ကျောက်ကျိယန် ၏ အဆိုအရ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဟူယောင်ပန်းအပေါ် တိန့်ရှောင်ဖိန်၏ ယုံကြည်မှု လျော့နည်းလာခြင်းမှာ တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ အကြောင်းရင်းမှာ ဟုယောင်ပန်းသည် ပေါ်ထွန်းစ ပြုလာနေသော လစ်ဘရယ် ပြုပြင်ပြောင်းလဲရေး လားရာများကို ကိုင်တွယ်ဖြေရှင်းရန် အလွန်အမင်း ပျော့ညံ့လွန်းသည်ဟု တိန့် ရှောင်ဖိန် က ယူဆသောကြောင့် ဖြစ်သည်။
ကျောက်ကျိယန် (ပုံတွင် ပါသူ) က တိန့် ရှောင်ဖိန် နှင့် ဟူယောင်ပန်း တို့သည် "အရင်းရှင်လစ်ဘရယ်ဝါဒ" နှင့် ပတ်သက်၍ "သဘောထားကွဲလွဲမှုများ" ရှိခဲ့ကြပြီး၊ ၎င်းတို့၏ ဆက်ဆံရေး ပျက်ပြားသွားခြင်းမှာ "မလွဲမသွေ ဖြစ်လာမည့်အရာ" ဟု ယုံကြည်ခဲ့သည်။
၁၉၈၁ ခုနှစ် ဇူလိုင်လလောက်ကပင် တိန့် ရှောင်ဖိန် သည် လစ်ဘရယ် အတတ်ပညာရှင်များကို နှိမ်နင်းရန် ဟူယောင်ပန်း၏ ငြင်းဆန်မှုအပေါ် စိတ်ပျက်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ဟူယောင်ပန်း တာဝန်ယူထားသည့် ပါတီ၏ "သီအိုရီပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များ" သည် "ပေါ့လျော့ပြီး ပျော့ညံ့လွန်းသည်" ဟု ဝေဖန်ခဲ့သည်။
၁၉၈၃ ခုနှစ် အောက်တိုဘာလတွင် တိန့်က "ဝိညာဉ်ရေးရာ ညစ်ညမ်းမှု ဆန့်ကျင်ရေး" ကို မစတင်မီကပင် ၎င်းတို့ကြားရှိ အက်ကြောင်းမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။ အတတ်ပညာရှင်များကြားတွင် လစ်ဘရယ်ဆန်သော လားရာများ ကြီးထွားလာမှုကို လျစ်လျူရှုထားသည်ဟုဆိုကာ တိန့် ရှောင်ဖိန်က ဟူယောင်ပန်းကို အပြစ်တင်ခဲ့သည်။ ၁၉၈၃ ခုနှစ် အကုန်တွင် တိန့် ရှောင်ဖိန်သည် အဆိုပါ လှုပ်ရှားမှုကို မကျေမနပ်ဖြင့် ရပ်တန့်လိုက်သော်လည်း၊ ထိုလှုပ်ရှားမှုအပေါ် ဟူယောင်ပန်း၏ သိသာထင်ရှားသော ဆန့်ကျင်မှုမှာ "၎င်းတို့နှစ်ဦးကြားက ပဋိပက္ခကို ပိုမိုဆိုးရွားစေခဲ့သည်" ဟု ကျောက်ကျိယန်က ယူဆသည်။
ကျောက်ကျိယန်၏ အကဲခတ်ချက်အရ တိန့်သည် ၁၉၈၆ ခုနှစ် (သို့မဟုတ် ထိုထက်စော၍) တွင် ဟူယောင်ပန်းကို ရာထူးမှ ဖယ်ရှားရန် ဆုံးဖြတ်ပြီးသား ဖြစ်နေခဲ့သည်။ ၁၉၈၆ ခုနှစ် နွေရာသီတွင် တိန့် ရှောင်ဖိန်က ဝါရင့်တော်လှန်ရေးသမား တစ်စုအား သီးသန့်ပြောကြားရာ၌ ဟူယောင်ပန်းကို ရွေးချယ်ခဲ့မိခြင်းမှာ အမှားကြီး မှားခဲ့ကြောင်းနှင့် ၁၉၈၇ ခုနှစ်တွင် ကျင်းပမည့် (၁၃) ကြိမ်မြောက် ပါတီညီလာခံတွင် ဟူယောင်ပန်းသည် ပါတီအကြီးအကဲအဖြစ် ဆက်ရှိတော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
တစ်နည်းအားဖြင့်ဆိုသော် ဟူယောင်ပန်းအား တရားဝင် ရာထူးမှ မဖယ်ရှားမီ လပေါင်းများစွာ ကတည်းက သူ၏ နိုင်ငံရေး ကံကြမ္မာမှာ အဆုံးအဖြတ် ပေးပြီးသား ဖြစ်နေခဲ့သည်။
