လည်း မှီခိုနေရပါတယ်။ တရုတ်အဖို့က ဒေသတွင်းမှာ သာ စီးပွားရေးအရ အကြီးဆုံး ဖြစ်နေပေမယ့် ကမ္ဘာအတိုင်းအတာ အရ အမေရိကန်ပြီးရင် ဒုတိယ နေရာမှာပဲ ရှိပါသေးတယ်။ အမေရိကန် နဲ့ အနောက် အုပ်စုကသာ ရုရှားကို လုပ်သလို အတိုင်းအတာမျိုးနဲ့ပဲ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်လာမယ် ဆိုရင် တောင့်ခံမထားနိုင်ပဲ ခွေကျသွားမှာကိုလည်း သိထားပါတယ်။ ဒီအခါကျရင် သူတို့ အိမ်မက်တွေ အကောင်အထည် ဖေါ်ဖို့ ဝေးသထက် ဝေးသွားတော့မယ့် အခြေအနေပါ။
လောလောဆယ်တော့ ဒါမျိုး အဖြစ်ကို မဖြစ်တဲ့ အခါကျမှသာ ရင်ဆိုင်တော့မယ်လို့ သဘောထား ခဲ့ကြသော်လည်း တောင်တရုတ်ပင်လယ်အပေါ် ထားတဲ့ သူတို့ ရည်မှန်းချက်ကိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် လုပ်တော့မယ် ဆိုပြီး ဦးစားပေး လာခဲ့ခြင်းဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်အတွင်းမှာပင် မက်မောလောက်စရာ ဟိုက်ဒရိုကာဘွန် နှင့် သဘာဝဓါတ်ငွေ့များက ပေါကြွယ်လျှက် ရှိနေပြီးလည်း ဖြစ်တဲ့အပြင် မြောက်ဖက်မှာရှိတဲ့ ပါရာဆယ် ကျွန်းစုများ နှင့် တောင်ဖက်ရှိ စပရက်လီ ကျွန်းစုများသည် သေးငယ်ပြီး အများစုက ကျောက်ဆောင် ကျောက်တန်းများသာ ရှိပါတယ်။
တရုတ်တို့အတွက် အရေးပါဆုံးက ထိုကျောက်ဆောင် ကျောက်တန်းတွေအောက်မှာ ရှိနေတဲ့ အရင်းအမြစ် တွေပဲ ဖြစ်ပါတယ်။ အရှေ့တောင် အာရှ နဲ့ အရှေ့အာရှ တဝိုက်ဟာ စီးပွားရေးအရ အချက်အခြာ ဖြစ်လာတာနဲ့ အမျှ စွမ်းအင်လိုအပ်ချက် က လာမယ့် ဆယ်စုနှစ်များ အတွင်းမှာပင် ထပ်ညွှန်းကိန်း တခုလို ဆင့်ပွား ပုံစံနဲ့ လိုက်တက်လာတော့မှာလည်း ဖြစ်ပါတယ်။ မိမိ၏ အိမ်တံခါးဝတွင်ပင် လိုသလောက် ရနိုင်ခြေရှိပါလျှက် နှင့် အဘယ်အတွက်ကြောင့်များ အနောက်နိုင်ငံများ နှင့် အရှေ့အလယ်ပိုင်းကို အားကိုးဖို့ လိုပေမည်နည်း။