ဟူယောင်ပန်း ကို ရာထူးမှ ဖယ်ရှားရန် ဆုံးဖြတ်ချက်ကို တိန့် ရှောင်ဖိန် အနေဖြင့် ကွန်ဆာဗေးတစ် ရှေးရိုးစွဲ သမားများ၏ တိုက်တွန်းမှု သို့မဟုတ် ဖိအားပေးမှု တစုံတရာ မပါဘဲ မိမိဘာသာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သော်လည်း၊ ဤလုပ်ရပ်သည် ဟူယောင်ပန်းကို ဖယ်ရှားပစ်ရန် ကြံစည်နေကြသည့် သဘောထားတင်းမာသူ များအတွက်မူ များစွာ ဝမ်းမြောက်စရာ ဖြစ်ခဲ့ပေသည်။
၁၉၈၇ ခုနှစ် ဇန်နဝါရီလတွင် ဟူယောင်ပန်းကို ရာထူးမှ ဖယ်ရှားပြီးနောက် တိန့်ရှောင်ဖိန်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် "အရင်းရှင်စနစ် လွတ်လပ်ခွင့် ဆန့်ကျင်ရေး" လှုပ်ရှားမှုကို စတင်ခဲ့သည်။ ယင်းကိစ္စသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို နောက်ကြောင်းပြန်လှည့်ရန် ကြိုးစားနေသည့် ရှေးရိုးစွဲသမားများအတွက် နောက်ထပ် ရွှေရောင်အခွင့်အလမ်းသစ်တစ်ရပ် ဖြစ်လာစေခဲ့သည်။
တိန့်ရှောင်ဖိန်က လွတ်လပ်စွာ တွေးခေါ် ရေးအပေါ် နှိပ်ကွပ်မှုကို အတွေးအခေါ်ပိုင်းဆိုင်ရာ နယ်ပယ်တွင်သာ ကန့်သတ်ထားလိုသော်လည်း၊ ရှေးရိုးစွဲသမားများကမူ ထိုနှိပ်ကွပ်မှုကို ယဉ်ကျေးမှု၊ ပညာရေး၊ သိပ္ပံနှင့် သာမန်ပြည်သူတို့၏ လူနေမှုဘဝများအထိပါ ဆန့်ထုတ် နိုင်အောင် ကြိုးပမ်းခဲ့ကြသည်။ ဤနှိပ်ကွပ်မှုများသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအပေါ် ချက်ချင်းဆိုသလို အေးစက်တုံ့ဆိုင်းသွား စေခဲ့သည်။ နိုင်ငံပိုင်လုပ်ငန်း (SOEs) များရှိ မန်နေဂျာများကို လုပ်ပိုင်ခွင့် အာဏာခွဲဝေပေးသည့် စမ်းသပ်မှုများ ရပ်တန့်သွားခဲ့ပြီး၊ ၁၉၈၇ ခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များမှာလည်း ထိုးဆင်းသွားခဲ့လေသည်။
ရှေးရိုးစွဲဝါဒီများ၏ ပြင်းထန်သော တုံ့ပြန်မှုကို ခုခံရန်နှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ကယ်တင်ရန်အတွက် ကျောက်ကျိယန်သည် ၁၉၈၇ ခုနှစ် ဇန်နဝါရီလတွင် အဆင့်မြင့်အရာရှိကြီးများအား ပါတီအနေဖြင့် ဘက်စုံပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒဆိုင်ရာ မူဝါဒများကို ပြောင်းလဲမည်မဟုတ်ကြောင်း ကြေညာခဲ့ရုံသာမက၊ "လက်ဝဲစွန်း" ဝါဒီများ၏ လွန်ကဲမှုများနှင့် အပြစ်မဲ့သူများကို ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များကိုလည်း သတိပေးခဲ့သည်။