အမေရိကန်ရှိ Energy Information Administration (EIA) ၏ ထုတ်ပြန်ချက်မှာ တောင်တရုတ် ပင်လယ်အတွင်း ရေနံစည် ပီပါပေါင်း ၁၁ ဘီလီယံ နှင့် သဘာဝဓါတ်ငွေ့ ကုဗပေ ၁၉၀ တြီလီယံ အထိ ရှိနေတယ်လို့ ရှာဖွေရထားသမျှ နဲ့ ရနိုင်ခြေရှိတဲ့ ပမာဏများကို စုပေါင်း တွက်ချက်ပြထားခဲ့ပါတယ်။ သမာရိုးကျ ဟိုက်ဒရိုကာဘွန် အများစုက အငြင်းပွားနေခြင်းမရှိတဲ့ နယ်မြေများအတွင်း ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အပြည့်အဝ ရှာဖွေတာတွေ မလုပ်ရတဲ့ နေရာတွေမှာလည်း နောက်ထပ် ရရှိနိုင်ပါသေးတယ်။ ၂၀၁၀ အတွင်း ကမ္ဘာရေနံ အရင်းအမြစ်များ ဆန်းစစ်ရေး ပရိုဂျက် မှာ ပါဝင်ခဲ့တဲ့ U.S. Geological Survey (USGS) ရဲ့ ခန့်မှန်းချက်အရ ဆိုရင် ရှာဖွေနိုင်ခြင်း မရှိသေးတဲ့ အပိုင်းတွေမှာ ရေနံစည်ပီပါ ၅ ဘီလီယံ နဲ့ ၂၂ ဘီလီယံ အကြားနဲ့ သဘာဝ ဓါတ်ငွေ့ဆိုရင် ကုဗပေ ၇၀ နဲ့ ၂၉၀ တြီလီယံ အကြား ရှိနေနိုင်တယ်လို့ ခန့်မှန်းခဲ့ကြောင်း သိရပါတယ်။ ဒီခန့်မှန်းချက် ထဲမှာ ထိုင်းပင်လယ်ကွေ့ နဲ့ တောင်တရုတ်ပင်လယ်နဲ့ ထိစပ်နေတဲ့ အပိုင်းတွေ မပါသေးဘူးလို့ ဆိုပါတယ်။ ဒီအတွက် USGS ရဲ့ ခန့်မှန်းချက်က ဒေသတခုလုံး နည်းပါး ကို တွက်ချက်ခဲ့တာ မဟုတ်သေးပါဘူး။
အဲ့ဒီအချိန်မှာ ဒီပမာဏတွေကိုသာ တိုင်းတာ တွက်ချက် ပြခဲ့ပေမယ့် စီးပွားဖြစ်ထွန်းလောက်အောင် တူးဖေါ်နိုင်ခြေရှိမရှိကို သဲသဲကွဲကွဲ မသိနိုင်သေးတာကြောင့် ထည့်သွင်း မစဉ်းစားခဲ့ကြဖူးလို့ ဆိုပါတယ်။
၂၀၁၂ နိုဝင်ဘာလထဲမှာတော့ Chinese National Offshore Oil (CNOC) က သူတို့ရဲ့ တိုင်းတာ တွက်ချက်မှု ကို ထုတ်ပြန်လာခဲ့ပါတယ်။ ဒီအထဲမှာ ရေနံစည် ပီပါပေါင်း ၁၂၅ ဘီလီယံ နဲ့ ညီမျှတဲ့ ရေနံ ပမာဏ ရှိနေပြီး သဘာဝဓါတ်ငွေ့ ပိုင်းမှာ ကုဗပေ တြီလီယံ ၅၀၀ အထိ ရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။
တရုတ်ပြည်သည် အမေရိကန် ပြည်ထောင်စုလို သမုဒ္ဒရာ နှစ်စင်းကို မျက်နှာမူထားခြင်း မျိုး မရှိပါဘူး။ တရုတ်ဖို့ ပင်လယ်ပြင်တခုသာ မျက်နှာမူထားရပြီး သုံးဖက်သုံးတန်က တောင်တန်းကြီးများ နဲ့ ကာရံခြင်း ခံထားရပါတယ်။ ဒီအတွက် တရုတ် က အနောက်အုပ်စု နဲ့ အမေရိကန် ကို အမှီပြုနေရဆဲ ဖြစ်သော်လည်း တဖက်က အာဖရိကရဲ့ ပေါကြွယ်လှတဲ့ သဘာဝအရင်းအမြစ်တွေကို နှိုက်ထုတ်နိုင်ဖို့ ကြံစည်လာပါတယ်။ တရုတ်က သူတို့ စီးပွားရေး မှာ တောင်တရုတ် ပင်လယ်ပြင်အောက်က ထွက်သမျှ ကို ပုံအောမထားချင်တာကြောင့်လည်း အာဖရိကကို ချဲ့ထွင်ဖို့ ကြံလာပါတယ်။ ဒီအတွက် အာဖရိကမှာ အကြီးအကျယ် ရင်းနှီးမြုပ်နှံလာခဲ့ပါတယ်။
တောင်တရုတ်ပင်လယ် တခုလုံး ကို ထိန်းချုပ်ထားနိုင်ရေး အတွက် ဦးစားပေး အဆင့် ထားပြီး အောင်မြင်သွားခဲ့ရင် အာဖရိက ကို အခုလို ဩစတေးလျ ဖက်မှ ကွေ့ဝိုက်ပြီး သွားနေစရာ မလိုတော့ပဲ အမြန်ဆုံး လမ်းကြောင်းနဲ့ ရောက်ရှိနိုင်မှာလည်း ဖြစ်တာမို့ ကုန်ကျစရိတ် အပိုင်းအပါအဝင် အဖက်ဖက် က အကျိုးရှိလာမှာလည်း ဖြစ်ပါတယ်။
တောင်တရုတ် ပင်လယ်လမ်းကြောင်းသည် တရုတ်အတွက် ခေတ်သစ် ပိုးလမ်းမကြီး ဖြစ်လာခဲ့ရပါတယ်။ ဒီအတွက် တရုတ် အနေနဲ့ ၎င်းတို့ရဲ့ ရင်းနှီးမြုပ်နှံထားမှုတွေကို ကာကွယ်ဖို့၊ ထိန်းချုပ်နိုင်ဖို့၊ လိုအပ်သလို ပြန်လည် နေရာချထားနိုင်ဖို့၊ အနာဂတ်မှာလည်း ဆက်လက် ပါဝင်နေနိုင်ဖို့ ဘာပဲလုပ်ရ လုပ်ရ လုပ်တော့မှာလည်း ဖြစ်ပါတယ်။
တောင်တရုတ် ပင်လယ်ကို ထိန်းချုပ်ထားနိုင်မှသာ အာဖရိကရဲ့ သဘာဝ အရင်းအမြစ် တွေနဲ့ ပိုပြီး နီးနီးစပ်စပ် ရှိလာနိုင်မှာ ဖြစ်ပြီး အရင်ကထက်လည်း ပိုပြီး လက်လှမ်းမှီလာနိုင်တော့မှာ ဖြစ်ပါတယ်။
၂၀၁၅ အတွင်းမှာ တရုတ်က အာဖရိက မှာ ဒေါ်လာ ၆၀ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားဖို့ ကတိပေးခဲ့ပြီး ဖြစ်ပါတယ်။ အာဖရိက နိုင်ငံများကိုလည်း တရုတ်ရဲ့ အရေးပါဆုံး ကုန်သွယ်ရေး ပါတနာ များ အဖြစ် သဘောထား ဆက်ဆံလာခဲ့ပြီး အမေရိကန် ပြည်ထောင်စု နေရာ ဝင်ယူဖို့ လုပ်လာခဲ့ပါတယ်။
အာဖရိကရှိ ရင်းနှီးမြုပ်နှံမှု အများဆုံးကတော့ အခြေခံ အဆောက်အအုံပိုင်း ဖွံ့ဖြိုးရေး အတွက် ဖြစ်ပြီး အပြန်အလှန် အနေနဲ့ အာဖရိက တိုက်ရဲ့ တွင်းထွက် ပစ္စည်းတွေကို ရယူသွားမှာလည်း ဖြစ်ပါတယ်။ ဒီအတွက် တရုတ်အား ကိုလိုနီ လက်သစ်ကြီးလို့ စွပ်စွဲလာခဲ့ကြပါတယ်။ တရုတ်ကတော့ အနောက် နိုင်ငံများက ကိုလိုနီ နယ်မြေ ချဲ့ထွင်ခဲ့စဉ်တုန်းက လုပ်ခဲ့သလို မိမိတို လုပ်ခဲ့ခြင်း မရှိကြောင်း ပြန်လည် ချေပလာခဲ့ပါတယ်။
ဆက်လက်ပြီး တောင်တရုတ် ပင်လယ်သည် အမေရိကား အတွက် အဘယ်အတွက် အရေးပါနေရသလဲ ဆိုတာ ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။