ဧပြီလနှောင်းပိုင်းတွင် ၎င်းသည် တိန့်ရှောင်ဖိန် ထံ သီးသန့်သွားရောက်၍ "တချို့လူတွေဟာ 'အရင်းရှင်လွတ်လပ်ခွင့်ဝါဒ ဆန့်ကျင်ရေး' လှုပ်ရှားမှုကို အသုံးချပြီး ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒကို ထိုးနှက်ဖို့ ကြိုးစားနေကြတယ်" ဟု သတိပေး တင်ပြခဲ့သည်။ ဤသည်ကို ကြားသိရသောအခါ စိုးရိမ်မကင်းဖြစ်သွားသော တိန့်ရှောင်ဖိန်က ရှေးရိုးစွဲဝါဒီများကို တန်ပြန်တိုက်စစ်ဆင်မည့် မိန့်ခွန်းကြီးတစ်ရပ် ပြောကြားရန် ကျောက်ကျိယန်၏ အဆိုပြုချက်ကို ချက်ချင်းပင် ထောက်ခံအားပေးခဲ့သည်။
ထို့နောက် မကြာမီမှာပင် ကျောက်ကျိယန်သည် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတစ်ခုတွင် သူ၏ ကျော်ကြားလှသော "မေလ ၁၃ ရက် မိန့်ခွန်း" ကို ပြောကြားခဲ့ပြီး၊ အဆိုပါမိန့်ခွန်းသည် အရင်းရှင် လွတ်လပ်ခွင့်ဝါဒ ဆန့်ကျင်ရေးလှုပ်ရှားမှုကို ထိရောက်စွာ အဆုံးသတ်စေခဲ့သည်။
၁၉၈၇ ခုနှစ် ဇန်နဝါရီလတွင် ဟူယောင်ပန်း ရာထူးမှ ပြုတ်ကျသွားခြင်းသည် လစ်ဘရယ်ပြုပြင်ပြောင်းလဲရေးသမားများအတွက် သေလုမတတ် ပြင်းထန်သော ထိုးနှက်ချက်တခု ဖြစ်သွားခဲ့သည်။ ၎င်းတို့သည် လွတ်လပ်ခွင့်ရရေးအတွက် အားကိုးရသော ဩဇာတက္ကိမ ရှိသူ တဦးကို ဆုံးရှုံးလိုက်ရရုံသာမက၊ ပို၍အရေးကြီးသည်မှာ ဟူယောင်ပန်း ဖယ်ရှားခံရမှုသည် သဘောထားတင်းမာသည့် အုပ်စုကို များစွာ အင်အားတောင့်တင်းသွားစေခဲ့သည်။
ပါတီ အကြီးအကဲ ရာထူးအတွက် သင့်တော်သည့် ကိုယ်စားလှယ်လောင်း မရှိသေးသောကြောင့် တိန့်ရှောင်ဖိန် က ဟူယောင်ပန်း၏ နေရာတွင် အစားထိုးရန် ကျောက်ကျိယန် ကို ခန့်အပ်ခဲ့သည်။ ထိုသို့ ခန့်အပ်လိုက်ခြင်းကြောင့် လီဖန်း သည် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် ရာထူးသို့လည်းကောင်း၊ ယောက်ယီလင်း သည် အမှုဆောင် ဒုတိယဝန်ကြီးချုပ် ရာထူးသို့လည်းကောင်း အသီးသီး တိုးမြှင့်ခံခဲ့ရသည်။
စီးပွားရေးအပေါ်တွင် ကြီးမားသော ဩဇာအာဏာကို ကိုင်စွဲထားနိုင်သည့် ထိုသဘောထားတင်းမာသူ နှစ်ဦးသည် ထိုနှစ်ဆောင်းဦးပေါက်တွင် ကျင်းပသည့် (၁၃) ကြိမ်မြောက် ပါတီညီလာခံတွင် ပါတီ၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်သော ပိုလစ်ဗျူရို အမြဲတမ်းကော်မတီ အဖွဲ့ဝင်များအဖြစ်သို့လည်း တိုးမြှင့်ခြင်း ခံခဲ့ရသည်။
ရဲတင်း လာသော ကွန်ဆာဗေးတစ် ရှေးရိုးစွဲ အုပ်စုသည် မကြာမီမှာပင် ကျောက်ကျိယန် ကို ပစ်မှတ်ထားလာကြသည်။ အကြောင်းမှာ ကျောက်ကျိယန်သည် တိန့်ရှောင်ဖိန် ၏ ထောက်ခံမှုကို အားပြု၍ ပြုပြင်ပြောင်းလဲရေးအပေါ် ကွန်ဆာဗေးတစ်တို့၏ တန်ပြန်တိုက်စစ်ဆင်မှုကို ဟန့်တားခဲ့သောကြောင့် ဖြစ်သည်။
ထို့အပြင် ကျောက်ကျိယန်သည် ရှေးရိုးစွဲအမာခံ ပုဂ္ဂိုလ်ဖြစ်သူ တိန့်လီကွန်း ထိန်းချုပ်ထားသော ဗဟိုအတွင်းရေးမှူးရုံး၏ သုတေသနဌာနကို ဖျက်သိမ်းပစ်ခဲ့ရာ အမာခံလူဟောင်းများပို၍ပင် ဒေါသထွက်လာခဲ့သည်။ ထိုသို့ဖျက်သိမ်းလိုက်ခြင်းသည် တိန့်လီကွန်းအတွက် ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်သည့် အယူဝါဒရေးရာ လှုပ်ရှားမှုများ ဖော်ဆောင်ရန် ခြေကုပ်ယူထားသည့် နယ်မြေကို ရိုက်ချိုးပစ်လိုက်သလို ဖြစ်သွားခဲ့သည်။
ကျောက်ကျိယန် ဦးဆောင်သော အင်အားနည်းပါးလာသည့် လစ်ဘရယ်အုပ်စုနှင့် ကွန်ဆာဗေးတစ်အုပ်စုတို့အကြား ဆက်ဆံရေးမှာ အလွန်တရာ တင်းမာလာခဲ့သည်။ ၁၉၈၇ ခုနှစ် အောက်တိုဘာလတွင် ကျင်းပသော (၁၃) ကြိမ်မြောက် ပါတီကွန်ဂရက်၌ ကျောက်ကျိယန်က အဓိကမိန့်ခွန်း ပြောကြားနေစဉ်အတွင်း ရှေးရိုးစွဲအုပ်စု၏ ထိပ်သီးခေါင်းဆောင်နှင့် တိန့်လီကွန်း၏ ကျောထောက်နောက်ခံပြုသူဖြစ်သော ချန်ယွန်း သည် စင်ပေါ်မှ ထ ထွက်သွားခဲ့သည်။ ၎င်းသည် ကျောက်ကျိယန်အပေါ် သဘောမကျ ကြောင်း လူအများရှေ့တွင် ဗြောင်ကျကျနှင့် တွက်ချက်လုပ်ဆောင်ခဲ့သော ပြကွက်တစ်ခုပင် ဖြစ်သည်။
သို့သော်လည်း ဟူယောင်းပန်း ရာထူးမှ ပြုတ်ကျသွားခြင်းသည် တိန့်ရှောင်ဖိန် အတွက်လည်း နိုင်ငံရေးအရ အင်အားချည့်နဲ့သွားစေခဲ့သည်။ အကြောင်းမှာ တိန့် ရှောင်ဖိန် သည် ၎င်း၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်များကို တွန်းအားပေးရန်အတွက် ပါတီအတွင်းရှိ 'လစ်ဘရယ်' အစုအဖွဲ့ အပေါ်တွင်သာ မှီခိုနေရခြင်းကြောင့် ဖြစ်သည်။
ယခုအခါတွင်မူ တိန့်၌ ရှေးရိုးစွဲဝါဒီ များကို တန်ပြန်ရန်အတွက် ကူညီပေးမည့် အားကိုးရသော မဟာမိတ် အားနည်းသွားခဲ့ပြီ ဖြစ်သည်။ ၁၉၈၇ ခုနှစ်၊ ဇန်နဝါရီလမှ ၁၉၈၉ ခုနှစ်၊ ဧပြီလတွင် ဖြစ်ပွားခဲ့သော တီယန်နန်မင် ဒီမိုကရေစီအရေးတော်ပုံကြီး မတိုင်မီအထိ တိန့် ရှောင်ဖိန်သည် မည်သည့် ကြီးမားကျယ်ပြန့်သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုကိုမျှ ရှေ့ဆက်မတိုးနိုင်ခဲ့ပေ။
ကျောက်ကျိယန် အဆိုပြုခဲ့သည့် တရုတ်နိုင်ငံ ကမ်းရိုးတန်းတစ်လျှောက် ပို့ကုန်ဦးစားပေး စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည့် မဟာဗျူဟာသည်လည်း တိန့် ရှောင်ဖိန် ၏ ထောက်ခံမှုရှိနေသော်လည်း လက်တွေ့တွင် ပေါ်လစီအဖြစ် ပေါ်ပေါက်မလာခဲ့ပေ။ ထို့ပြင် ၁၉၈၈ ခုနှစ်၊ နွေရာသီနှောင်းပိုင်းတွင် တိန့် အတင်းအကျပ် အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့သည့် 'ကုန်ဈေးနှုန်း ပြုပြင်ပြောင်းလဲမှု' သည်လည်း ငွေကြေးဖောင်းပွမှု အကျပ်အတည်းကိုသာ ဖြစ်ပေါ်စေခဲ့သည်။ ယင်းအခြေအနေကြောင့် ကျောက်ကျိယန် ၏ လုပ်ပိုင်ခွင့်အာဏာ ကျဆင်းသွားခဲ့ရပြီး ရှေးရိုးစွဲဝါဒီများအနေဖြင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို နောက်ပြန်ဆွဲမည့် စီမံချက်များကို အကောင်အထည်ဖော်ရန် အခွင့်အရေး ရရှိသွားစေခဲ့သည်။